ကိုယ်တို့ အထက်တန်းကျောင်းသား ဘဝဖြစ်ချိန်မှာ အပြင်စာတွေကို အတန်အသင့် ဖတ်တတ်နေခဲ့ပြီလို့ ပြောနိုင်ပါတယ်။ ကိုယ်ကျင်လည်ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်ကလည်း အပြင်စာတွေ ဖတ်ဖြစ်အောင် တွန်းပို့ပေးသလို ဖြစ်နေခဲ့ပါတယ်။ မူလတန်းကျောင်းသား အရွယ်ကတည်းက ရွှေသွေး၊ တေဇ၊ တို့ကျောင်းသား၊ မိုးသောက်ပန်း အစရှိတဲ့ ကလေးစာပေတွေကို တွေ့သမျှဖတ်ပြီး စုနိုင်သမျှကိုလည်း စုထားဖို့ ဝါသနာပါခဲ့ပါတယ်။
မှတ်မှတ်ရရ ကိုယ်တို့ရွာကနေ အလယ်တန်းကျောင်းကို သွားတဲ့လမ်းမှာ မျှားနတ်မောင် စာပေဆိုတဲ့ စာအုပ်အငှားဆိုင်လေး တစ်ဆိုင်ရှိပါတယ်။ စာအုပ်ဆိုင်ပိုင်ရှင် အစ်ကိုကြီးဟာ အသက်(၄၀) လောက်ရှိပြီး အသားဖြူဖြူ အရပ်ပုပုနဲ့ အင်မတန် သဘောကောင်းပါတယ်။ သူကိုကြည့်လိုက်တိုင်း သန့်သန့်ပျံ့ပျံ့ရှိပြီး အမြဲပြုံးနေတတ်ပါတယ်။
သူ့ခေတ်သူ့အခါအရ စာအုပ်အငှားဆိုင်ဟာ စီးပွားဖြစ်တဲ့ လုပ်ငန်းတစ်ခုပါ။ အခုခေတ်လို နည်းပညာတွေ မထွန်းကားသေးတော့ ဗဟုသုတရှာမှီးစရာ အပန်းဖြေစရာတွေက ရွေးချယ်စရာ သိပ်မရှိဘူးလေ။ လူငယ် လူလတ် ယောက်ကျား မိန်းမ အတော်များများက စာအုပ်ဆိုင်တွေနဲ့ မကင်းကြ ပါဘူး။ စာအုပ်အငှားဆိုင်တွေကလည်း ပေါပေါများများ မရှိပါဘူး။ တကယ့်ကို ရှားပါးပစ္စည်းလို့ ပြောလို့ရပါတယ်။
စာအုပ်ဆိုင်ပိုင်ရှင်က ကိုယ်တို့လို ကျောင်းသူကျောင်းသားတွေ စာအုပ်ငှားရင် အချစ်ကြောင်း ရေးထားတဲ့ ရုပ်ပြတွေ ဝထ္တုစာအုပ်တွေကို မငှားပါဘူး။ ကာတွန်းအောင်ရှိန်ရဲ့ တီထွင်ပါရဂူ ဖိုးဆိတ်ဖြူ၊ စုံထောက်ဦးရှံစားနဲ့ ဦးဒိန်းဒေါင်၊ ကာတွန်းမောင်ဝဏ္ဏရဲ့ သမိန်ပေါသွပ်၊ ကာတွန်းအောင်အောင် ရေးဆွဲတဲ့ ရွှေဂေါင်းပြောင်၊ ဆွေမင်းဓနုဖြူရဲ့ တွတ်ပီ အစရှိတဲ့ ကာတွန်းစာအုပ်လေးတွေကိုပဲ ရွေးပြီးငှားပေးလေ့ရှိပါတယ်။
ကိုယ်တွေလည်း အစမှာတော့ ဒီလိုကာတွန်းလေးတွေနဲ့ပဲ ကျေနပ်နှစ်သက် နေကြရ ပါတယ်။ အဲဒီတုန်းက စုံထောက်ဦးရှံစားနဲ့ ဦးဒိန်းဒေါင်တို့ ရွှေဂေါင်းပြောင်တို့ဆိုတာ ရုပ်ရှင်ဇာတ်ကားတွေ အဖြစ် ရိုက်ကူးရတဲ့ ဇာတ်လိုက်ကြီးတွေ မဟုတ်လား။ ရုပ်ပြဖတ်ထားပြီး ရုပ်ရှင်ကြည့်ရတော့ ဆရာကြီးအထာ ဖြစ်နေကြတာပေါ့။
