BREAKING
October 16, 2024

လောင်းလုံးတွင် စစ်ကောင်စီတပ်က ‌အရပ်သားတစ်ဦးကို ပစ်သတ်ပြီး နေအိမ်မီးရှို့

October 16, 2024

ပုံစာ - မီးရှိူ့ခံရသည့်နေအိမ်။ ဓာတ်ပုံ - Dawei Watch

လောင်းလုံးမြို့နယ် အောက်ဘက်ပိုင်းကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ‌ယနေ့တွင် အရပ်သားတစ်ဦးကို ပစ်သတ်ခဲ့ပြီး နေအိမ်တစ်ဆောင်ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်သည် လောင်းမြို့နယ်ရှိ ညင်းမော်၊ ဂေါ့အင်း၊ အောက်ရေဖြူကျေးရွာများ ဘက်သို့ အောက်တိုဘာလ ၁၃ ရက်မှစပြီး စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းသည် ယနေ့ (အောက်တိုဘာ ၁၆) မနက် ၄ နာရီခန့်တွင် ဂေါ့အင်းကျေးရွာရှိ နေအိမ်တစ်ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ယင်းနောက် အောက်ဘက်သို့ ဆက်လက်စစ်ကြောင်းထိုးလာခဲ့ပြီး နေ့လယ်ပိုင်းတွင် အောက်ရေဖြူကျေးရွာသို့ ရောက်လာကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ မိနစ်အနည်းငယ်ဖြစ်ပွားပြီးနောက် အမျိုးသားတစ်ဦးကို ပစ်သတ်သွားခြင်းဖြစ်သည်။

အဆိုပါ အရပ်သားကို အောက်ရေဖြူဘုရားတောင်ခြေရင်း ဈေးအနီးတွင် ပစ်သတ်ထားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

“သေတာက ဘယ်သူလဲတော့ တိတိကျကျမသိရသေးဘူး။ ယောက်ျားတစ်ယောက် အင်္ကျီအဖြူနဲ့ ဘုရားတောင်‌ခြေရင်းမှာ ပစ်သတ်ခံထိပြီး လဲနေတယ်ဆိုတာပဲသိသေးတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။

ယင်းအပြင် ကဒက်ငယ်ထိန်ကျေးရွာတွင်လည်း အိပ်ယာထဲလဲနေသည့် အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ကျည်ဆန်ထိမှန်ခဲ့သေးကြောင်း‌ သိရသည်။

“နေမကောင်းလို့ အိပ်ယာထဲလဲနေတာကို ကျည်ဆန်ထိသွားတယ်လို့ပြောတယ်။ သေသလား၊ ရှင်သလား မသိသေးဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်မှာ အောက်ရေဖြူကျေးရွာအနီးဝန်းကျင်တွင် တပ်စွဲထားဆဲဖြစ်သောကြောင့် အနီးဝန်းကျင်ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသဖြင့် အသေးစိတ်အချက်အလက်များကို မေးမြန်းမရသေးပေ။

စစ်ကောင်စီတပ်သည် လမ်းတွင်တွေ့သည့် ဒေသခံများကို ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေရာ လက်ရှိအချိန်အထိ ဖမ်းဆီးထိန်သိမ်းခံရသူ ရာချီရှိနေပြီဖြစ်ပြီး အချို့မှာပြန်လွတ်လာကြောင်း သိရသည်။

ယင်းအပြင် စစ်ကောင်စီတပ်က တစ်ညအိပ်စခန်းချတပ်စွဲသည့် ရွာထဲတွင်လည်း နေအိမ်များ၊ ကုန်စုံဆိုင်များကို ဖောက်ထွင်းပြီး မွှေနှောက်ရှာဖွေယူကာ စိတ်ကြိုက်ယူဆောင်နေကြကြောင်း ဒေသခံတို့ကပြောသည်။

စစ်ကောင်စီတပ်သည် လောင်းလုံးအောက်ပိုင်းကျေးရွာများကို စစ်ကြောင်းထိုးလာတိုင်း ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း စသည့်နေရာတို့တွင်သာ တပ်စွဲနေထိုင်လေ့ရှိကြောင်း ဒေသခံတို့က ပြောသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်သည် အောက်ရေဖြူဘုရားကုန်း၊ အထက်တန်းကျောင်း တို့တွင် တပ်စွဲထားသည်ဟု ကြားသိရကြောင်းဒေသခံတို့က ဆိုသည်။

စစ်ကြောင်းထိုးနေသည့်အချိန်အတွင်း လျှပ်စစ်မီးလည်းပြတ်တောက်နေသဖြင့် စစ်ဘေးရှောင်ဒေသခံများ အခက်အခဲဖြစ်နေကြကြောင်း ပြောဆိုသည်။