BREAKING
January 27, 2025

ကော့သောင်း‌ထောင်သို့ အရွှေ့ခံရသည့် ပုလောမှ နိုင်ငံရေးအကျဉ်းသားများ စားသောက်ရေးခက်ခဲနေ

November 16, 2024

ပုံစာ - ကော့သောင်းအကျဉ်းထောင်အားတွေ့ရစဉ်(ပုံဟောင်း)

ကော့သောင်းထောင်သို့ ပြောင်းရွှေ့ခံထားရသည့် ပုလောမြို့နယ်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများ ထောင်အတွင်း စားရေးသောက်ရေး အခက်အခဲကြုံနေရကြောင်း နိုင်ကျဉ်းမိသားစုအချို့ထံမှ သိရသည်။

စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ထားသည့် ပုလောမြို့နယ် တပိုကျေးရွာနှင့် ဇရပ်ဆိပ်ရွာက နိုင်ကျဉ်း ၈ ဦးကို မြိတ်အကျဉ်းထောင်မှ ကော့သောင်းအကျဉ်းထောင်သို့ ယခုနှစ် ဇန်နဝါရီလက ပြောင်းရွှေ့ထားခြင်းဖြစ်သည်။

၎င်းတို့မှာ ၂၀၂၂ခုနှစ် အောက်တိုဘာလဝန်းကျင်တွင် အဖမ်းခံခဲ့ရခြင်းဖြစ်ကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသည်။

ပုလောမြို့နယ်အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နိုင်ကျဉ်းမိသားစုဝင်များ ထွက်ပြေးတိမ်းရှောင်နေရခြင်း၊ စီးပွားရေးအဆင်မပြေဖြစ်လာခြင်း၊ ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်နေခြင်းတို့ကြောင့် ကော့သောင်းထောင်သို့ ထောင်ဝင်စာသွားမတွေ့နိုင်တော့ကြောင်း နိုင်ကျဉ်းတစ်ဦး၏ ဇနီးဖြစ်သူက ဆိုသည်။

ထိုကြောင့် ကော့သောင်းမြို့ရှိ အသိမိတ်ဆွေထံ တစ်လတစ်ကြိမ် စားစရာများနှင့် ငွေကြေး ပေးပို့နေရကြောင်း ၎င်းက ပြောသည်။

“စား‌ရေးသောက်ရေး ခက်ခဲတယ်လို့ အမြဲပြောတယ်။ တိုက်ရိုက်မပြောရဘူး။ စာလေးနဲ့ ရေးပို့တယ်” ဟု အထက်ပါ နိုင်ကျဉ်းဇနီးဖြစ်သူက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားအချို့၏ မိသားစုများမှာ တိုက်ပွဲများကြောင့် ထွက်ပြေးနေရပြီး လက်ရှိအချိန်တွင် မည်သည့်နေရာသို့ရောက်ရှိနေမှန်း မသိရကြောင်း ၎င်းက ပြောသည်။

ကော့သောင်းဒေသခံတစ်ဦးကလည်း မောင်ဖြစ်သူကို ထောင်ဝင်စာသွားတွေ့ချိန် အထက်ပါ နိုင်ငံရေးအကျဉ်းသားများက ထောင်အတွင်း အစားအသောက် အနေအထိုင်အဆင်မပြေဖြစ်နေသဖြင့် ဇာတိရွာရှိ အသိများကို ပြောပြပေးရန် မှာလိုက်သည်ဟု ဆိုသည်။

“မြိတ်က‌နေ နိုင်ငံရေးနဲ့ ထောင်ပြောင်းလာတဲ့သူတွေ အစားအသောက်ခက်ခဲနေတယ်။ ကော့သောင်း‌ထောင်က တခြားထောင်နဲ့မတူဘူး ။သူတို့‌ကျွေးတဲ့ထမင်းနဲ့ဟင်းက စားလို့မရကြဘူးလေ။ ပိုက်ဆံရှိရင်တော့ ကြိုက်တာဝယ်စားလို့ရတယ်။ မိသားစုလာမတွေ့ရင် တော်တော်မျက်နှာငယ်ရတယ်” ဟု အဆိုပါ ကော့သောင်းမြို့ခံက ပြောသည်။

ကျပ်တည်းလာသည့် စီးပွားရေးအခြေအနေကြောင့် ကော့သောင်းထောင်ကို စတင်ပြောင်းရွှေ့လိုက်ကတည်းက ထောင်ဝင်စာသွားမပို့နိုင်တော့ကြောင်း နိုင်ကျဉ်းတစ်ဦး၏ မိသားစုဝင်က ဆိုသည်။

“ကော့သောင်းထောင်‌ကိုပြောင်းကတည်းက လူကိုယ်တိုင် မရောက်တော့ဘူး။ ကျွန်မတို့လည်း အခုအ‌ခြေအနေနဲ့ ဘာမှမပို့နိုင်တော့ဘူး”ဟု နိုင်ကျဉ်းတစ်ဦး မိသားစုဝင်က ဆိုသည်။

ပုလောမြို့နယ် တပိုကျေးရွာနှင့် အနီးဝန်းကျင်ရွာများတွင် လက်ရှိ နိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ ထောင်ဒဏ်ချမှတ်ခံထားရသူ ၂၄ ဦးရှိ ပြီး မြိတ်ထောင်တွင် ၂၃ ဦးနှင့် ရန်ကုန်ထောင်တွင် တစ်ဦးရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။

မြိတ်ထောင်တွင် ထောင်ဒဏ်ကျခံနေရသူများအနက် အထက်ပါ နိုင်ငံရေးအကျဉ်းသား ၈ ဦးကို ကော့သောင်းထောင်သို့ရွေ့ပြောင်းလိုက်ခြင်းဖြစ်သည်။