ခုနှစ်တန်း၊ ရှစ်တန်းအရွယ်ရောက်လာတော့ စာအုပ်ဆိုင်ပိုင်ရှင်နဲ့ ပိုပြီးရင်းနှီးလာ ခဲ့ပါတယ်။ ကိုယ်တွေက သူများတွေလို အပျော်တမ်းငှားသူ မဟုတ်တော့ဘဲ ဖောက်သည်သဘောမျိုး ဖြစ်လာခဲ့ပါတယ်။ ဒီတော့ ဆားပုလင်းနှင်းမောင်လိုမျိုး စုံထောက်ရုပ်ပြစာအုပ်လေးတွေကို ငှားပေး လာပါတော့တယ်။ အဲဒီကတစ်ဆင့် နန်းဦး၊ ဟိန်းမင်းဇာ၊ နေကျောက်ခဲ၊ ဘိုဘို၊ ထွန်းမင်းလတ်၊ ရာမ၊ လက္ခဏ၊ စံရွှေမြင့် စတဲ့ ရုပ်ပြစာအုပ်တွေကို ငှားရမ်းဖတ်ရှုခွင့် ရလာခဲ့တယ်ဆိုပါတော့။
တိုက်တိုက်ဆိုင်ဆိုင် ကိုယ်တို့ရဲ့ ဆရာတစ်ဦးဟာ ရာသက်ပန် ရဟန်းဘဝကို ကူးပြောင်း သွားပြီး သူစုဆောင်းထားတဲ့ စာအုပ်တွေနဲ့ အလှူရှင်တွေရဲ့စာအုပ်တွေကို စုပေါင်းပြီး ဘုန်းကြီးကျောင်းမှာ စာကြည့်တိုက်တစ်ခု ထူထောင်ခဲ့ပါတယ်။ သူ့တပည့်တွေဖြစ်တဲ့ ကိုယ်တို့ကို တစ်ပတ်ကို စာအုပ်ဘယ်နှစ်အုပ်ငှားရမယ်လို့ စီစဉ်ပေးလာတာကြောင့် ကိုယ်တို့ရဲ့ စာဖတ်တတ်တဲ့ အလေ့အထဟာ ပိုမိုစွဲမြဲစေခဲ့ရပါတယ်။
အထက်တန်းကျောင်းသား ဖြစ်လာချိန်မှာ လုံးချင်းဝတ္ထုတွေ အတော်များများကိုဖတ်ပြီး ခံစားမျှဝေတတ်နေခဲ့ပြီ ဆိုပါတော့။ တက္ကသိုလ်နောက်ခံတွေရေးတဲ့ ငြိမ်းကျော်၊ နွမ်ဂျာသိုင်း၊ တက္ကသိုလ်ဘုန်းနိုင်၊ ဘဝသရုပ်ဖော်ရေးတဲ့ ဆရာမောင်သာရ၊ မောင်သာပြည့်၊ အချစ်အလွမ်းရေးတဲ့ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ဟာသဇာတ်လမ်းတွေရေးတဲ့ ကြူမွှေး၊ စုံထောက်ဇာတ်လမ်းတွေရေးတဲ့ မင်းသိင်္ခတို့ရဲ့ စာအုပ်တွေနဲ့ ကလောင်အမည်တွေ အတိအကျ မမှတ်မိတော့သည့် စာရေးဆရာများရဲ့ ဘာသာပြန်သိုင်းဝတ္ထုတွေကို စွဲစွဲမြဲမြဲဖတ်ခဲ့တဲ့ အချိန်ပေါ့။
အမျိုးသမီးစာရေးဆရာမတွေရဲ့ ဝတ္ထုတွေကို ဖတ်ဖြစ်ပါတယ်။ ကလျာ(ဝိဇ္ဇာသိပ္ပံ)ကတော့ လျှို့ဝှက်သည်းဖို ဇာတ်လမ်းတွေရေးလို့ ပိုကြိုက်တယ်လို့ ခံစားရပါတယ်။ တစ်လတစ်ကြိမ် ထုတ်တဲ့ ရုပ်ရှင်မဂ္ဂဇင်းတွေကတော့ ကျောင်းသူလေးတွေရဲ့ အသဲစွဲလို့ ပြောနိုင်ပါတယ်။
