BREAKING
October 16, 2024

ကျွန်းစုတွင် သန်းခေါင်စာရင်းကောက်နေသည့် ပျူစောထီးအဖွဲ့များကို ပကဖ တိုက်ခိုက်

October 16, 2024

ပုံစာ - ကျွန်းစု ပကဖ ရဲဘော်များ(ပုံဟောင်း) ဓာတ်ပုံ - ကျွန်းစု ပကဖ

ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ ပဲ့တိုင်ရွာတွင် သန်းခေါင်စာရင်းကောက်ရန်လာသည့်အဖွဲ့အား လုံခြုံရေးယူပေးသည့် ပျူစောထီးအဖွဲ့ ၏ စခန်းကုန်းကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ ကြောင်း အောက်တိုဘာလ ၁၅ ရက်က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၁၄ရက်နှင့် ၁၅ရက်တို့တွင် နှစ်ရက်ကြာ သန်းခေါင်စာရင်းကောက်ရန်လာသည့် အဖွဲ့ရှိနေစဉ် အောက်တိုဘာလ ၁၄ ရက် (ပထမရက် သန်းခေါင်စာရင်းကောက်ယူပြီးည) ည ၉ နာရီတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျွန်းစုပကဖထံမှ သိရသည်။

“ပျူတွေကတော့ လုံခြုံရေးလည်း ယူပေးတယ်။ သန်းခေါင်စာရင်းကောက်နေတာလည်းရှိတယ်။ တိုက်တာကတော့ ကျွန်တော်တို့ ဝင်တိုက်တာပါ” ဟု ကျွန်းစု ပကဖ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ငမန်းက ပြောသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် ပျူစောထီးစခန်းကုန်းဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ကြာ ထပ်မံဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆိုသည်။

ပစ်ခတ်မှုဖြစ်နေစဥ်အတွင်း စမုံချောင်းဝတွင် ကင်းလှည့်နေသည့် ရေတပ်သင်္ဘောကလည်း လက်နက်ကြီး ပစ်ကူပေးခဲ့ကြောင်း ကျွန်းစု ပကဖ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကျွန်းစု ပကဖ များ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပြီး ဆက်သွယ်ရေးအခက်အခဲရှိသဖြင့် ပျူစောထီးများ၏ ထိခိုက်မှု ရှိမရှိကို ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့လယ်ပိုင်း အထိအတည်မပြုနိုင်သေးကြောင်း ရဲဘော်ငမန်းက ပြောဆိုသည်။

အပြန်အလှန်ပစ်ခတ်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုအတွင်း နေအိမ်နှင့် အရပ်သားထိခိုက်မှုမရှိခဲ့ဟု ဒေသခံအချို့နှင့် ရဲဘောငမန်းတို့က ဆိုသည်။

ယခုတိုက်ခိုက်ခံရသည့် ပျူစောထီးစခန်းကုန်းသည် ပဲ့တိုင်ရွာနှင့် မီတာ ၅၀၀ ခန့်အကွာတွင်ရှိပြီး ပျူစောထီးအင်အား၂၀ ခန့်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များက ပြောသည်။

ကျွန်းစုမြို့နယ်တွင် ကျေးရွာပေါင်း ၁၆၀ ကျော်ရှိသည့်အနက် ကျေးရွာ ၄၀ ကျော်ကို စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူထားနိုင်သည်ဟု သတင်းရရှိကြောင်း ရဲဘော်ငမန်းက ပြောဆိုသည်။

အောက်တိုဘာလ ၁ရက်မှ ၁၅ရက်အထိ စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ရာတွင် ပါဝင်သဖြင့် တနင်္သာရီတိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များက ဖမ်းဆီးထားသူ ၁၈ ဦးရှိပြီး လုံခြုံရေးယူသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီး များ တိုက်ခိုက်ခံရမှု နှစ်ကြိမ်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များ၏ မှတ်တမ်းများအရ သိရသည်။