BREAKING
October 16, 2024

သီတင်းကျွတ် အလှဆင်ပစ္စည်းများ အရောင်းပါး

October 16, 2024

ပုံစာ - ယခုနှစ် သီတင်းကျွတ်လဆန်း၁၃ ရက်က တွေ့ရသည့် ထားဝယ်မြို့ ဇရစ်ရပ်ကွက် မီးအလှဆင်ထားသည့် မြင်ကွင်း။ ဓာတ်ပုံ - Hein & Dawei Festival page

သီတင်းကျွတ်ကာလ အလှဆင်သည့် လျှပ်စစ်မီးသီးများနှင့် လက်လုပ်မီးအိမ်များ ယခုနှစ်တွင် အရောင်းပါးနေသည်ဟု သီတင်းကျွတ်အလှဆင်ပစ္စည်း ရောင်းချသူများက ပြောသည်။

“ရောင်းရတာ အားမရဘူး ။ သီတင်းကျွတ် ပထမနေ့မှာတောင် ရောင်စုံမီးကုံး ၂၀ ပဲရောင်းရသေးတယ်။ အရင်နှစ်တွေကဆို ရောင်းအားကောင်းလို့ ဆိုင်ရှေ့မှာ ထွက်ခင်းထားပေးရတယ်။ လမ်းသွားလမ်းလာမှန်သမျှဝယ်တယ်” ဟု ထားဝယ်မြို့က လျှပ်စစ်ပစ္စည်း လက်လီလက်ကား ဆိုင်ရှင်ကပြောသည်။

နယ်ကျေးရွာအချို့တွင်လည်း နယ်မြေအခြေအနေ မတည်ငြိမ်သဖြင့် နေရပ်စွန့်ရသူများလာပြီး နေအိမ်တွင် သီတင်းကျွတ်ကာလ မီးအလှဆင်သူ နည်းလာသဖြင့် နယ်ဘက်သို့ တင်ပို့ရောင်းရမှုလည်း နည်းလာကြောင်း ၎င်းကဆိုသည်။

ယခုနှစ် နေအိမ်များတွင် မီးအလှဆင်ရန်ဝယ်သူနည်းပြီး ရုံး၊ဘဏ်၊ဟိုတယ်နှင့်ဌာနဆိုင်ရာစသည့် မဖြစ်မနေ မီးအလှဆင်ရမည့် နေရာများကသာ အဝယ်များကြောင်း ၎င်းကဆက်ပြောသည်။

အလှဆင်မီးစျေးနှုန်းများလည်း မြင့်တက်သွားပြီး ယခင်နှစ်က ကျပ်တစ်ထောင်ကျော်သာရှိသည့် လျှပ်စစ်အလှဆင်မီးကုံးများမှာ ယခုနှစ်တွင် ကျပ် သုံးထောင်ငါးရာ ဖြစ်သွားပြီဖြစ်ကြောင်း ၊ ပစ္စည်းအရောင်းပါးသဖြင့် ပုံစံအသစ် ၊ ဒီဇိုင်းအသစ်များ ထပ်တင်သွင်းခြင်းမရှိတော့ကြောင်း လျှပ်စစ်ပစ္စည်းစျေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

တန်ဆောင်တိုင်ကာလအကြိုအတွက် ဘုရားတံကဲ (ပုလ္လင်နောက်မှီ)များအတွက် မီးပြင်ဆင်သူများလည်း ယခုနှစ်အလုပ်ပါးကြောင်း မီးအလှဆင်သူများကဆိုသည်။

” ထားဝယ်မြို့ပေါ်က ဘုရားကလည်း အရင်လို ညဘက်မလှည့်တော့ မီးအလှဆင်တဲ့အပိုင်းကို အားလျှော့လိုက်ကြတယ် ။ နယ်ဘက်ဘုရားပွဲတွေကလည်း မလုပ်ကြတော့ဘူး ။ အရင်က ဒီကာလဆို မီးသမားတွေ လက်မလည်ဘူး ။ အခုကတော့ အလုပ်တော်တော်ပါးတယ်” ဟု ထားဝယ်မြို့က ဘုရားမီးစက်ြာအလှဆင်သူတစ်ဦးကပြောသည်။

ဝါးခြမ်းပြားနှင့် ဆီစိမ်စက္ကူကို အခြေခံပြုလုပ်သည့် လက်လုပ်မီးအိမ်များလည်း ယခုနှစ်တွင် အရောင်းပါးကြောင်း မီးအိမ်ပြုလုပ်သူ အမျိုးသမီးတစ်ဦးက ပြောပြသည်။

” အရင်နှစ်တွေထက်အရောင်းပါးတယ် ။ သီတင်းကျွတ် မှာ မီးအိမ်ဓလေ့မပျောက်အောင်ပဲ လုပ်နေတာပါ ။ မီးအိမ် ဝယ်သုံးကြသူတွေတော့ ဆက်ရှိနေသေးတယ် “ ဟု ၎င်းကဆိုသည်။

ထားဝယ်မြို့ပေါ် ရပ်ကွက်လမ်းမများတွင်လည်း မီးအလှဆင်သည့် ဇရစ်ရပ်ကွက်တစ်ခုသာ တွေ့ရတော့သည်ဟု မြို့ခံများကပြောသည်။ လူငယ်အများစု မရှိတော့သဖြင့် မီးအလှဆင်မှု နည်းလာခြင်း ဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ယင်းအပြင် ထားဝယ်မြို့နယ်ရှိ ကျေးရွာအချို့တွင် ညနေပိုင်းမှ ညဦးပိုင်းအထိ ပုံမှန်မီးပျက်နေ၍ သီတင်းကျွတ်မီးအလှမဆင်တော့ကြောင်း မီးပုံမှန်ပျက်နေသည့် ကျေးရွာမှ ဒေသခံတို့ကဆိုသည်။

” ကျောက်ရပ်မှာ မီးနေ့တိုင်း နီးပါး သေ(ပျက်) တယ် ။ မီးအလှထွန်းချိန်ပဲ သေနေတာလေ ။ အလှဆင်လည်း မထူးလို့ အများစုက မီးအလှမဆင်ကြတော့ဘူး ။ တချို့အိမ်တွေမှာတော့ အလှဆင်ထားတယ် ” ဟု ကျောက်ရပ်ရွာသူတစ်ဦးက ပြောသည်။

ကိုဗစ်မတိုင်မီက ထားဝယ်မြို့တွင် သီတင်းကျွတ်ကာလမှ တန်ဆောင်တိုင်ကာလအထိ ဘုရားစေတီများ၊ နေအိမ်များ၊ရုံးများ၊ လမ်းများ၌ လနှင့်ချီ၍ မီးအလှဆင်သည့်အလေ့အထရှိခဲ့သည်ဟု မြို့ခံများထံကသိရသည်။