BREAKING
January 22, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

November 16, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

နိုဝင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ

နပခရှိတဲ့ အမ်းအပါအဝင် မြို့လေးမြို့ကို သိမ်းယူနိုင်တော့မယ်လို့ AA ပြော

ပုံစာ – အမ်းမြို့မှာ ဗျူဟာကုန်းတွေအပြင် တပ်ရင်း၊ တပ်ခွဲတွေ ရှစ်ခုကို AA က သိမ်းယူထားပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိတဲ့ အမ်းမြို့နယ်အပါအဝင် မြို့နယ်လေးခုကို သိမ်းယူနိုင်တော့မယ်လို့ အာရက္ခတပ်တော် (AA) က နိုဝင်ဘာလ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ရခိုင်မှာ တစ်ကျော့ပြန်စစ်ရေးဟာ နိုဝင်ဘာလ ၁၃ ရက်မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီး အဲဒီတစ်နှစ်တာကာလအတွင်းမှာ ပြည်နယ်အတွင်းက မြို့နယ် ၁၀ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို AA က သိမ်းယူနိုင်ခဲ့ပါတယ်။ တစ်နှစ်အတွင်းမှာ စစ်ရေးအရှိန်ကျမသွားဘဲ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အမ်း၊ တောင်ကုတ်၊ ဂွနဲ့ မောင်တောမြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေပြီး အပြီးသတ်သိမ်းယူနိုင်ဖို့ လက်တစ်ကမ်းအလို ရောက်ရှိနေပြီလို့ AA က ထုတ်ပြန်ပါတယ်။

မောင်တောမြို့နယ်မှာဆိုရင် မြို့အပြင်က နယ်ခြားစောင့် အမှတ် (၅) စခန်းတစ်ခုပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။ အမ်းမှာ ဆိုရင်လည်း ဗျူဟာကုန်းတွေနဲ့ တပ်ရင်း၊ တပ်ခွဲတွေ ရှစ်ခုကို သိမ်းယူထားပြီး နပခ ဌာနချုပ်အပါအဝင် တပ်ရင်း တပ်ခွဲ ၁၀ခုကို ကျန်ရှိနေသေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အမ်းတိုက်ပွဲမှာ ရဟတ်ယာဉ်တစ်စင်းကို ပစ်ချခဲ့တယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပြီး AA ဘက်တော့ အဲဒီကိစ္စနဲ့ပတ်သက်လို့ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

တိုက်ပွဲပြင်းထန်နေတဲ့ မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ သေဆုံးမှုတွေလည်း မြင့်တက်နေပါတယ်။ ရခိုင်မှာ စစ်ကောင်စီက ပြည်နယ်မြို့တော်ဖြစ်တဲ့ စစ်တွေ၊ တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေကိုပဲ ထိန်းချုပ်ထားနိုင်တော့တာပါ။

……………………………………..

စစ်မှုထမ်းဖို့ ပြည်ပရောက်လုပ်သားတွေကို အေဂျင်စီတွေခေါ်ပေးရမယ်

 ပုံစာ – ထိုင်းနိုင်ငံမှာ တရားဝင်သွားရောက်လုပ်ကိုင်ကြတဲ့ မြန်မာအလုပ်သမားတွေ (ပုံဟောင်း)

စစ်မှုထမ်းဖို့အတွက် ပြည်ပရောက် မြန်မာအလုပ်သမားတွေကို စေလွှတ်တဲ့ အေဂျင်စီတွေက ပြန်ခေါ်ပေးရမယ်လို့ စစ်ကောင်စီက တင်းကျပ်လာပါတယ်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေနဲ့ အလုပ်သမားတွေကြား ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်ကို ပြင်ဆင်ချုပ်ဆိုအတွက် ပြီးခဲ့တဲ့ မေလ ၁၄ ရက် ရက်စွဲနဲ့ ထွက်ရှိထားတဲ့ စစ်ကောင်စီရဲ့ ညွှန်ကြားစာဟာ အခုသီတင်းပတ်အတွင်းမှာပဲ အေဂျင်စီတွေဆီကို ရောက်ရှိလာတာပါ။

ပြည်ပမှာ အလုပ်လုပ်နေစဉ်အတွင်း စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရရင် စာချုပ်သက်တမ်းပြည့်ချိန်မှာ မြန်မာနိုင်ငံကို ပြန်လာပြီး အချိန်မီစစ်မှုထမ်းဖို့ အေဂျင်စီက လုပ်ဆောင်ပေးရမယ်လို့ ဆိုပါတယ်။ အခုလို တင်းကျပ်လိုက်တဲ့အတွက် အလုပ်လုပ် ရတာ ပိုမိုခက်ခဲလာတယ်လို့ အေဂျင်စီတာဝန်ရှိသူတွေက ပြောဆိုထားကြပါတယ်။

ပြည်ပရောက် အလုပ်သမားတွေရဲ့ လစာ ၂၅ရာခိုင်နှုန်းကို စစ်ကောင်စီသတ်မှတ်ထားတဲ့ ငွေလဲနှုန်းနဲ့ မဖြစ်မနေ လွှဲခိုင်းဖို့ အေဂျင်စီတွေကို ဖိအားပေးအရေးယူခဲ့ပြီး အခုတော့ စစ်မှုထမ်းခေါ်ယူရေးအတွက်ပါ ဖိအားပေးလာတာပါ။

……………………………………..

