BREAKING
December 28, 2024

မောရဝတီ ရေတပ်တွင် စစ်ဆေးခံနေရသည့် ကံပေါက်ဒေသခံလေးဦး ပြန်လွတ်

November 16, 2024

ပုံစာ - လှည်းကုန်းလမ်း ၊ ကံပေါက်ရွာ။ ဓာတ်ပုံ - Dawei Watch

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ အုန်းပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ၏ မောရဝတီရေတပ်စခန်းဌာနချုပ်တွင် ဖမ်းဆီးစစ်ဆေးခံနေရသည့် ကံပေါက်ဒေသခံ အမျိုးသားလေးဦး ပြန်လည်လွတ်မြောက်လာကြောင်း ကာယကံရှင်များနှင့်နီးစပ်သူများထံက သိရသည်။

နိုဝင်ဘာလ ၁၁ရက်ညက ဖမ်းဆီးခံရသည် ကံပေါက်ရွာ၊ လှည်းကုန်းရပ်ကွက်က ကိုပြည့်ဖြိုးပိုင်၊ ကိုထက်ဝေလင်း၊ အခြားအမျိုးသားတစ်ဦးနှင့် မင်းသာရွာက အမျိုးသားတစ်ဦးတို့ နိုဝင်ဘာလ ၁၄ ရက်တွင် ပြန်လွတ်လာကြောင်း နီးစပ်သူတို့က ဆိုသည်။

“(ရေတပ်စခန်းမှာ ဖမ်းဆီးခံရထားသူတွေ) အားလုံး ပြန်လွတ်လာပြီ၊ ကိုပြည့်ဖြိုးပိုင်မှာတော့ ရိုက်ခံရတာ၊ ထုခံရတာမရှိဘူး။ ကျန်သူတွေမှာတော့ အထဲမှာ (ရေတပ်) လည်း တစ်နေရာစီထားတော့ ရိုက်ခံရတာရှိမရှိ ပြောမတတ်ဘူး” ဟု ကိုပြည့်ဖြိုးပိုင်နှင့် ဆွေမျိုးနီးစပ်သူတစ်ဦးက ပြောသည်။

ကိုပြည့်ဖြိုးပိုင်နှင့်အတူ အခြားဒေသခံ သုံးဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ဆက်သွယ်ပြီး နေအိမ်တွင် လက်နက်များရှိသည်ဟု တိုင်ကြားခံရမှုကြောင့် ဖမ်းဆီးခံရပြီးနောက် စစ်ဆေးရာ လက်နက်များမတွေ့ရသဖြင့် ပြန်လွတ်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည် သြဂုတ်လက ဖမ်းဆီးခံထားရသည့် အုန်းပင်ကွင်းရွာနေ ကိုဇေယျာဦး နှင့် ဖောင်းတောရွာသား ကိုသိန်းမြင့်လွင် တို့လည်း အောက်တိုဘာလ တတိယအပတ်တွင် မောရဝတီကပြန်လွတ်လာကြောင်း ဖောင်းတောရွာသားများထံမှ သိရသည်။

မောရဝတီရေတပ်တွင် ဖမ်းဆီးစစ်ဆေးခံနေရသည့် ကံပေါက်ဒေသခံများ မရှိတော့သော်လည်း ထားဝယ်ထောင်တွင် အမှုရင်ဆိုင်ဆဲ ဇာဒီရွာသားတစ်ဦးကျန်ရှိသေးသည်။

ယခုနှစ်အတွင်း၌ပင် မောရဝတီ ရေတပ်က ကံပေါက်ဒေသခံ ၃၀ နီးပါးကို ဖမ်းဆီးစစ်ဆေးခဲ့သည်။