BREAKING
January 22, 2025

စောချစ်သူ၏ BGF တပ်ဖွဲ့ဝင်များ တနင်္သာရီတိုင်းအတွင်း ရောက်နေသည်ဆိုခြင်းမှာ မဟုတ်ဟု KNLA အတည်ပြု

November 16, 2024

ပုံစာ - ကရင်နယ်ခြားစောင့်တပ်(BGF)ဖွဲ့ဝင် တစ်ဦးနှင့် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး။

ဗိုလ်မှုးကြီးစောချစ်သူ၏ ကရင်နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့များ တနင်္သာရီတိုင်းကို ရောက်နေသည် ဆိုခြင်းမှာ မဟုတ်ကြောင်း KNU တပ်မဟာ(၄)၊ KNLA တပ်ရင်း(၁၂) တပ်ခွဲ(၂) ကစယ်ဒိုကျားအထူးတပ်ဖွဲ့နှင့် BGF ပြောခွင့်ရသူတို့က အတည်ပြုပြောဆိုသည်။

တနင်္သာရီတိုင်းထဲကို BGF တပ်ဖွဲ့များရောက်နေသည်ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းထောက်လှမ်းရာ အတည်ပြုနိုင်ခြင်းမရှိကြောင်း KNU တပ်မဟာ(၄)၊ KNLA တပ်ရင်း(၁၂) တပ်ခွဲ(၂) ကစယ်ဒိုကျားအထူးတပ်ဖွဲ့က တပ်ခွဲမှူး စောဘဦးသစ်က ပြောသည်။

“မှန်ရင်ကျွန်တော်တို့ပိုသိရမယ်လေ၊ အခုထိအတည်ပြုမရဖြစ်နေတယ်၊ မှန်ကန်လို့ရှိရင်လည်း တစ်စုံတစ်ခုကတော့ အသံထွက်လာမှာပဲလေ၊ ကျွန်တော်တို့ဆိုရင် တော်လှန်ရေးမှာ နက်နက်ရှိုင်းရှိုင်းနဲ့လုပ်နေတယ်၊ ကျွန်တော်တို့ မသိဘူးဆိုတာ မဟုတ်လို့မသိတာလေ။ အကယ်၍ ဟုတ်လို့ရှိရင်တော့ ကျွန်တော်တို့က မသိဘဲမနေဘူးလေ”ဟု တပ်ခွဲမှူး စောဘဦးသစ်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း ထားဝယ်အရှေ့တောဒေသတွင် KNU တပ်မဟာ(၄) နှင့် KTLA (ကော်သူးလေ)တပ်တို့အချင်းချင်းကြား ပစ်ခတ်မှုများဖြစ်ပွားနေသည့်ကာလတွင် အရှေ့တောဒေသကို BGF တပ်ဖွဲ့အင်အား ၃၀၀ ခန့်ရောက်နေသည်ဆိုသည့် သတင်းထွက်ပေါ်ခဲ့ဖူးသည်။

BGF တပ်ဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်ထီးခီးမှ အရှေ့တောဘက်ကို ရောက်ရှိနေသည်ဆိုသည့် သတင်း ဒေသခံများကြားထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် ၂ လခန့်တည်းက တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ မောင်မယ်ရှောင်စစ်ဆေးရေးဂိတ်နှင့် ပုလောစစ်ကြောင်းများတွင် BGF တပ်ဖွဲ့များ ရောက်ရှိနေသည်ဟု ဒေါနစစ်ကြောင်းမှူးနှင့် ဖက်ဒရယ်စစ်ကြောင်း၏ ဒုစစ်ကြောင်းမှူးတို့က ပြောဆိုထားသည်။

ဆက်သွယ်ရေးစက်မှ ကြားဖြတ်နားထောင်သည့် သတင်းနှင့် မြေပြင်စစ်ကြောင်းက ထောက်လှမ်းရေးရဲဘော်များ၏ သတင်းပေးပို့ချက်၊ တွေ့ရှိချက်နှင့် ဒေသခံများ၏ ပြောဆိုချက်အရ BGF တပ်ဖွဲ့ အင်အား ၃၀၀ ခန့် တနင်္သာရီတိုင်းထဲကို ရောက်ရှိနေသည်ဟု ၎င်းတို့က ဆိုသည်။

“ကြားဖြတ်ထောက်လှမ်းပြီးရတဲ့ဟာလည်းရှိတယ်၊ မြေပြင်ထောက်လှမ်းရေးက မြင်တာလည်းရှိတယ်။ ရွှေ့တာတော့ ကျွန်တော်တို့ဘက်က အတည်ပြုနိုင်တယ်။ ရွှေ့တဲ့နေရာမှာလည်း ကရင်တိုင်းရင်းသား လက်နက်ကိုင်အမည်နာမကို အသုံးချပြီးတော့ ရွှေ့ခဲ့တဲ့ဟာရှိတယ်။ ကျွန်တော်တို့ သေချာစုံစမ်းကြည့်တဲ့အခါကျတော့ အဲ့ဒီအဖွဲ့မဟုတ်ဘူး။ BGF သည်အဲ့ဒီအဖွဲ့နာမည်ကို ပုံမှားရိုက်ပြီးတော့သုံးခဲ့တာ ဖြစ်တယ်ပေါ့နော်” ဟု ဖက်ဒရယ်စစ်ကြောင်း၏ ဒုစစ်ကြောင်းမှူး ကိုမင်းထက်က ပြောသည်။

