<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၂)
အပိုင်း-၂- (မင်းသမီးခစန်းမှ မာနယ်ပလောစခန်းဆီသို့)
အခန်း-၁၃-
(၁) ဖက်ဒရယ်မြို့တော်နဲ့ ဖက်ဒရယ်တက္ကသိုလ်
မာနယ်ပလော ကွင်းပြင်ထဲကို ပြန်ကြည့်မယ်ဆိုရင်တော့ ဒီလိုတောကြီးမျက်မည်းထဲက သူပုန်ဌာနချုပ်မှာ လျှပ်စစ်မီး ၂၄ နာရီ လင်းနေတယ်ဆိုရင်မြန်မာနိုင်ငံက စာဖတ်ပရိသတ် ယုံပါ့မလားပဲ။ ကျန်တဲ့မြို့တွေကို အမှောင်ချပြီး နေပြည်တော်ဌာနချုပ်တခုတည်း မီးလင်းနေအောင် စီမံထားတာမျိုး မဟုတ်ပါဘူး။
ခုနက မြင့်မားလှတဲ့ နော်ဒေးတောင်တန်းပေါ်ကနေ ကျလာတဲ့ချောင်းရေကို တမံလုပ်ပြီး အဲဒီကနေ ရေအားလျှပ်စစ်နဲ့ မာနယ်ပလော တခွင်လုံးကို လျှပ်စစ်မီး ပေးထားတာပါ။ ဒါ့အပြင် ရေကိုလည်း ပိုက်တွေနဲ့ သွယ်ပေးထားတဲ့အတွက် ရေ၊ မီး အတော်အဆင်ပြေတဲ့နေရာ။ တီဗီစလောင်း လိုင်းပေါင်းစုံရတဲ့ တောတွင်းမြို့တော်လို့ ပြောရင်ရမယ် ထင်ပါတယ်။
ပဒိုဘသင် အိမ်ကနေ ဘေးပတ်လည်အိမ်တွေကို ကျနော်လေ့လာကြည့်တဲ့အခါ အနီးဆုံးအိမ်က တွဲဘက်အတွင်းရေးမှူး ပဒိုစံလင်းရဲ့အိမ်။ အိမ်ပုံစံချင်းက အတူတူပါပဲ။ ဒီအိမ်ဟာ KNU ဗဟိုစည်းရုံးရေးဌာန ရုံးခန်းလည်းဖြစ်ပြီး နာမည်ကြီး သနူးထူးစာစောင် ထုတ်ဝေတဲ့ နေရာလည်းဖြစ်ပါတယ်။
ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း ကွန်ပြူတာခေတ် မဟုတ်သေးတဲ့အတွက် ဖရောင်းစက္ကူကို လက်နှိပ်စက်နဲ့ဖောက်၊ မီးချောင်းနဲ့လှိမ့်ပြီး ကော်ပီကူးနေတာကို တွေ့ခဲ့ရပါတယ်။ (နောက်ပိုင်းမှာတော့ ABSDF ဗဟိုရုံးအဖွဲ့မှူးတဦးဖြစ်သူ ဦးရီထွန်း တီထွင်လိုက်တဲ့ ဖရောင်းစက္ကူ ကော်ပီကူး သစ်သားကရိယာလေးတခုက အတော်ခေတ်စားသွားပြီး ကွန်ပြူတာ မပေါ်မီအထိ အဲဒီကရိယာကို တော်လှန်ရေးနယ်မြေတလုံးမှာ သုံးကြတာကိုတွေ့ရပါတယ်။)
ပဒိုစံလင်းအိမ်ရဲ့ရှေ့က ပုံစံတူ အိမ်ကတော့ ပို့ဆောင်ဆက်သွယ်ရေးဌာန၊ နောက်တလုံးက သစ်တောဌာန၊ နောက်ထပ် တလုံးကတော့ ဘဏ္ဍာရေးဌာနဖြစ်ပါတယ်။ အဲဒီရုံးတွေပေါ်ကိုတော့ ကျနော်မတက်ဖြစ်လိုက်ပါ။ အဲဒီရုံးတွေ အလွန်မှာတော့ မဒတ (အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု) ရုံး၊ ထီးသေခီးဘက်ထွက်တဲ့ ကားလမ်းကြောင်းတခုနဲ့ ချောင်းကူးတံတားတခုရှိပါတယ်။ ကားလမ်းကို ကျော်လိုက်တော့ ဒုဥက္ကဌ ပဒိုသန်းအောင်ရဲ့အိမ် (သူကွန်လွန်ပြီးနောက်မှာ ဗိုလ်မှူးချုပ် မောင်မောင် ဆက်နေတဲ့အိမ်) ကိုတွေ့ရပါတယ်။