ကိုယ်တို့ခေတ်က တက္ကသိုလ်ဆိုတာ အခုလိုများများစားစား မရှိပါဘူး။ ကိုယ်တို့ရဲ့တိုင်း မြို့တော်ကြီးမှာတောင် ဒေသကောလိပ်အဆင့်ရှိတဲ့ ကျောင်းတစ်ခုပဲ ရှိပါသေးတယ်။ ဝိဇ္ဇာသိပ္ပံ ပထမနှစ်နဲ့ ဒုတိယနှစ်ကို သင်ပါတယ်။ တတိယနှစ်နဲ့ စတုတ္ထနှစ်ကို မော်လမြိုင်မြို့မှာ သွားတက် ကြရပါတယ်။ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကိုတော့ သက်ဆိုင်ရာ တက္ကသိုလ်တွေရှိတဲ့ မြို့ကြီးတွေမှာ သွားတက်ကြရပါတယ်။
ကိုယ့်တို့ရွာက မြို့ကြီးပြကြီးတွေမှာ တက္ကသိုလ်ကျောင်း သွားတက်နေကြတဲ့ စီနီယာကြီး သုံးလေးယောက်လောက် ရှိကြပါတယ်။ တိတိကျကျပြောရရင် ရန်ကုန်စက်မှု တက္ကသိုလ်မှာ တက်နေတဲ့ အင်ဂျင်နီယာကျောင်းသားကြီး တစ်ယောက်ရယ်၊ ပျဉ်းမနား ရေဆင်းတက္ကသိုလ်မှာ တက်နေတဲ့ တိရိစ္ဆာန်ဆေးကု ဆရာဝန်လောင်းတစ်ယောက်ရယ်၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှာ တက်နေသူတစ်ယောက်နဲ့ မော်လမြိုင်တက္ကသိုလ်မှာ တက်နေသူတစ်ယောက်ရယ် စုစုပေါင်း (၄) ယောက်ရှိပါတယ်။ အားလုံးက ယောက်ကျား လေးတွေချည်း ဖြစ်ကြပါတယ်။
တစ်ရွာလုံးက ဖူးဖူးမှုတ်ထားကြသူတွေလို့ ပြောနိုင်ပါတယ်။ ရွာရဲ့ စံပြပုဂ္ဂိုလ်တွေ ဆိုပါတော့။ တစ်နည်းပြောရရင် ကိုယ်တို့ရဲ့ ဟီးရိုးကြီးတွေပေါ့လေ။ ကျောင်းတွေပိတ်လို့ သူတို့ ရွာပြန်ရောက်ချိန်မှာ သူတို့ရဲ့ နေပုံထိုင်ပုံ ဝတ်ပုံစားပုံ ပြောပုံဆိုပုံတွေကို ကိုယ်တို့က အတုခိုး ကြရပါတယ်။ သူတို့အားလုံးကလည်း ထူးထူးထွေထွေအပြစ် ဆိုစရာမရှိ သူ့နည်းသူ့ဟန်များဖြင့် ရိုးသားကြိုးစားကြသူများ ဖြစ်ကြပါတယ်။ စာဖတ်ကြသူများ ဖြစ်ကြပါသည်။
ကိုယ့်အနေနဲ့ သူတို့ဆီက အဓိကအတုယူ ဖြစ်တာကတော့ စာဖတ်ခြင်းပါပဲ။ သူတို့ဘယ်လို စာအုပ်မျိုးကို ဖတ်လေ့ရှိကြသလဲ။ စာပေနဲ့ပတ်သက်ပြီး သူတို့ဆီမှာ ဘာတွေရနိုင်မလဲ အစရှိသဖြင့် အခွင့်အရေး ရရင်ရသလို စူးစမ်းဖြစ်ပါတယ်။ သူတိူ့အထဲမှာ ကိုယ်နဲ့သူငယ်ချင်းလို ညီအစ်ကိုလို နေတဲ့သူတစ်ယောက်ရှိပါတယ်။ အထူးသဖြင့် သူနဲ့ပိုနီးစပ်ပြီး စာအုပ်တွေအကြောင်း ပြောဖြစ်ကြ လေ့ရှိပါတယ်။ အဓိက သူကပဲဦးဆောင်ပြီး ဖတ်သင့်တဲ့ စာအုပ်တွေကို ပြောပြတာမျိုး ရှာဖွေပေးတာမျိုးပါ။ သူနဲ့ပဲ မြို့ပေါ်က စာအုပ်ဆိုင်ကြီးတွေကို စပြီးရောက် ဖြစ်ပါတယ်။
