ထားဝယ်မြို့က သုံးဘီးသမား ကိုမင်းမင်းတစ်ယောက် လူသူရှင်းတဲ့ လမ်းဘေးတစ်နေရာမှာ သုံးဘီးကို ရပ်လိုက်ပါတယ်။
ဒါက ညနေစောင်းချိန်တိုင်း မပျက်မကွက် လုပ်လေ့ရှိတဲ့ ကိုမင်းမင်းရဲ့ ဘတ်ငွေပြောင်းရေး လုပ်ငန်းစဉ်အတွက်ပါ။
ဘတ်ငွေဆိုတာက အမျိုးသားတွေနဲ့ ရင်းနှီးတဲ့ အသုံးအနှုန်းတစ်ခုပါပဲ။
မရင်းနှီးတဲ့သူတွေက ထိုင်းနိုင်ငံသုံးငွေကြေးလို့ ထင်နိုင်ကြပေမဲ့ အမျိုးသားတွေကြားမှာတော့ ဘတ်ငွေလို့ပြောလိုက်ရင် တိတ်တိတ်ကလေး ဖယ်ထားတဲ့ ကိုယ်ပိုင်ငွေကြေးဆိုတာ သိကြပါတယ်။
ကိုမင်းမင်းတစ်ယောက် သုံးဘီးရပ်ပြီးတာနဲ့ အိတ်ကပ်ထဲက ငွေစက္ကူတွေကိုရေတွက်ပြီး အချို့ကိုတော့ သေးသေးလေးတွေဖြစ်အောင် ခေါက်ချိုးနေတာက ငွေပဒေသာပင်လုပ်တဲ့ သူထက်တောင် ပိုကျွမ်းကျင်နေပါသေးတယ်။
သေချာခေါက်ထားတဲ့ ငွေစက္ကူတွေကို သုံးဘီးအမိုးပေါ်က ဇစ်တပ်ထားတဲ့ အိတ်တွေ၊ ပိုက်ဆံအိတ်ထဲက အိတ်သေးသေးလေးတွေထဲ ထည့်တော့တာပဲ။
ဒါက သူ့အတွက် ဘတ်ငွေထွက်အောင် နေ့စဉ်လုပ်နေရတဲ့ အလုပ်တစ်ခုဖြစ်ပြီး တစ်နေ့တာဝင်ငွေကို အိမ်ကမိန်းမ မသိအောင် သေးသေးလေးတွေဖြစ်အောင် ခေါက်ပြီးမှ ဝှက်ထားတာပါ။
ကိုမင်းမင်းလို သုံးဘီးသမားတွေရဲ့ ဝင်ငွေက ပုံသေတွက်လို့မရပါဘူး။
ခရီးသည်အရများတဲ့ရက်ဆို တစ်နေ့သုံးသောင်းလောက်က အသာလေးပါ။
ဒီလိုဝင်ငွေကောင်းတဲ့နေ့ဆို တစ်သောင်းလောက်ကိုပဲ အိမ်ကိုပေးပြီး ကျန်ငွေတွေကိုတော့ ဘတ်ငွေအဖြစ်ချန်ထားလေ့ရှိတယ်။
ဒီလိုလုပ်တာကလည်း ခရီးသည်အရနည်းတဲ့နေ့တွေဆို ဘတ်ငွေထဲကပဲ ပြန်ဖြည့်ပြီး အိမ်စရိတ်အပြည့် ပေးလို့ရအောင် ရည်ရွယ်တာလို့ သူကပြောပါတယ်။
ခရီးသည်မရတဲ့ရက်တွေဆို တစ်သောင်းပတ်ချာပဲရတော့ ဆီဖိုး၊ လက်ဖက်ရည်ဖိုးနှုတ်ပြီးရင် လက်ထဲကကျပ်ငါးထောင် ကျန်နေဖို့က မသေချာဘူးလေ။
“ဒီလိုလုပ်တာက အိမ်ကို နေ့တိုင်းပုံမှန်ပေးဖို့အတွက် လုပ်ရတာပါ။ ငွေမရတဲ့နေ့ဆို နားပူသက်သာတာပေါ့”လို့ ကိုမင်းမင်းက ပြောပါတယ်။
အိမ်က မိန်းမကို ဈေးဖိုးနေ့တိုင်းပေးနိုင်အောင် ဘတ်ငွေလုပ်ကြသလိုပဲ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ဆုံပြီး သောက်စားဖို့အတွက်လည်း ပါတာပေါ့လေ။
