BREAKING
December 28, 2024

ထားဝယ်တွင် ပံ့သကူပစ်သူများပြီး စစ်ကောင်စီတပ်ကလည်း ယူနီဖောင်းများဖြင့် ပိုက်ဆံကြဲ

November 16, 2024

ပုံစာ - တန်ဆောင်မုန်းလပြည့်ညက ထားဝယ်မြို့မှ မြင်တွေ့ရသည့် လပြည့်လ။ ဓာတ်ပုံ - Dawei Watch

ထားဝယ်မြို့တွင် မနေ့ည(တန်ဆောင်မုန်းလပြည့်ည-နိုဝင်ဘာ ၁၅) က ကားများဖြင့် ပံ့သကူကြဲသူများပြီး စစ်ကောင်စီတပ်သားများကလည်း ယူနီဖောင်းများဖြင့် ပံ့သကူကြဲသည်ဆိုကာ ပိုက်ဆံများလိုက်ကြဲခဲ့ကြောင်း မျက်မြင်တွေ့သူများကဆိုသည်။

ထားဝယ်မြို့ ၊ ရေးလမ်းတစ်လျှောက်တွင် ပံ့သကူပစ်သူများနှင့် ပံ့သကူကောက်သူများ ကိုအများဆုံးတွေ့ရပြီး ပံ့သကူကောက်သူများသည် ကလေးအများစုဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။

“ပံ့သကူကောက်သူတွေစည်တယ်။ ရေးလမ်းတစ်လမ်းလုံး လူများလို့ ပံ့သကူ လုရတာ ။ ကောက်ရတာမဟုတ်တော့ဘူး” ဟု ပံ့သကူလိုက်ကောက်ခဲ့သည့် မြို့ခံတစ်ဦးကပြောသည် ။

ယမန့်နေ့ညက ပံ့သကူပစ်ရာတွင် မြို့တွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများပါသည့် ကားများလည်း ပံ့သကူပစ်သည်ဟုဆိုကာ ပိုက်ဆံလိုက်ကြဲခဲ့သည်ဟု မြို့ခံများကဆိုကြသည် ။

“လိုက်ကောက်နေတဲ့လူတွေမြင်ရင် အိမ်စီးကားတွေနဲ့ကြဲကြဲ ချတာ ၀ိုင်းလုကြတာ။ နင်တို့ကိုသေနတ်(ကျည်ဆန်)ကြဲမှာမဟုတ်ဘူး။ ပိုက်ဆံကြဲမှာလို့ပြောပြီးကြဲတယ်။ သူတို့က လူကောင်းတွေပါဆိုပြီး ပုံစံဖမ်းတာပေါ့” ဟု ကိုယ်တိုင်ကြုံခဲ့သူတစ်ဦးကပြောသည်။

တစ်ဖက်တွင်လည်း ထားဝယ်မြို့ပေါ် ရပ်ကွက်အချို့တွင် စစ်ကောင်စီတပ်သားများ နှင့် ပျူစောထီးများက တန်ဆောင်မုန်းလပြည့်ညတွင် ဧည့်စာရင်းဝင်စစ်ခဲ့သည်ဟု ကိုယ်တိုင်စစ်ခံရသူများက ပြန်ပြောပြသည် ။

ပံ့သကူပစ်ရာတွင် မြန်မာကျပ်ငွေများသာမက ၊ ထိုင်းဘတ်ငွေများပါရရှိကြောင်း ပံ့သကူလိုက်ကောက်ခဲ့သူတို့ကဆိုသည် ။

” ကလေးတွေဆိုလည်း(ကျပ်) ၁၀၀၀၀ကျော်ရတယ် ။ ကိုယ်တိုင်က ဘတ် ၂၀ တန်တစ်ချပ်ရလာတယ် “ ဟု ပံ့သကူကောက်ခဲ့သူတစ်ဦးကပြောပြသည် ။

ယခင်နှစ်များက ထားဝယ်မြို့တွင် ယခုကဲ့သို့လမ်းထွက်၍ ပံ့သကူပစ်သူ၊ပံ့သကူကောက်သူများ မရှိသလောက်နည်းပါးခဲ့သည်ဟု မြို့ခံများထံကသိရသည်။

ထားဝယ်မြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် စုဝေးခြင်းမပြုလုပ်ရန် ၊ လူငါးဦးထက်ပိုမစုရန် နှင့် ည ၁၁ နာရီမှ နံနက် ၃ နာရီ အချိန်အတွင်း ညမထွက်ရအမိန့်တို့ကို သီတင်းကျွတ်ကာလအပြီး အောက်တိုဘာ ၂၁ ရက်ကတည်းက စစ်ကောင်စီက ပြန်ကြေညာထားသည်။

သို့သော် ပံ့သကူကြဲခြင်းကို ၎င်းတို့ကိုယ်တိုင် ပါဝင်လုပ်ဆောင်ခဲ့သည်မှာ လူထုစည်းရုံးရေးအတွက် လုပ်ဆောင်ခြင်းဟု သုံးသပ်သူများကလည်း ဆိုသည်။