အဲဒီအိမ်ကနေ ညာဘက်ကို လှည့်လိုက်မယ်ဆိုရင် တောင်ပေါ်က ဘုရားကျောင်းဆီတက်တဲ့ လူသွားလမ်းတခု။ ပြီးရင် ကျွန်းသစ်တွေနဲ့ အခိုင်မာဆောက်ထားတဲ့ အကောင်းစား ၂ ထပ် အဆောက်ဦကြီးတခု (အစောပိုင်းမှာ ဒေါက်တာမာတာရဲ့ KNU နိုင်ငံခြားရေးဌာနရုံးဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ADNSC [Anti-military Dictatorship National Solidarity Committee] တပ်ပေါင်းစု ရုံးခန်းဖြစ်လာပါတယ်) ရှိပြီး အဲဒီ ဘေးမှာတော့ သစ်ပင်တန်းတခုရှိပါတယ်။ (အဲဒီကာလကတော့ စစ်ရုံးချုပ်အသစ်ကြီး မဆောက်ရသေးပါ) ။
သစ်ပင်တန်းအဆုံးမှာတော့ ဗိုလ်ချုပ်မြရဲ့ ကော်သူးလေအစိုးရ သမ္မတအိမ်ဖြူတော် စံအိမ်ကြီးကို တွေ့ရမှာဖြစ်ပါတယ်။ စံအိမ်တော်ဆိုတာ တင်စားပြီးခေါ်ဝေါ်ခြင်း မဟုတ်ပါ။ တကယ့်ကို သားနားတဲ့ ၂ ထပ် တိုက်အိမ် အကြီးကြီးဖြစ်ပါတယ်။
အဲဒီဘေးမှာတော့ ဗိုလ်ချုပ်မြ ရုံးထိုင်တဲ့ ကျွန်းသစ်သားအိမ် ခပ်သေးသေးတလုံး။ ပြီးရင် KNU အမျိုးသမီးအစည်းအရုံးနဲ့ အမျိုးသမီးဆောင်တချို့။ ပြီးရင် ဆံသဆိုင်။ ဆံသဆိုင် နောက်ကျောမှာတော့ ကျနော်တို့ ကျိုးဖိုးတွေအတွက် အရေးကြီးတဲ့ မာနယ်ပလော ဗဟိုစားဖိုဆောင်။ စားဖိုဆောင်ဘေးမှာတော့ ကွန်မန်ဒိုကုန်းဘက်နဲ့ ခွေးအိပ်တောင်ဘက်တက်တဲ့ ကားလမ်းကြောင်းတခု။ ကားလမ်းကို ကျော်ပြီး ဘော်လုံးကွင်းအတိုင်း ပြန်လှည့်မယ်ဆိုရင် တပ်ထောက်ဌာနနဲ့ ဂိုဒေါင်ကြီးတခုကို သောင်းရင်းမြစ် ကမ်းနားစောင်းဘက်မှာ မြင်နိုင်ပါတယ်။ ပြီးရင် ဗိုလ်ချုပ်တာမလာဘော၊ ဗိုလ်ချုပ် ကစယ်ဒို တို့ ရုံးထိုင်တဲ့ စစ်ရုံးချုပ်။ စစ်ရုံးချုပ်ဘေးမှာတော့ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO) ရုံးခန်း။