BGF ဘက်တံဆိပ်ပါ လက်နက်ကိုင်တပ်ဖွဲ့သည် ရေဖြူမြို့နယ် အမှတ် ၈ ပြည်ထောင်စုကားလမ်းနှင့် ရေနက်ဆိပ်ကမ်းတို့တွင် သွားလာလှုပ်ရှားနေတာရှိသည်ဟု မြေပြင်စစ်ကြောင်း၏ သတင်းပေးပို့ချက်နှင့် ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်ဟု ဒေါနစစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။

သို့သော် BGF တပ်ဖွဲ့နှင့်ပတ်သက်သည့် ဓာတ်ပုံမှတ်တမ်းကဲ့သို့ သက်သေအထောက်အထားများ မရှိကြောင်း ၎င်းတို့က ဆိုသည်။

စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးချက်အရ BGF တပ်ဖွဲ့ဝင်များကို တွေ့ရှိရခြင်းမျိုးမရှိသေးသလို၊ စစ်ကောင်စီတပ်စစ်ကြောင်းတွင် BGF ဘက်တံဆိပ် စစ်ယူနီဖောင်းဝတ်ထားသည်များကိုတွေ့ရှိခြင်း၊ နှစ်ဖက်တိုက်ပွဲတွင်း သေဆုံးသူများတွင် BGF ဘက်တံဆိပ်တွေ့ရခြင်း၊ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများတွင် BGFတပ်ဖွဲ့များ ပါဝင်ခြင်းမျိုးများလည်း မရှိသေးဟု ၎င်းတို့ထံမှသိရသည်။

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်၊ ရေး၊ သံဖြူဇရပ်တို့တွင် စစ်ရေးလှုပ်ရှားနေသည့် KNU တပ်မဟာ ၆ KNLA တပ်ရင်း ၂၇ မှ တပ်ရင်းမှူးကလည်း BGF တပ်ဖွဲ့သည် တနင်္သာရီတိုင်းမဆိုထားနှင့် မွန်ပြည်နယ် မော်လမြိုင်၊ ရေးဘက်ကိုပင် လာ၍မရဟုဆိုသည်။

ကရင်နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်များကို တနင်္သာရီတိုင်းအတွင်း သွားရောက်တပ်ချ ထားခြင်းမရှိဟု BGF တပ်နယ်(၂)ဗျူဟာမှူး၊ ဗိုလ်မှူးကြီး စောတင်ဝင်းကလည်း ကရင်တိုင်းရင်းသား မီဒီယာတစ်ခုဖြစ်သည့် KIC ကို နိုဝင်ဘာ ၁၃ ရက်တွင် ပြောဆိုထားသည်။

မွန်ပြည်နယ် မော်လမြိုင်သွားမည့်ကိစ္စကိုပင် စစ်ကောင်စီတပ်ထံ ကြိုတင်သတင်းပေးပို့ရပြီး လူအင်အားများများပင် သွားခွင့်မပြုဟု ဗိုလ်မှူးကြီး‌ စောတင်ဝင်းက ဆိုသည်။

မြိတ်-ထားဝယ်ဘက်ကိုသွားမည်ဆိုပါက စစ်ကောင်စီက ပေးမသွားဘဲ တားဆီးမှာဖြစ်သည်ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းက စစ်ကောင်စီစစ်ကြောင်းတွင် BGF များပါသည်ဆိုသည့်ပြောဆိုမှုများမှာ ပြည်သူ့စစ်နှင့် BGF စစ်ဝတ်စုံ လက်မောင်းတံဆိပ် ဆင်တူနေသဖြင့် သေချာမကြည့်ပါက ခွဲခြားရန်ခက်ပြီး ပြည်သူ့စစ်များသာဖြစ်နိုင်ကြောင်း BGF ဗိုလ်မှူးကြီး စောတင်ဝင်းက KIC သတင်းဌာနတွင် ဖြေဆိုထားသည်။

BGF များ တနင်္သာရီတိုင်းအတွင်းကို ရောက်နေသည်ဆိုသည့် သတင်းမှာ ဆိုက်ဝါးသတင်းသာဖြစ်ပြီး ခိုင်လုံသည့် သတင်းအချက်အလက်မရှိသည့် သတင်းများသည် အခြားသော တော်လှန်ရေးအင်အားစုများအတွက် လုပ်ငန်းဆောင်တာတွင် အနှောင့်အယှက်ဖြစ်စေသည်ဟု စောဘဦးသစ်က ပြောသည်။

စစ်ကောင်စီတပ်က တနင်္သာရီတိုင်းတွင် လက်လွတ်ဆုံးရှုံးထားရသည့် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးအပါအဝင် ထိုင်း-မြန်မာနယ်စပ်လမ်းကြောင်းများ၊ စစ်ကောင်စီတပ်စခန်းများကို ပြန်လည်ထိန်းချုပ်နယ်မြေစိုးမိုးလိုသဖြင့် ကြည်း၊ ရေ၊ လေ၊ ဒရုန်းတပ်များဖြင့် စစ်ရေးလှုပ်ရှားဆောင်ရွက်မှုများရှိနေသည်။