ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့အနီးတွင် ယနေ့ (နိုဝင်ဘာ ၁၆) မနက် ၅ နာရီဝန်းကျင်တွင် ပစ်ခတ်သံအချို့ကြားရပြီးနောက် တပ်နယ်စာသင်ကျောင်း ပိတ်ထားကြောင်း မြို့ခံများကပြောပြသည်။
“ ချောင်းဆုံ(ကျောက်ရှပ်ရွာ) ဘက်ကကြားရတယ်။ သေနတ်သံပဲများများကြားရတယ် “ ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောသည်။
အဆိုပါပစ်ခတ်မှုဖြစ်စဥ်အသေးစိတ်ကိုမူ မသိရသေးပေ။
ပစ်ခတ်သံများထွက်ပေါ်ပြီးနောက် ကလိန်အောင်တပ်နယ် ၊ ခမရ ၄ဝ၈ စစ်ကောင်စီတပ်ရင်း အနီးရှိ စစ်တပ်စာသင်ကျောင်းကို ယနေ့ပိတ်ထားကြောင်း ၎င်းတပ်နှင့်နီးစပ်သူများပြောသည်။
“ ကလိန်အောင်မြို့ထဲမှာတော့ပုံမှန်ပါပဲ။ စာသင်ကျောင်းလည်းဖွင့်တယ်။ စစ်တပ်ကျောင်းပဲပိတ်တာ” ဟု ကလိန်အောင်မြို့ခံ ကျောင်းဆရာမတစ်ဦးကပြောသည်။
ကလိန်အောင်တပ်နယ်တွင် ခမရ၄၀၈ ၊ ၄၀၉ ၊ ၄၁၀ ခြေမြန်တပ်ရင်း ၃ ခုနှင့် ခလရ ၂၈၂ ခြေလျင်တပ်ရင်း တို့ရှိကြပြီး ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ခြေမြန်တပ်ရင်း ၃ ခု မကြာခဏ တိုက်ခိုက်ခံရလေ့ရှိသည်။