BREAKING
September 19, 2024

မွေးကင်းစ မြန်မာကလေးကို ထိုင်းမိသားစုထံ ဆေးရုံကြီးကမှားပေးမှု ထိုင်းဖခင်ဖော်ထုတ်ရာမှ ပေါ်ပေါက်

September 16, 2024

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်၊ မဟာချိုင် ကထူးဘင်ဆေးရုံကြီးတွင် မွေးကင်းစ မြန်မာကလေးငယ်ကို ထိုင်းမိသားစုထံ မှားပေးခဲ့ပြီး ထိုင်းကလေးကို မြန်မာမိသားစုထံမှားပေးမှု ထိုင်းဖခင်၏ ဖော်ထုတ်မှုကြောင့် ပေါ်ပေါက်ခဲ့သည်။

ထိုင်းကလေးငယ်၏ ဖခင်ဖြစ်သူက အရေးပေါ်ခန်းတွင် တက်ရောက်ကုသနေသော ကလေးကို ပြန်လည်ရရှိချိန်တွင် မျက်ခုံးမွေးပြန်ပါမလာသည်ကို သတိထားမိရာမှတစ်ဆင့် ကလေးမှားနေသည်ကို သိရှိခဲ့ခြင်းဖြစ်သည်။

ကလေးမှားယွင်း ပေးအပ်မှုသည် ဩဂုတ်လ အလယ်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကထူးဘင်ဆေးရုံ၏ ဝန်ထမ်းများက မှားယွင်းခဲ့ခြင်းဖြစ်ကြောင်း ဆေးရုံဘက်က စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဝန်ခံလိုက်သည်။

ကလေးမှားယွင်းစွာ အပ်နှံခဲ့မှုနှင့်ပတ်သက်၍ စမွတ်စခွန်ခရိုင် ပြည်သူ့ကျန်းမာရေးဌာနနှင့် ကထူးဘင်ဆေးရုံကြီးက ယနေ့(စက်တင်ဘာ ၁၆) တွင် အမှားအတွက် ဝန်ခံခဲ့ကာ မိဘများထံ တရားဝင် တောင်းပန်၍ ဖြစ်စဉ်အတွက် အားလုံးကို တာဝန်ယူပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ကလေးနှစ်ဦးသည် မွေးကင်းစကလေးများဖြစ်ကြပြီး ထိုင်းနိုင်ငံသားနှင့် မြန်မာနိုင်ငံသား မိသားစုနှစ်ခု၏ ကလေးငယ်များ ဖြစ်ကြသည်။

ထိုင်းမိသားစုက သမီးဖြစ်သူကို ဩဂုတ်လ ၁၁ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ကလေးက အသက်ရှုမြန်နေသဖြင့် မိခင်ဖြစ်သူနှင့် ခွဲ၍ ပဋိဇီဝဆေး ၇ ရက်ပေးရန် အထူးကုသရေးအခန်းတွင် ပြောင်းရွှေ့ထားရသည်။

နောက်တစ်နေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် သူနှင့် ဇနီးဖြစ်သူတို့သည် ကလေးထားရှိသော ICU ထဲသို့ သွားရောက်ကြည့်ရှုခဲ့ကြသည်။

ICU ထဲတွင် ဓါတ်ပုံမရိုက်ရန် တားမြစ်ထားသော်လည်း ဩဂုတ်လ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ နေ့တိုင်းသွား၍ ကလေးပုံများကို ခိုးရိုက်ကာ ကလေးမိခင်ကို ပြလေ့ရှိကြောင်း ဖခင်ဖြစ်သူက ဆိုသည်။

ဩဂုတ်လ ၁၇ ရက်နေ့ သွားရောက်ကြည့်ရှုသည့်အချိန် ကလေးဆံပင်များတိုလာပြီး ကလေးမျက်နှာလည်း ပြောင်းလဲသွားခဲ့ကာ မျက်ခုံးမွေးများလည်း ပျောက်ဆုံးသွားခဲ့သည်ကို သတိထားမိကြောင်း ကလေးဖခင်ဖြစ်သူက ဆိုသည်။

