BREAKING
September 19, 2024

ဇာဒီရွာဘက်ကို မောရဝတီရေတပ်နှင့် စစ်သင်္ဘောက လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်

September 16, 2024

ရေဖြူမြို့နယ် ၊ ဇာဒီကျေးရွာအုပ်စု ဘက်သို့ မောရဝတီရေတပ်စခန်းဌာနချုပ်နှင့် ဇာဒီချောင်းဝပင်လယ်ပြင်ရှိ ရေတပ်သင်္ဘောတို့က ယနေ့(စက်တင်ဘာ ၁၆) မနက်ပိုင်းကစ၍ မွန်းလွဲပိုင်းအထိ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့ထံကသိရသည်။

“ရေတပ်ဘက်က ၄ ချက်၊ သင်္ဘောဘက်က ၃ ချက် အားလုံး ၇ ချက်ပစ်တယ် ။ ကျတာက‌ ရွာပတ်ဝန်းကျင်မှာပဲကျတယ် ။ ရွာထဲမှာက ရွာသားတွေ မနေကြတော့ အထိအခိုက်မရှိဘူး” ဟု ဇာဒီရွာသားတစ်ဦးကပြောသည်။

ရေတပ်သင်္ဘောသည် စက်တင်ဘာလ ၁၅ ရက်ညက ဇာဒီချောင်းဝ ပင်လယ်ပြင်သို့ ပြန်လည်ရောက်ရှိလာသည်ဟု ရွာသားတို့ကဆိုသည်။

မောရဝတီရေတပ် နှင့် ရေတပ်သင်္ဘောက လက်နက်ကြီးဆက်တိုက်ပစ်ခတ်ခဲ့သော်လည်း ယနေ့မွန်းလွဲပိုင်းအထိ နှစ်ဖက်ပစ်ခတ်မှုပုံစံမျိုးမရှိခဲ့ဟု ရွာသားများကပြောပြသည်။

လက်နက်ကြီး စတင်ပစ်ခတ်ပြီးနောက် ဇာဒီ – ကံပေါက် လမ်းပိုင်းကိုလည်း ယနေ့‌နံနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ စစ်ကောင်စီတပ်က ပိတ်ထားလိုက်ကြောင်း လမ်းပိုင်းအသုံးပြုသူများထံကသိရသည်။

မောရဝတီရေတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အုန်းပင်ကွင်းစာသင်ကျောင်းလည်း နေ့လယ်ပိုင်းက ကျောင်းဆင်းပေးလိုက်သည်ဟု ကျောင်းသားမိဘတစ်ဦးကပြောသည်။

မောရဝတီရေတပ်က ဇာဒီရွာဘက်သို့ လက်နက်ကြီး ပစ်ခတ်လေ့ရှိပြီး အရပ်သားထိခိုက် သေဆုံးမှုလည်းရှိခဲ့ဖူးသည်။

ဇာဒီရွာသည် ဇွန်လနှောင်းပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းထိုးခံရပြီးကတည်းက ရွာလုံးကျွတ် နေရပ်စွန့်ခွာ တိမ်းရှောင်းနေရသည့် ကျေးရွာဖြစ်သည်။