BREAKING
December 28, 2024

ထားဝယ် ရှမ္မတွင်းရွာတွင် လက်နက်ကြီးကျည်ထိမှန်ပြီး နေအိမ်တစ်လုံးပျက်စီး

November 16, 2024

ထားဝယ်မြို့နယ်၊ ရှမ္မတွင်းရွာတွင် နိုဝင်ဘာလ ၁၄ ရက်ညက စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး နေအိမ်တစ်လုံး အိမ်နောက်ပိုင်း မီးလောင်ပျက်စီးကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၁၄ ရက် ည ၁၁ နာရီဝန်းကျင်တွင် ရှမ္မတွင်းရွာဘက်သို့ ပေါက်တိုင်းတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်က လက်နက်ကြီးဖြင့် ငါးချက်ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

“ရှမ္မတွင်းမှာ နှစ်ချက်ကျတယ်။ ဆီပင်ကုန်းက အိမ်တစ်လုံးကိုကျတယ်။ လူမနေတဲ့အိမ်ဆိုတော့ လူမထိဘူး။ ရင်မပြင် (အိမ်အစု) အနားမှာက တစ်လုံးကျတယ်။ အဲဒါက ဘာမှမထိဘူး။ ကျန်တာ ဘယ်မှာကွဲလဲတော့မသိဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည် ။

ယင်းသို့ လက်နက်ကြီး မပစ်ခတ်မီ ပေါက်တိုင်းတံတားဘက်တွင် ဒရုန်းဝဲပျံနေသည်ကို မြင်ရပြီးနောက် ထားဝယ်မြို့ဘက်မှ သရက်ချောင်းမြို့ဘက်သို့ စစ်ကားသုံးစီး ဆင်းသွားသည်ကို မြင်ရကြောင်း ကျောက်ရပ်ရွာသားများက ပြောသည်။

ကျောက်ရပ်ရွာမှာ ပေါက်တိုင်းတံတားရှိသည့်ရွာဖြစ်ပြီး ရှမ္မတွင်းရွာနှင့် ကပ်လျက်တည်ရှိသည်။

နိုဝင်ဘာလ ၁၅ ရက် နံနက်ပိုင်းတွင် ပေါက်တိုင်းတံတားရှိ စစ်ကောင်စီတပ်သားများ နေထိုင်သော နှစ်ထပ်ဘန်ကာ အဆောက်အအုံ ခေါင်းမိုးနှင့် အပေါ်ထပ်တွင် ပြိုကျပျက်စီးနေသည်ကို တွေ့ရကြောင်း ခရီးသွားတစ်ဦးက ဆိုသည်။

နိုဝင်ဘာလ ၁၅ရက် ညတွင်လည်း အဆိုပါ တံတားဂိတ်အနီး ဒရုန်းပျံဝဲမှုရှိကြောင်း ကျောက်ရပ်ရွာသားများထံမှ သိရသည်။