နောက် ကလေးနာမည်ကတ်ပြားကို ကြည့်သောအခါ မတွေ့ရဘဲ အဝတ်အစားနှင့် ပဝါများကလည်း ကလေးပစ္စည်းများ မဟုတ်နေကြောင်း ဖခင်ဖြစ်သူက သတိထားမိသွားသည်။

ဖခင်ဖြစ်သူက သူနာပြုကို မေးမြန်းရာ ကလေးရေချိုးထားသဖြင့် နာမည်ကတ်ပြားပျောက်သွားခြင်းဖြစ်နိုင်ပြီး အဝတ်အစားများကလည်း လဲပေးထားခြင်းဖြစ်ကြောင်း ပြန်ဖြေကြားခဲ့သည်။

ဩဂုတ်လ ၁၈ ရက်နေ့တွင် ကလေးကုသမှုပြီးဆုံးသွားသဖြင့် ဆေးရုံက ဆင်းခဲ့ပြီးနောက် အိမ်သို့ ပြန်ရောက်သောအခါ ကလေးကို ဘယ်လိုကြည့်ကြည့် သူ့ကလေးမဟုတ်နေသည်ကို ဖခင်ဖြစ်သူက သတိထားမိသည်။

ယင်းကြောင့် ဩဂုတ်လ ၁၉ ရက်နေ့တွင် ဖခင်ဖြစ်သူက ဆေးရုံသို့ ဖုန်းဆက်မေးမြန်းရာ ကလေးက ၇ ရက်ကုသထားသဖြင့် လက်တွင် ဆေးထိုးအပ်ဒဏ်ရာရှိနိုင်သည်ဟုဆို၍ ပြန်စစ်ကြည့်ရာ ကလေးလက်တွင် ဒဏ်ရာ အမှန်တကယ်ရှိနေခဲ့သည်။

နောက်ထပ် ကလေးမျက်ခုံးမွေးက ဘယ်ရောက်သွားလဲဟု မေးမြန်းရာတွင် ဆေးရုံဘက်က ကလေးဖခင်ကို ကလေးမျက်နှာက နေ့တိုင်း ပြောင်းလဲနေသည်ဟု ပြန်ဖြေခဲ့ကြသည်။

နောက်တစ်နေ့တွင် Facebook အုပ်စုများထံ တင်၍ မေးမြန်ရာ အခြားမိဘများက မဖြစ်နိုင်ကြောင်းပြောပြီး ဆေးရုံပြန်သွားကာ DNA စစ်ကြည့်ရန် သူ့ကို အကြံပေးခဲ့ကြသည်။

သြဂုတ် ၂၁ ရက်နေ့တွင် ဖခင်ဖြစ်သူက ဆေးရုံသို့သွားပြီး ရှင်းပြရာ ဆေးရုံသူနာပြုက အဖေ၊ အမေနှင့် ကလေးသွေးနမူနာများကို ယူစစ်ခဲ့ရာမှာ ကလေးသည် ၎င်းတို့၏ ကလေးမဟုတ်မှန်း ရှင်းရှင်းလင်းလင်း သိလိုက်ကြရသည်။

“ကျွန်တော် တော်တော် ဒေါသလည်းထွက်သလို ကျွန်တော့်ကလေးအတွက်လည်း စိတ်မကောင်းဖြစ်မိတယ်။ နောက် ဒုဆေးရုံအုပ်ထံသွားပြီးတော့ ကျွန်တော့်ကလေးအစစ်ကို တွေ့လို‌ကြောင်း ပြောခဲ့တယ်” ဟု ကလေးဖခင် ထိုင်းနိုင်ငံသား Anucha က ဆိုသည်။