အဲဒီစစ်ရုံးချုပ်နဲ့ KNDO ရုံးရှေ့တည့်တည့် ဘောလုံးကွင်းဘေးက ကြီးမားပြီး အရိပ်ကောင်းလှတဲ့ ကုက္ကိူပင်တန်းအောက်မှာတော့ ခန့်ညားစွာနေရာယူထားတဲ့ မာနယ်ပလော အစည်းဝေးခန်းမကြီးကို တွေ့ရမှာဖြစ်ပါတယ်။ အစည်းဝေးခန်း ဘေးမှာတော့ ဧည့်သည်တော် စစ်သည်တွေ တည်းခိုလေ့ရှိတဲ့ ခြေခံရှည် ဘားတိုက်အကောင်းစားတခု (၁၉၉၂ နော်တ စစ်ပွဲအပြီးမှာ ကျနော်အပါဝင် တပ်ရင်း ၂၀၁ နဲ့ ၁၀၂ က ရဲဘော်တွေ တည်းခိုခဲ့ဖူးပါတယ်)။ အဲဒီနောက်မှာတော့ နိုင်ငံခြားဧည့်သည်တွေအတွက် သားသားနားနား ဧည့်ရိပ်သာတလုံး။ ပြီးရင်တော့ ပဒိုဘသင်အိမ်ဆီ ပြန်ရောက်ပါတယ်။
——————-
(၂) မာနယ်ပလောသို့ ဒုတိယအခေါက်
မာနယ်ပလောကို ဒုတိယအခေါက် ကျနော်ရောက်သွားတဲ့ အချိန်ကတော့ ၁၉၈၉ မတ်လ အစောပိုင်းလို့ ထင်ပါတယ်။ ဒီတခေါက်မှာတော့ ကျနော်တယောက်တည်း။ KNU ကနေ ကျနော်တို့ နယ်မြေကော်မီတီကို ထောက်ပံ့နေကြ တလ ထိုင်းဘတ်ငွေ ၃၀၀၀-ကို ထုတ်ယူဖို့ ဥက္ကဌ ကိုကျော်ကျော်က ကျနော့်ကို တာဝန်ပေးလိုက်တာပါ။ အဲဒီငွေ ၃၀၀၀ ရဖို့အရေး ပဒိုဘသင်အိမ်မှာ ထိုင်စောင့်လိုက်ရတာ သီတင်းတပတ်ကြာသွားပါတယ်။
အတွင်းရေးမှူးချုပ်အိမ်မှာ တည်းရတဲ့ ဧည့်သည်ဆိုပေမယ့် ငရုတ်သီးထောင်းနဲ့ပဲ နေ့စဉ်တိုးနေတော့ ကျိုးဖိုးတွေရဲ့ ထုံစံအတိုင်း လဖက်ရည်ဆိုင် ရှာပါတော့တယ်။ အဲဒီမှာ ကျနော်တွေ့လိုက်တဲ့ ဆိုင်ကတော့ သောင်ရင်းမြစ်ရဲ့ အလှပဆုံးရှုခင်းကို အပေါ်စီးကနေ မြင်ခွင့်ရနေတဲ့ ပဒိုဝီးရဲ့ လဖက်ရည်ဆိုင်ပါပဲ။ သောင်ရင်းနဲ့ သံလွင်မြစ်ဆုံ ထိုင်းဘက်ကမ်းရှိ စားသောက်ဆိုင်နဲ့ ဘန်ဂလိုနေရာကလွဲရင် ဒီဒေသတဝိုက်မှာ ဒုတိယ ရှုခင်း အကောင်းဆုံးနေရာဟာ ပဒိုဝီးဆိုင်လို့ ထင်ပါတယ်။
သူဆိုင်ရှေ့မှာ ကျွန်းပင်အကြီးကြီးတပင်ရှိပြီး အဲဒီအောက်မှာ သစ်သားတွေနဲ့လုပ်ထားတဲ့ သဘာ၀ ထိုင်ခုံတွေကလည်း အတော်ကောင်းပါတယ်။ လဖက်သုတ်တပွဲမှာ၊ ရေနွေအိုး တကရားနဲ့ အဲဒီ သစ်ပင်အောက်က ခုံတန်းမှာထိုင်ပြီး သောင်ရင်းမြစ်ကို ငေးကြည့်ရတဲ့အရသာကို အချိန်ထိ သတိရနေဆဲဖြစ်ပါတယ်။ အဲ … အဲဒီသဘာဝအလှအပ ရှုခင်းတွေအပြင်ပေါ့လေ၊ ကျနော်ခဏခဏ သွားဖြစ်တဲ့ နောက်ထပ် အကြောင်းရင်းတခုကတော့ လှပတဲ့ ဆိုင်ရှင်ကောင်မလေး တယောက်ကြောင့်လို့ ဝန်မခံရင် သတင်းထိန်ချန်ရာ ကျပါလိမ့်မယ်။
