BREAKING
October 16, 2024

ပုလော ဘုရင့်တောင်ရွာအနီး တိုက်ခိုက်ခံရမှုတွင် KNLA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံး

October 16, 2024

ပုံစာ - ပလောက်မြို့အနီးက ဘုရင့်တောင်ရွာ ပြည်ထောင်စုကားလမ်းမပေါ် နယ်‌မြေစိုးမိုးလှုပ်ရှားနေသည့် KNLA တပ်ရင်း ၁၂၊ တပ်ခွဲ ၂ ကစယ်ဒို"ကျား"အထူးတပ်ဖွဲ့ ကိုမြင်တွေ့ရစဉ်။

ပုလောမြို့နယ်၊ ဘုရင့်တောင်ရွာအနီး ပစ်ခတ်တိုက်ခိုက်ခံရမှုတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၁၂) က တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကြောင်း ဒေသခံအချို့နှင့် KNU တပ်မဟာ (၄)၊ KNLA တပ်ရင်း (၁၂) တို့ထံမှ သိရသည်။

အောက်တိုဘာလ ၁၂ ရက်တွင် ပလောက်အခြေစိုက် ခလရ ၂၈၀ တပ်ရင်းက စစ်ကောင်စီတပ်သားနှစ်ဦး ထွက်ပြေးလာပြီး KNLA တပ်ရင်း (၁၂) ထံတွင် လက်နက်မပါဘဲ ခိုလှုံလာကြောင်း ၎င်းတို့က ပြောသည်။

လက်နက်များကို တစ်နေရာတွင် ဝှက်ထားခဲ့သည်ဆိုသဖြင့် ခိုလှုံလာသူနှစ်ဦးကို ခေါ်ဆောင်ကာ KNLA တပ်ဖွဲ့ဝင်တို့ ဘုရင့်တောင်ရွာဘက်တွင် လက်နက်ပြန်ယူရန်သွားစဉ် အသင့်စောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သဖြင့် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။

လက်နက် ပြန်ယူစဉ် အသင့်စောင့်ဆိုင်း ပစ်ခတ်ခံရမှုမှာ ထောင်ချောက်ဆင်ထားသကဲ့သို့ဖြစ်နေကြောင်း KNLA တပ်ရင်း (၁၂)၊ တပ်ခွဲ (၂) ကစယ်ဒို “ကျား” အထူးတပ်ဖွဲ့၏ တပ်ခွဲမှူး စောဘဦးသစ်က ပြောသည်။

“အဲဒီလိုပဲ ကျွန်တော်တို့သုံးသပ်တယ်လေ။ သူတို့က အသင့်နေရာယူပြီး စပစ်လို့ ကျွန်တော်တို့ ရဲဘော်ကျတာပေါ့” ဟု ၎င်းက ပြောဆိုသည်။

KNLA ထံ ခိုလှုံလာသည်ဆိုသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးမှာ ပလောက်အခြေစိုက် ခလရ ၂၈၀ တပ်ရင်းကဖြစ်ပြီး ပစ်ခတ်မှု ဖြစ်ပွားချိန်တွင် ထွက်ပြေးလွတ်မြောက်သွားကြောင်း စောဘဦးသစ်က ပြောဆိုသည်။

“သေနတ်တွေကို ဝှက်ခဲ့တယ်လို့ပြောတယ်။ သူတို့သေနတ်တွေ သွားပြန်ယူခိုင်းတာမှာ စကစဘက်က ကင်းပုန်းဝပ်နေတာနဲ့ တိုးပြီးပစ်ခံရတာ” ဟု KNLA တပ်ရင်း (၁၂) က တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေဆုံးသည့် ရဲဘော်၏ ရုပ်အလောင်းကို အောက်တိုဘာလ ၁၄ရက် ညနေပိုင်းတွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း KNLA တပ်နှင့် နီးစပ်သူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဘုရင့်တောင်ရွာသည် ထားဝယ်-မြိတ် ကားလမ်းဘေး ဆင်ထိုးကြီးကျေးရွာအုပ်စုက ကရင်တိုင်းရင်းသားများ အများဆုံး နေထိုင်ကြသည့် ကျေးရွာတစ်ရွာဖြစ်သည်။

ဆင်ထိုးကြီးကျေးရွာအုပ်စုတွင် KNLA တပ်နှင့် စစ်ကောင်စီတပ်များရှိနေပြီး ဩဂုတ်လ ၁ ရက်ကစပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်။

နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ဆင်ထိုးကြီးကျေးရွာအုပ်စုက ဒေသခံများထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။