ပုလဲမြို့သိမ်းတိုက်ပွဲ မအောင်မြင်

ပုံစာ – ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

စစ်ကိုင်းတိုင်းထဲက အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခနဲ့ မိုင် ၄၀လောက် အကွာမှာရှိတဲ့ ပုလဲမြို့ မြို့သိမ်းတိုက်ပွဲမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။

ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA တပ်နဲ့ ပူပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေဟာ ပုလဲမြို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို နိုဝင်ဘာလ ၁၁ ရက်မှာ စတင်တိုက်ခိုက်ရာကနေ မြို့ပေါ်တိုက်ပွဲတွေ ပြင်းထန်ခဲ့ ပါတယ်။ မြို့ကို သိမ်းပိုက်ထားနိုင်တဲ့လို့ ဗိုလ်နဂါးက မီဒီယာတချို့ကို ပြောဆိုခဲ့ပါသေးတယ်။

အဲဒီလို ထိန်းချုပ်ထားချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ခဲ့သလို ရဟတ်ယာဉ်တွေနဲ့ စစ်အင်အားတွေလည်း ဖြည့်တင်းလာတဲ့အတွက် စတင်တိုက်ခိုက်ပြီး လေးရက်အကြာ နိုဝင်ဘာလ ၁၄ ရက် ညနေပိုင်းမှာ BNRAနဲ့ ပူပေါင်းတပ်တွေ မြို့ပေါ်ကနေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လို့ ပုလဲမြို့မှာ အပျက်အစီးများခဲ့ပြီး ကလေးငယ် အပါအဝင် အရပ်သား တချို့သေဆုံးခဲ့သလို ဒေသခံသောင်းနဲ့ချီဟာလည်း စစ်ဘေးရှောင်ခဲ့ကြရပါတယ်။

……………………………………..

မင်းတပ်နဲ့ ဖလမ်းမှာ တိုက်ပွဲတွေပြင်းထန်

ချင်းပြည်နယ် မင်းတပ်မြို့နဲ့ ဖလမ်းမြို့မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါတယ်။

ချင်းညီနောင်အဖွဲ့က မင်းတပ်နဲ့ ဖလမ်းမြို့တွေမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို နိုဝင်ဘာလ ၉ရက်မှာ စတင်တိုက်ခိုက်ရာကနေ တိုက်ပွဲတွေပြင်းထန်နေတာပါ။

မင်းတပ်မြို့မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ အပြင်းအထန် ပြန်လည်တိုက်ခိုက်နေသလို စစ်အင်အားတွေလည်း ဖြည့်တင်းနေတယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် နေအိမ်တွေ မီးလောင်နေသလို မီးရှိုးဖျက်ဆီးတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။

ဖလမ်းမြို့တိုက်ပွဲမှာဆိုရင် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း ကလေးမြို့ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူးပေးနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ မင်းတပ်နဲ့ ဖလမ်းမြို့မှာ ပိတ်မိနေတဲ့ဒေသခံတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ထန်တလန်မြို့နယ်ထဲမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဗီဒီယိုလင့် – https://www.facebook.com/share/v/rXTfGiCyFUPEoAPx/

……………………………………..

ဖယ်ခုံက အရပ်သားနှစ်ရာကျော်ကို စစ်ကောင်စီဖမ်းထားတယ်လို့ KNDF ထုတ်ပြန်

ပုံစာ – ဖယ်ခုံမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုမြင်ကွင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က အရပ်သားပြည်သူ နှစ်ရာကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က နိုဝင်ဘာလ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၁၁ ရက်က ပူချယ်ကျေးရွာမှာ ကောက်ရိတ်ဖို့ပြန်လာတဲ့ အရပ်သားတွေကို ပင်လောင်း-ဖယ်ခုံမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးသွားတာလို့ ဖော်ပြပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ပင်လောင်းမြို့ အားကစားရုံအတွင်း ထိန်းသိမ်းခံထားရတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလအတွင်း ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ၈နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ခြောက်ဦး သေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရတယ်လို့လည်း KNDF က ထုတ်ပြန်ထားပါတယ်။

……………………………………..

အာဏာသိမ်းပြီးနောက် သတင်းသမားနှစ်ရာကျော် ဖမ်းဆီးခံရ

ပုံစာ – စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲမှာ သတင်းရယူနေတဲ့ သတင်းသမားတစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါတယ်။ (ပုံဟောင်း)

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ သတင်းသမားနှစ်ရာကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားနေတဲ့ အသံအဖွဲ့က နိုဝင်ဘာလ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းချိန်ကနေ အခု ၂၀၂၄ခုနှစ် အောက်တိုဘာလအထိ သုံးနှစ်ကျော်ကာလအတွင်း သတင်းသမား ၂၁၅ ဦး ဖမ်းဆီးခံရတယ်လို့ ဖော်ပြပါတယ်။ အဲဒီထဲက ၁၅၅ ဦးဟာ ပြန်လည်လွတ်မြောက်လာပြီး ၅၄ ဦးကတော့ ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းသမား ၁၁ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၅၀ ကျော်ဟာလည်း ဝရမ်းထုတ်ခံထားရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ရှမ်းမြောက်မှာ တိုက်ပွဲသတင်းယူတဲ့ သတင်းသမားနှစ်ဦးဟာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အောက်တိုဘာလထဲမှာလည်း သံလွင်တိုင်းမ် အယ်ဒီတာချုပ် နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပါသေးတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က သတင်းသမားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး တစ်လခန့်ကြာပြီးမှသာ ပြန်လွှတ်ပေးခဲ့ပါတယ်။

……………………………………..