နောက်တနေ့မှာတော့ ရှေ့မှာပြောခဲ့တဲ့ ဗိုလ်ချုပ်မောင်မောင်ရဲ့ အိမ်ဘေးကနေ ထီးသေခီးဘက်သွားတဲ့ ကားလမ်းအတိုင်း ဆက်လျှောက်ရင်းနဲ့ မဒတရုံးကို ကျနော်ရောက်သွားပါတယ်။ အဲဒီကာလ ရုံးထိုင်နေသူတွေထဲမှာ ရခိုင်ပါတီက ခိုင်စိုးနိုင်အောင်နဲ့ မွန်ပြည်သစ်ပါတီက နိုင်ဟံသာတို့ကို ကျနော်မှတ်မိနေပါတယ်။ အဲဒီရုံးကို ကျော်ပြီးဆက်သွားတော့ တောင်ကုန်းတခုပေါ်မှာ ဖက်ဒရယ်တက္ကသိုလ်ကို တွေ့ရပါတယ်။
ရန်ကုန်တက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်နဲ့ ထားဝယ်ကောလိပ်တွေကိုသာ တွေ့ဖူးတဲ့ ကျနော့်အဖို့ ဖက်ဒရယ်တက္ကသိုလ် ဆိုတာဟာ အထူးအဆန်းပါ။ မြင်နေရတဲ့ အဆောက်ဦးက မြေစိုက် တဲတလုံးသာသာ ဖြစ်ပေမယ့် သင်ကြားနေတဲ့ဆရာတွေက နိုင်ငံတကာက ရောက်လာသူတွေ။ သင်ရိုးညွှန်းတမ်းကလည်း နိုင်ငံတကာ တက္ကသိုလ်တွေကနေ သင့်တော်တာတွေကို ကောက်နှုတ်ထားတဲ့ အနှစ်ချုပ်သင်ရိုး။ ကျောင်းသားတွေကတော့ ထီးသေခီး အထက ကနေ ၁၂ တန်းအထိ အောင်မြင်ပြီးတဲ့ ကရင်ကျောင်းသားကျောင်းသူလေးတွေ။
ဖက်ဒရယ်တက္ကသိုလ်က အပြန်မှာတော့ ကျနော်တို့ မင်းသမီးခစန်းက ရဲဘော် ၂၀ ဦးအပါဝင် ဘုရားသုံးဆူ၊ သေဘောဘိုးနဲ့ တခြားစခန်းအသီးသီးက DAB စစ်ကြောင်းအတွက် ရောက်နေတဲ့ ABSDF ကျောင်းသား ၁၀၀ ခန့်ကို ရှေ့မှာပြောခဲ့တဲ့ ဧည့်သည်တော် ဘားတိုက်မှာ တွေ့လိုက်ရပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB) စစ်ကြောင်းတွေ အလုပ်ဖြစ်ခဲ့တယ်လို့ ဆောင်းပါးအခန်း ၈ မှာ ကျနော်ရေးခဲ့မိပေမယ့် တကယ်ကတော့ ဒီ ပထမအကြိမ် စစ်ကြောင်း အလုပ်မဖြစ်ဘူးလို့ ပြန်သိရပါတယ်။
DAB တွဲဖက်အတွင်းရေးမှူးနဲ့ ABSDF ဗဟို အတွင်းရေးမှူး ကိုသန်းဝင်း ခေါ်ယူခဲ့တဲ့ ကျောင်းသားတပ်ဖွဲ့ ၁၀၀ ဝန်းကျင်ဟာ DAB စစ်ကြောင်းမဖွဲ့နိုင်ပဲနဲ့ မာနာပလောမှာ သတင်း ၂ ပတ်လောက် သောင်တင်ပြီးနောက် မိခင်စခန်းတွေဆီ ကိုယ့်အစီစဉ်နဲ့ကိုယ် ပြန်ခဲ့ရတယ်လို့ အဲဒီစစ်ကြောင်းမှာ ပါဝင်ခဲ့သူ မင်းသမီးခစန်းမှ ကျောင်းသားတဦးက ဒီဆောင်းပါး ရေးနေစဉ် ကျနော်ကို ပြန်ပြောပြခဲ့ပါတယ်။
