BREAKING
October 16, 2024

ဘန်ကောက်တွင် မြန်မာအမျိုးသမီးက မွေးကင်းစကလေး အလောင်းကို အမှိုက်ပုံးထဲ စွန့်ပစ်

October 16, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖတ်ခနုံနယ်မြေတွင် မြန်မာအမျိုးသမီးတစ်ဦးသည် မွေးကင်းစ ကလေးငယ်တစ်ဦး၏ အလောင်းကို အမှိုက်ပုံးထဲသို့ စွန့်ပစ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အိတ်ထဲစွန့်ပစ်ထားသော မွေးကင်းစကလေးငယ်၏ အလောင်းကို အမှိုက်သိမ်းကားမောင်းသမားက ယနေ့ (အောက်တိုဘာ ၁၆) နံနက် ၉ နာရီအချိန်ခန့်က တွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာ အာဏာပိုင်များကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

အမှိုက်ပုံးများထဲမှ အမှိုက်များကို သိမ်းရန်လာစဉ် အဆောင်ရှေ့က အမှိုက်ပုံးအပြာထဲတွင် အိတ်ကြီးတစ်အိတ်တွေ့ရှိခဲ့ကြောင်း အမှိုက်ကားမောင်းသမားက ရဲတပ်ဖွဲ့သို့ ဖြေကြားထားသည်။

အိတ်ထဲတွင် အမှိုက်များမရှိဘဲ ကလေးငယ်၏ အလောင်းနှင့် အဝတ်အစားတစ်ချို့ကို တွေ့ရသဖြင့် အာဏာပိုင်များကို ချက်ချင်းအကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့များနှင့် ဆေးရုံက မှုခင်းဆရာဝန်များ ရောက်ရှိလာခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ကလေးငယ်သည် ကိုယ်ဝန် ၇ လသားအရွယ် ယောက်ျားလေးဖြစ်ပြီး သေဆုံးချိန် တစ်ရက်ခန့်ကြာနေပြီဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

အနီးအနားက အခန်းများကို စစ်ဆေးကြည့်သောအခါ ကလေးမိခင်ဖြစ်သူသည် အသက် ၂၁ နှစ်အရွယ် မနန်းအမည်ရှိ မြန်မာအမျိုးသမီးတစ်ဦးဖြစ်ကြောင်း တွေ့ရှိခဲ့ရဟုဆိုသည်။

မြန်မာအမျိုးသမီးသည် အခန်းထဲတွင် မောပန်းလျက် အားနည်းနေသည်ကို တွေ့ရှိခဲ့ကြပြီး ကလေးငယ်ကလည်း သူမ၏ ကလေးငယ်ဖြစ်သည်ကို ဝန်ခံခဲ့ကြောင်း ရေးသားထားသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က အခန်းထဲရှိနေစဉ် ဗိုက်နာလာကာ ကလေးကို အသေမွေးဖွားခဲ့သဖြင့် ကလေးငယ်၏ အလောင်းကို အိတ်ထဲထည့်၍ အိမ်ရှေ့ရှိ အမှိုက်ပုံးထဲသို့ စွန့်ပစ်ခဲ့ခြင်းဟု မြန်မာအမျိုးသမီးကဆိုသည်။

ကလေးငယ်၏ မိဘနှစ်ဦးစလုံးသည် ထိုင်းနိုင်ငံတွင် တရားဝင် လုပ်ကိုင်နေကြသူများဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေကြကြောင်း သတင်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် ကလေးမိဘနှစ်ဦးစလုံးကို ဖတ်ခနုံရဲစခန်းကို ခေါ်ယူစစ်ဆေးနေဆဲဖြစ်ပြီး ကလေးငယ်၏ အလောင်းကို ချူလာလောင်ကွန်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: komchadluek, Matichon Online, Khaosod, Siamrath