ဥပမာ ကိုယ်က မင်းသိင်္ခရဲ့ ဆားပုလင်းနှင်းမောင်ဝတ္ထုတွေကို ဖတ်ရတာ ကြိုက်နှစ်သက် ကြောင်းပြောပါတယ်။ သူက စာရေးဆရာမင်းသိင်္ခဟာ စုံထောက်ဇာတ်လမ်းတွေအပြင် အခြား စွန့်စားခန်း ဝတ္ထုတွေကိုလည်းရေးကြောင်း မင်းသိင်္ခရဲ့ရေးသားပုံတွေက ဆရာကြီးရွှေဥဒေါင်းရဲ့ ရေးသားပုံတွေနဲ့ ဆင်တူကြောင်းကို ဇာတ်လမ်းအတော်များများလည်း တူတာများကြောင်း ပြောပြတတ်ပါတယ်။
မင်းသိင်္ခရဲ့ “ဆားပုလင်းနှင်းမောင်” “မာလီမှူးထူးစိန်” တို့ဟာ ရွှေဥဒေါင်းရဲ့ “စုံထောက်ဦးစံရှား” “ရတနာသိုက်” တို့နဲ့ တူနေကြောင်း ပြောပြလို့ သိခဲ့ရပါသေးတယ်။ မင်းသိင်္ခရေးတဲ့ “မောင်မင်းကြီးသား မောင်မြဖေ” “ပျော်ပါသလား မောင်ပြည်သိမ်း” “ပုဏ္ဏားဘကွန်” “ဘာဘာဘာမှ မသိပါ” “စနေမောင်မောင်” “မနုစာရီ” အစရှိတဲ့ စာအုပ်များ ဆရာကြီးရွှေဥဒေါင်းရဲ့ “သွေးစုပ်မြေ” “ရူပနန္ဒီရူပကလျာဏီ” “ရတနာပုံ” “စန္ဒာဒေဝီ” “သူတော်စိန်” “စစ်ကိုယ်တွေ့” အစရှိတဲ့ စာအုပ်များကိုလည်း ရှာဖွေဖတ်ရှုခဲ့ရတာကို အခုအထိ အမှတ်ရနေပါသေးတယ်။
အဲဒီကတစ်ဆင့် ကိုယ်တို့ရဲ့ ဆယ်တန်းအင်္ဂလိပ်စာ ပြဋ္ဌာန်းချက်မှာပါတဲ့ စာရေးသူ Emily Bronte ရေးသားတဲ့ Wuthering Heights ဝတ္ထုဇာတ်လမ်းအကြောင်းကိုပါ ပြောဆိုဆွေးနွေးဖြစ်ခဲ့ ကြပါတယ်။ အနောက်နိုင်ငံများက ဝတ္ထုဇာတ်လမ်းများမှာ စိတ်ဝင်စားဖွယ် ကောင်းကြောင်း သူတို့ရဲ့ သမိုင်းနောက်ခံများနဲ့ ယဉ်ကျေးမှုများကို လေ့လာခွင့်ရကြောင်း ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ လေရူးသုန်သုန်(မူရင်းစာရေးသူMargaret Mitchell ရဲ့ Gone With The Wind ) ကိုလည်း ဖတ်သင့်ကြောင်း ညွှန်းဆိုပေးပြန်ပါတယ်။ မြသန်းတင့်ရေးတဲ့ “စစ်နှင့် ငြိမ်းချမ်းရေး” “ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်” ဆိုတဲ့စာအုပ်တွေဟာ အကြိမ်ကြိမ် ထုတ်ဝေရတဲ့ စာအုပ်တွေ ဖြစ်ကြပါတယ်။
