BREAKING
September 19, 2024

စစ်ကောင်စီက လောင်းလုံး‌ ညောပြင်ရွာထဲ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

September 16, 2024

ပုံစာ - စစ်ကောင်စီတပ်ဒရုန်းဖြင့်ပစ်ချပေါက်ကွဲခဲ့သည့် ဗုံးအစိတ်အပိုင်းတစ်ခု။

လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာပျူစောထီးစခန်းကို ရောက်ရှိနေသည့် စစ်ကောင်စီတပ်က ညောပြင်ကျေးရွာကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ယနေ့ မနက် ၁၀ နာရီဝန်းကျင်တွင် ကျောက်နီမော်စခန်းမှ ကျောက်ဝပ်ပြင်ကျေးရွာသို့ ရောက်လာပြီး မွှေနှောက်ရှာဖွေခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ယင်းနောက် ကျောက်ဝပ်ပြင်ကျေးရွာနှင့် ရွာချင်းကပ်နေသည့် ညောပြင်ကျေးရွာကို နေ့လယ် ၂ နာရီခန့်တွင် ဒရုန်းဖြင့် ဗုံးလေးလုံးကြဲချခဲ့ကြောင်း၊ ညောပြင်ရွာလမ်းပေါ် သုံးလုံးကျရောက် ပေါက်ကွဲခဲ့ဟု ၎င်းတို့ကဆိုသည်။

“ပြည်သူတွေတော့ ဘေးကင်းပါတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။

ညနေ ၃ နာရီကျော်အချိန်အထိ စစ်ကောင်စီတပ်သည် ကျောက်ဝပ်ပြင်ကျေးရွာတွင် ရှိနေဆဲဖြစ်ပြီး ဒေသခံ ‌သတင်းရင်းမြစ်များထံ ဖုန်းဆက်သွယ်ရာတွင် စက်ပိတ်ထားကြသဖြင့် အသေးစိတ် မသိရသေးပေ။

စက်တင်ဘာလ ၉ ရက်နေ့က ကျောက်နီမော်ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က သွားရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက အင်အားတိုးမြှင်ပြီး အနီးအနားကျေးရွာများကို စစ်ကြောင်းထိုးခြင်း၊ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်နေသည်။

ယင်းသို့တိုက်ခိုက်ခဲ့ခြင်းကြောင့် ဇလွတ်ရွာတွင် နေအိမ်တစ်ဆောင် လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ပြီး ဒေသခံအသက်ကြီးပိုင်းအမျိုးသားတစ်ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရှိခဲ့ကြသည်။