နောက်ထပ် ထူးထူးခြားခြား ကျနော်မှတ်မိနေတဲ့ အချက်တခုကတော့ နိုင်ငံခြားသား ဧည့်ရိပ်သာမှာ တည်းတဲ့ အမေရိကန်သူ မီမီမြင့်ဖူးပဲ ဖြစ်ပါတယ်။ အားလုံးငှက်ဖျားရုပ် ပေါက်နေတဲ့ဒေသမှာ အမေရိကားကနေ ရောက်လာတဲ့ မီမီမြင့်ဖူးကို ကျောင်းသားတွေ အလုအယက် စိတ်ဝင်စားတာ အဆန်းတော့ မဟုတ်လောက်ပါဘူး။ ပဒိုဘသင်အိမ်မှာ ကျနော်တည်းနေစဉ် နိုင်ငံခြားရေးဌာနက ဦးအောင်ခင်အပါဝင် ကျောင်းသားခေါင်းဆောင် တချို့နဲ့အတူ မိမိမြင့်ဖူးတို့အဖွဲ့ ရောက်လာတာဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ မီမီမြင့်ဖူးပါတဲ့အဖွဲ့ဟာ DAB ရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ ကုလမဂ္ဂအပါဝင် နိုင်ငံတကာဆီ သွားရောက်ဆွေးနွေးတာတွေ၊ နိုင်ငံခြားဆက်ဆံရေးကို တက်ကြွစွာ ဆောင်ရွက်ခဲ့တာ တွေရှိခဲ့ပါတယ်။ တချိန်တည်းမှာပဲ နဝတ ဘက်ကလည်း မြက်ခင်းသစ်မဂ္ဂဇင်းကနေ ကျောင်းသားတွေနဲ့ မီမီမြင့်ဖူးကို အတုံးလိုက်အတစ်လိုက် ဝေဖန်တာတွေကို ဖတ်ခဲ့ရဖူးပါတယ်။
၁၉၈၉ အစောပိုင်းကာလက သွားခဲ့တဲ့ ကျနော်ရဲ့ မာနယ်ပလော ခရီးစဉ်အတွင်း မဒတရုံးနဲ့ ဖက်ဒရယ်တက္ကသိုလ်ကို ကျော်ပြီး တောင်ဘက်ကို မသွားခဲ့ဖူးပါ။ အဲဒီတောင်ဘက်မှာ ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်လမ်းနဲ့ NLD-LA ရုံး၊ လူဘောင်သစ်ပါတီရုံး၊ ရဟန်းပျိုများသမဂ္ဂရုံး၊ NCG ရုံးတွေ ရှိပါတယ်။
အလားတူ ဆံသဆိုင်နဲ့ ထမင်းရုံကို ကျော်ပြီး မြောက်ဘက်ကိုလည်း မသွားခဲ့ဖူးပါ။ မြောက်ဘက်မှာ ၁၉၉၀ နောက်ပိုင်း ABSDF ဌာနချုပ်ရုံးရှိရာ လောကွာလူကုန်း၊ ကိုမိုးသီးဇွန်တို့ ဗဟိုဌာနချုပ်တောင်ကုန်း၊ ၂၀၈ တောင်ကုန်းနဲ့ ကွန်မန်ဒိုကုန်းတို့ ရှိပါတယ်။ ဒါကြောင့် ၁၉၈၉ တုန်းက ကျနော်ရောက်ဖူးတဲ့ မာနယ်ပုလောစခန်းဆိုတာဟာ ဘောလုံးကွင်းဝန်းကျင်ရှိ ရုံးခန်းတဝိုက် သက်သက်မျှသာဖြစ်ခဲ့ပါတယ်။
(မှတ်ချက် ။ ။ ဒါဟာ ၁၉၈၉ ခရီးစဉ်မျှသာဖြစ်ပြီး ၁၉၉၂ မာနယ်ပလောတိုက်ပွဲ စစ်ကူခရီးစဉ်၊ ၁၉၉၃ ABSDF ပြန်လည်ပေါင်းစည်း ရေးဆွေးနွေးပွဲ မာနယ်ပုလောခရီးစဉ်တွေကိုတော့ နောက်ပိုင်းမှာ ဆက်လက်ဖော်ပြပါမယ်။)
…………………………..
သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၄) >>>>>
ထက်အောင်ကျော်