ဝက်ဈေးကျနေသည့်အတွက် မွေးမြူရေးသမားများ အရှုံးပေါ်နေကြောင်း မြိတ်ဒေသရှိ ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူအချို့ထံမှ သိရသည်။
ယခင်က ဝက်ချော(အကောင်ဖြတ်) တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်ဈေးရှိရာက နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး ၉၀၀၀ ကျပ်သာ ပေါက်ဈေးရှိတော့ကြောင်း ဝက်မွေးမြူရေးလုပ်ကိုင်သူအချို့က ပြောသည်။
“လောလောဆယ် ဒိုင်ကပေးတဲ့ဈေးက အရှုံးပြနေတယ်။ ရေရှည်သွားနိုင်ဖို့အတွက် မတောင့်ခံနိုင်ဘူး” ဟု ဝက်အကောင်ရေ လေးဆယ်ကျော်မွေးမြူထားသည့် ရှမ်းချောင်းကြီးရပ်ရှိ ဝက်မွေးမြူရေးလုပ်ကိုင်သူတစ်ဦးက ဆိုသည်။
ဝက်မွေးရာတွင် ဝက်သားပေါက်တစ်ကောင်လျှင် တစ်သိန်းခုနှစ်သောင်းကျပ်ဖြင့် ဝယ်ယူရကြောင်း ဝက်မွေးသူအချို့ထံမှ သိရသည်။
အဆိုပါဝက်အား ပြန်ရောင်းချသည့်အချိန်အထိ ငါးလဝန်းကျင်မွေးမြူရပြီး အစာဖိုး၊ ရောဂါကာကွယ်ရေးစရိတ်၊ အလုပ်သမားစရိတ်စသည့် စရိတ်များတွက်လိုက်ပါက စုစုပေါင်း ကျပ်ခြောက်သိန်းဝန်းကျင်ကုန်ကျကြောင်း ၎င်းတို့က ဆိုသည်။
မွေးမြူပြီး ရောင်းတန်းဝင်သည့် ဝက်တစ်ကောင်လျှင် ပျမ်းမျှအလေးချိန် ပိဿာခြောက်ဆယ်ခန့်ရှိသည့်အတွက် တစ်ပိဿာလျှင် ကျပ်ကိုးထောင်နှုန်းဖြင့်တွက်ပါက ငါးသိန်းလေးသောင်းကျပ်သာ ပြန်ရကြောင်း အဆိုပါဝက်မွေးသူက ဆိုသည်။
ထိုကြောင့် ဝက်တစ်ကောင်မွေးမြူပြီး ပြန်ရောင်းချိန်တွင် တွက်ခြေမကိုက်ဘဲ အရှုံးပေါ်နေခြင်းဖြစ်သည်။
“ဒါတောင် ရောဂါတွေဖြစ်လို့ အသေအပျောက်ရှိလာရင် ရင်းထားတာတွေ ကုန်ပြီ။ ထပ်ပြီးပြန်မမွေးနိုင်ဘူး” ဟု ၎င်းက ပြောသည်။
ယင်းကဲ့သို့ အရှုံးပေါ်နေသဖြင့် ဝက်မွေးမြူသူအချို့ ဆက်မမွေးနိုင်ပဲ လုပ်ငန်းရပ်နားထားရကြောင်း တောင်ပုလဲရွာနေ ဝက်မွေးသူအချို့က ဆိုသည်။
“ဈေးမကိုက်လို့ နားလိုက်ပါပြီ၊ ဈေးကျလို့ ဝက်မွေးသမားတိုင်း ညည်းနေကြတာ။ အကောင်ရေများများနဲ့ မမွေးကြတော့ဘူး၊ အချို့ကတော့ စုငွေသဘောအနေနဲ့ မွေးနေကြတာပေါ့” ဟု တောင်ပုလဲရွာက တပိုင်တနိုင် ဝက်မွေးသူတစ်ဦးက ပြောသည်။
အဆိုပါ တောင်ပုလဲရွာနှင့် အနီးအနားဝန်းကျင်ရှိရွာများတွင် မွေးမြူသူ အများအပြားရှိနေသည်။
လတ်တလောတွင် ကျွန်းစုမြို့နယ်အတွင်းရှိ မင်းဂုတ်၊ ပြင်ဝန်း၊ ရတောင်၊ ဝါရစ် စသည့် ကျေးရွာများတွင် စစ်ရေးတင်းမာနေသည့်အတွက် ဝက်မွေးသူများမှာ ရသည့်စျေးဖြင့် ဝက်များထုတ်ရောင်းနေကြကြောင်း၊ ယင်းဂယက်ကြောင့် မြိတ်ဝက်စျေးကွက်တွင် ဝက်စျေးကျဆင်းသွားခြင်းဖြစ်ကြောင်း စျေးကွက်အတွင်းမှ သိရသည်။
မြိတ်မွေးမြူရေးဇုန်ရှိ ဝက်မွေးသူတစ်ဦးကမူ ကျနေသည့်ဈေးနှုန်းကြောင့် ဝက်သားပေါက်အသစ်ဝယ်ပြီး မမွေးတော့ကြောင်း ပြောဆိုသည်။
“ဒါက သက်သက်မဲ့ ဈေးကစားတာပဲ၊ ဘယ်အချိန်အထိ ဈေးကျနေမလဲ မသိတော့ဘူး၊အခုအချိန်မှာ သီးသန့်ဝက်သား ပေါက်ဝယ်ပြီး မွေးမယ်ဆိုရင် မဖြစ်နိုင်တော့ဘူး”ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီကလည်း ကုန်ဈေးနှုန်းကျစေရန်ဟုဆိုကာ ဝက်သားတစ်ပိဿာလျှင် တစ်သောင်းငါးထောင်ကျပ်ဖြင့် ရောင်းချရမည်ဖြစ်ကြောင်း စက်တင်ဘာလက သတ်မှတ်ထားသည်။