ကိုမင်းမင်းလိုပဲ ပုံသေဝင်ငွေမရှိတဲ့ အလုပ်လုပ်သူတွေက ငွေပိုရတဲ့နေဆို ဘတ်ငွေပြောင်းထားကြသလို ပုံသေဝင်ငွေသမားတွေကလည်း ကြားပေါက်ရတဲ့ငွေကို ဘတ်ငွေပြောင်းလိုက်ကြတာပါပဲ။
ဒါမှလည်း လိုတဲ့အချိန်မှာ ဘတ်ငွေကိုထုတ်သုံးနိုင်မပေါ့။
ဒါပေမဲ့ အရင်က ဘတ်ငွေတွေနဲ့ အနှိပ်ခန်းသွား၊ ကေတီဗီသွား သွားနိုင်ကြတဲ့ အမျိုးသားထုရဲ့ အခွင့်အရေးတွေဟာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနဲ့အတူ ပျောက်ပျက်သွားရပါပြီ။
အခုချိန်မှာတော့ ကိုဗစ်ကပ်ဘေးနဲ့ စစ်အာဏာသိမ်းဂယက်ကြောင့် ကိုမင်းမင်းတစ်ယောက် ဘတ်ငွေမလုပ်နိုင်တော့ဘူးလို့ ဆိုပါတယ်။
“အခုကတော့ တစ်နေ့စားဖို့သောက်ဖို့ လောက်ငအောင်တောင် တော်တော်လေးရုန်းကန်နေရတယ်”လို့ ကိုမင်းမင်းက ငြီးငြူပါတယ်။
လက်ရှိမှာ ကိုမင်းမင်းလို အခြေခံလူတန်းစားတွေရဲ့ တစ်နေ့တာဝင်ငွေ ကျဆင်းနေချိန်မှာပဲ အထွေထွေကုန်ဈေးနှုန်းတွေကလည်း တစ်ရှိန်ထိုးမြင့်တက် ကုန်ပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ၂၀၂၂ ဒီဇင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်တဲ့ အချက်အလက်တွေအရဆိုရင် လက်ရှိအချိန်မှာ မြန်မာနိုင်ငံသား ၁၅ သန်းလောက် စားသောက်ရေးအတွက် အခက်အခဲတွေ ကြုံတွေ့နေရပြီလို့ ဆိုပါတယ်။
အခြေခံစားသောက်ကုန်စျေးနှုန်းတွေကလည်း တစ်နှစ်အတွင်း ၆၅ ရာခိုင်နှုန်းလောက် မြင့်တက်လာတယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရဆိုရင်လည်း လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ လူဦးရေ ၄၀ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ကို ရောက်သွားတယ်လို့ ဆိုပါတယ်။
ဒီမိုကရေစီအစိုးရလို့ ပြောနိုင်မယ့် အစိုးရသက်တမ်းနှစ်ခု ကြိုးစားလုပ်ဆောင်ခဲ့တဲ့ ဆင်းရဲမှုလျော့ကျရေးလုပ်ဆောင်ချက်တွေဟာ အခုချိန်မှာ နောက်ပြန်လှည့်သွားတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
အဲ့ဒီလို အာဏာသိမ်းမှု နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ အထွေထွေအကျပ်အတည်းဒဏ်ကို ကိုမင်းမင်းလိုပဲ အခြေခံလူတန်းစားတွေအပြင် ထားဝယ်ဒေသက တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်လုပ်ငန်းလုပ်နေသူတွေလည်း အလူးအလဲခံနေရပါတယ်။