ယင်းနောက် ကလေးနှစ်ဦးနှင့် မိဘများကို DNA စစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် ပိုသေချာသွားခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ် DNA နမူနာများကို ဘန်ကောက်ရှိ ဆေးရုံသို့ ပို့ဆောင်စစ်ဆေးခဲ့ပြီးနောက် ပိုသေချာသွားခဲ့ခြင်းဖြစ်ကြောင်း ဆေးရုံဘက်က ပြောကြားထားသည်။

ကထူးဘင်ဆေးရုံဘက်က ကလေးမိဘများ၏ DNA စစ်ဆေးပြီးနောက် ကလေးများကို သက်ဆိုင်ရာ မိဘအရင်းများထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း ဆိုသည်။

ကလေးမှားယွင်းခဲ့မှုအတွက် ဆေးရုံဘက်က ဆေးကုသစရိတ် ကင်းလွတ်ခွင့်ပေးခဲ့ပြီး လျော်ကြေးအတွက် ၂ ပတ်စောင့်ဆိုင်းပေးကြရန် မေတ္တာရပ်ခံထားသည်။

ယင်းအပြင်ကလေးငယ်များ၏ ရေရှည် ပြုစုကုသမှုများအတွက်ပါ တာဝန်ယူပေးမည်ဖြစ်ကြောင်း ဆေးရုံဘက်က ပြောကြားထားသည်။

အဆိုပါ ကလေးနှစ်ဦးကို ကုသနေသည့်အချိန် ကလေးလူနာဆောင်တွင် နေမကောင်းသဖြင့် ဆေးရုံတက်နေသော ကလေး ၁၀ ဦးနှင့်အထက် ရှိနေကြောင်း ဆေးရုံဘက်က ဆိုသည်။

ထိုအချိန်တွင် ကလေးနှစ်ဦးသည် ရောဂါအခြေအနေအရ အကြောဆေးများနှင့် စလင်းများ ချိတ်ထားရကြောင်း ဆေးရုံဘက်က ဆိုသည်။

ကုသမှုများပြီးနောက် ကလေးနှစ်ဦးကို ရေချိုး၊ အဝတ်အစားလဲပြီးသောအချိန် ကလေးနှစ်ဦး၏ အချက်အလက်များမှတ်ထားသော လက်ပတ်များကို ဖြုတ်ထားခဲ့ကြောင်း ဆေးရုံဘက်က ဆိုသည်။

ယင်းမှစ၍ ကလေးအချင်းချင်း လွဲမှားသွားခဲ့ရခြင်းဖြစ်ကြောင်း ဆေးရုံဘက်က ပြောကြားထားသည်။

ကလေးလွဲသွားမှုကြောင့် ပထမကလေးသည် ပဋိဇီဝဆေး ၇ ရက်ထက် ပိုပေးခဲ့မိပြီး ဒုတိယကလေးသည် ဆေးကို ၇ ရက်ပြည့်အောင် မပေးခဲ့ရကြောင်း ဆေးရုံဘက်က ဆိုထားသည်။

လက်ရှိတွင် ထိုင်းဖခင်ဖြစ်သူက ဆေးရုံဘက်က အမြန်ဆုံးရှင်းရှင်းလင်းလင်းဆောင်ရွက်ပေးရန် တိုက်တွန်းထားပြီး ဆေးရုံဘက်က ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းကလေးဖခင်ဖြစ်သူက Facebook စာမျက်နှာတွင် အခြားသူများ လေ့လာနိုင်ရန် ပြန်လည်မျှဝေခဲ့သည်။

အကယ်၍ သူကလေးငယ်ကို အနီးကပ် ကြည့်ရှုပြီး မစစ်ဆေးနိုင်ခဲ့ပါက သူ့ကလေးအရင်းသည် မြန်မာနိုင်ငံသို့ ပါသွားနိုင်ကြောင်း သူက ဖော်ပြထားသည်။

ထုတ်ပြန်ချက်များနှင့် ထိုင်းသတင်းများတွင် မြန်မာကလေးငယ်၏ မိဘအချက်အလက်များကို ဖော်ပြထားခြင်းမရှိသဖြင့် မသိရှိရသေးပေ။

Ref: Khaosod English