ဒီလိုနဲ့ စာရေးဆရာကြီးများဖြစ်တဲ့ ဒဂုန်တာ၊ ဒဂုန်ရွှေမျှား၊ မဟာဆွေ၊ သော်တာဆွေ၊ လင်းယုန်မောင်မောင် အစရှိတဲ့ ဆရာတွေရဲ့ စာအုပ်များကို ဖတ်ရှုလေ့လာခဲ့ပါတယ်။ ချစ်ဦးညို ရေးတဲ့ “လင်္ကာဒီပချစ်သူ” ကတော့ လူငယ်တွေကို လှုပ်ခတ်စေတဲ့စာအုပ်လို့ ပြောနိုင်မယ် ထင်ပါတယ်။
ဆရာသိန်းဖေမြင့်ရေးတဲ့ စာအုပ်တွေအထဲက “အရှေ့ကနေဝန်းထွက်သည့်ပမာ” စာအုပ်ဟာ ဒီနေ့အထိ စွဲလန်းနေရတဲ့ စာအုပ်ဖြစ်ပါတယ်။ ဦးနုရဲ့ “တာတေစနေသား” “ငါးနှစ်ရာသီဗမာပြည်” “မိတ္တဗလဋီကာ” “လူပေါ်လူဇော် လုပ်နည်း” “ငရဲဆိုတာ ချိုနဲ့လား” အစရှိတဲ့ စာအုပ်များနဲ့ လင်းယုန်မောင်မောင်ရေးတဲ့ “ရဲခေါင်ပြောက်ကျား ချေဂွေဗားရား” “ကျူးဘားပြည်မှ ကြယ်နီ” ဆိုတဲ့ စာအုပ်တွေက ကိုယ်တို့ရဲ့ စိတ်တွေကို တက်ကြွလာအောင် ဆွဲခေါ်ခဲ့ပါတယ်။ သုတ ရသ အတွေးအမြင် စာပေတွေကို အဆင့်ဆင့်ပြောင်းလဲ ဖတ်ရှုခဲ့ရာမှ နိုင်ငံရေးစာပေများကိုလည်း ဖတ်ရှုလေ့လာ ဖြစ်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။
ကိုယ်တို့ခေတ်က အသက်ကြီးပိုင်းတစ်ချို့ဟာ ကိုယ်တို့လို ကျောင်းသားလေးတွေကို “မင်းတို့ ကျောင်းတွေမှာ သင်နေတဲ့သမိုင်းတွေက မမှန်ဘူးကွ အလိမ်တွေ”လို့ ပြောတတ်ကြ ပါတယ်။ လူငယ်တွေပီပီ မခံချင်ပေမဲ့ ဖတ်သင့်ဖတ်ထိုက်တဲ့ စာအုပ်တွေကို အသင့်အတင့် ဖတ်ရှုလေ့လာခွင့် ရထားတဲ့ ကိုယ်တို့အနေနဲ့ နာလိုခံခက် အောက်သက်သက် ဖြစ်ခဲ့ရပါတယ်။
ခေတ်ကာလ အခြေအနေကလည်း ပြည်သူ့ငွေကြေးတွေကို တရားမဝင်အဖြစ် ကြေညာခံထားရတာ ပူပူနွေးနွေးရှိနေသေးတဲ့ ၁၉၈၇ ဝန်းကျင် ဖြစ်ပါတယ်။ ဘီဘီစီ ဗွီအိုအေ အစရှိတဲ့ နိုင်ငံခြားအသံလွှင့် ရေဒီယိုတွေကလည်း နေ့စဉ်နေ့တိုင်း ဖြစ်ပျက်နေသမျှကို ပိုပိုသာသာ ထုတ်လွှင့်နေခဲ့ပြီလေ။ မကြာခင် ဒီနိုင်ငံမှာ နိုင်ငံရေးမုန်တိုင်းကြီး ထန်လာတော့မယ့် အရိပ်အရောင်တွေကို မြင်တွေ့နေရပြီဖြစ်တဲ့ ကာလကြီး မဟုတ်ပါလား။
ဧသုနိုင်
ဆက်လက်ဖော်ပြပါမည်။