အခုလို အခြေအနေတွေကြောင့် ထားဝယ်မြို့က တစ်နိုင်တစ်ပိုင် အလူမီနီယံလုပ်ငန်းလုပ်နေတဲ့ ကိုအောင်တစ်ယောက်လည်း လုပ်ငန်းပိတ်သိမ်းပြီး နိုင်ငံခြားသွားဖို့ ပြင်နေပါပြီ။
အရင်ကဆိုရင် ကိုအောင်ရဲ့ လုပ်ငန်းဟာ ဝင်ငွေကောင်းတယ်လို့ပြောနိုင်ပြီး တစ်လကို ပျမ်းမျှ ၁၅ သိန်းအထက် အသားတင် ရနေတာပါ။
သူလည်း ရလာတဲ့ငွေကို ကိုယ်တိုင်စီမံပြီး ဈေးဖိုးအဖြစ် တစ်နေ့ကို ကျပ်နှစ်သောင်းပေးပြီး ကျန်ငွေကို ဘတ်ငွေလုပ်ထားသလို အလုပ်သမားတွေအတွက် နေ့စားစရိတ်ပေးတာတွေ လုပ်လေ့ရှိပါတယ်။
အခုတော့ တစ်လတစ်သိန်းခွဲပေးရတဲ့ ဆိုင်ခန်းလခတောင် မကာမိတော့တဲ့အတွက် ဒီလိုဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။
“ဝင်ငွေက ထိုးကျသွားသလို တစ်ဖက်မှာ ကုန်ဈေးနှုန်းကလည်းတက်တော့ ဘယ်လိုမှ ဆက်ရပ်တည်လို့ မရတော့ဘူး”လို့ ကိုအောင်က ပြောပါတယ်။
အခုလို စစ်အာဏာသိမ်းဂယက်အောက် စီးပွားရေးကျပ်တည်းနေကြသလို နေရာအနှံ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထားဝယ်မြို့ကြီးဟာ အရင်လို မစည်ကားတော့ပါဘူး။
နေရာအနှံ့ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် တနင်္သာရီတိုင်းရဲ့ ပင်မလုပ်ငန်းတွေဖြစ်တဲ့ ခရီးသွားလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်း၊ လယ်ယာလုပ်ငန်းနဲ့ မွေးမြူရေးလုပ်ငန်းတွေလည်း ရပ်တန့်နေပါပြီ။
ဒါတွေကို မှီခိုနေတဲ့ မိသားစုတွေရဲ့ ဝင်ငွေတွေဟာလည်း ရပ်တန့်သွားတာကြောင့် ဆင့်ကဲ့သက်ရောက်မှုအဖြစ် ဝယ်လိုအားတွေ ကျဆင်းသွားပြီး စားသောက်ဆိုင်လုပ်ငန်းအပါအဝင် အသေးစား၊ အလတ်စားလုပ်ငန်းတွေလည်း ရပ်တန့်ကုန်ပါပြီ။
ဒါကြောင့် ဒေသကလူအများစုကလည်း အလုပ်အကိုင်ရရှိရေးအတွက် ထိုင်း၊မလေးရှားနိုင်ငံတွေကို သွားရောက်လုပ်ကိုင်ကြတာကြောင့် ဒေသမှာ လုပ်နိုင်ကိုင်နိုင်အရွယ်တွေ မရှိသလောက်ဖြစ်နေပါပြီ။
အလုပ်လုပ်နိုင်သူတွေ နည်းလာတာကလည်း တိုင်းအတွင်း စီးပွားရေးလုပ်ငန်းတွေ ပြန်လည်နလန်ထူဖို့ အခက်အခဲဖြစ်စေပါတယ်။
“စီးပွားရေးကတော့ ကြာလေကျပ်လေပဲ၊ အခြားအလုပ်လည်းမရှိတော့ ဒီလိုပဲ မငတ်အောင် ရှာစားနေရတာပဲလေ” လို့ ကိုမင်းမင်းက ပြောပါတယ်။