BREAKING
October 16, 2024

ထိုင်း ချွန်ဘူရီတွင် မြန်မာလူငယ်တစ်ဦး သတ်သေရန်ကြိုးပမ်း

October 16, 2024

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် တံတားပေါ်က ခုန်ချသတ်သေရန် ကြိုးစားနေသော မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ကယ်တင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အသက် ၂၇နှစ်အရွယ် မြန်မာနိုင်ငံသားသည် အောက်တိုဘာလ ၁၄ ရက်နေ့က ချွန်ဘူရီခရိုင် စီရချားဒေသရှိ အမြန်လမ်းမ လူကူးခုံးကျော်တံတားပေါ်က ခုန်ချရန် ကြိုးစားခဲ့ကြောင်း ဖော်ပြသည်။

၎င်းသည် ခုံးကျော်တံတားပေါ်သို့ တက်သွားပြီး လက်ရန်းကိုကျော်ကာ တံတားဘေးအစွန်တွင် ထိုင်နေသည်ကို ပြည်သူတစ်ဦးက မြင်သဖြင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ကြောင်း ဆိုသည်။

ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာပြီး ဘာသာပြန်နှင့်အတူ စပီကာဖြင့်ပြောဆိုကာ မြန်မာနိုင်ငံသားကို ဖျောင်းဖျခဲ့ကြောင်း ရဲတပ်ဖွဲ့ဘက်က ပြောဆိုသည်။

သို့သော်လည်း သူ့အနီး မည်သူမျှ မလာကြရန်၊ အကယ်၍ လာပါက ခုန်ချမည်ဟု မြန်မာနိုင်ငံသားက ဆိုခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။

မိနစ် ၂၀ ခန့်ကြာသည်အထိ ဖျောင်းဖျပေးခဲ့သော်လည်း လက်ခါပြ၍ ဆက်တိုက် ငြင်းဆိုနေခဲ့ကြောင်း ဆိုသည်။

တံတားအောက်ရှိ ရဲတပ်ဖွဲ့ဝင်များက ဆက်တိုက်ပြောဆိုဖျောင်းဖြနေစဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦးက လမ်းသွားလမ်းလာ ဟန်ဆောင်ကာ တံတားပေါ်တက်သွားပြီး အနီးသို့ ချဉ်းကပ်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ထိုစဉ် ရဲတပ်ဖွဲ့ဝင်က မြန်မာနိုင်ငံသားကို လှမ်းဆွဲနိုင်ခဲ့ပြီး ကျန်ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့က တက်လာကူ၍ လက်ရန်းကိုကျော်ကာ တံတားထဲသို့ ပြန်လည်ဆွဲသွင်းနိုင်ခဲ့သည်ကို ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။

မြန်မာနိုင်ငံသားသည် စိတ်ဓာတ်ကျနေပြီး အိမ်ကို သတိရ၍ ပြန်လိုသော်လည်း ပိုက်ဆံမရှိသဖြင့် မပြန်နိုင်သောကြောင့် သတ်သေရန် တွေးမိခြင်းဖြစ်ကြောင်း ဘာသာပြန်ကတစ်ဆင့် ရဲတပ်ဖွဲ့ထံ ဖြေကြားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံသား၏ မျက်နှာတွင်လည်း ပြတ်ရှဒဏ်ရာသုံးချက် တွေ့ရှိသဖြင့် ရှေးဦးကုသပေးခဲ့ပြီး အနီးရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: CH 7, ASEAN Now