BREAKING
September 19, 2024

ဒေါ်နယ်ထရမ့်ပ်ကို လုပ်ကြံရန် ထပ်မံကြိုးစား၊ ပစ်ခတ်ခြင်းမပြုမီ သေနတ်သမားကို ဖမ်းမိ

September 16, 2024

ပုံစာ - ဒေါ်နယ်ထရမ့်ပ်ကို လုပ်ကြံရန် ကြိုးစားသည်ဆိုသူ

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်ကို လုပ်ကြံရန် ကြိုးစားသည့် သေနတ်သမားကို ပစ်ခတ်မှု မပြုလုပ်နိုင်မီတွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး FBI က တရားခံကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

ပင်ဆယ်လ်ဗေးနီးယားပြည်နယ်က မဲဆွယ်ပွဲတစ်ခုတွင် ထရမ့်ကို လုပ်ကြံရန် ကြိုးပမ်းမှုအပြီး နှစ်လအကြာတွင် ဒုတိယအကြိမ် ထပ်မံလုပ်ကြံမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

လုပ်ကြံရန် ကြိုးစားမှုမှာ ဖလော်ရီဒါပြည်နယ်ရှိ ထရမ့်ပ်၏ ကိုယ်ပိုင်ဂေါက်ကွင်းတွင် စက်တင်ဘာ ၁၅ ရက် (တနင်္ဂနွေ)နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ မဲဆွယ်စည်းရုံးရေးကမ်ပိန်းအဖွဲ့က ပြောသည်။

သေနတ်သမားသည် ထရမ့်ပ်ဂေါက်ရိုက်နေသည့် နေရာနှင့် ကိုက် ၃၀၀ မှ ၅၀၀ အကွာအဝေးအတွင်း ရှိနေပြီး လုပ်ကြံရန် သေနတ်ဖြင့်ချိန်နေစဉ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

မှန်ဘီလူးတပ်ထားသည့် ရိုင်ဖယ်သေနတ်ပြောင်းတစ်လက် ဂေါက်ကွင်းခြံစည်းရိုးအနီးမှ ပြူထွက်နေသည်ကို Secret Service အေးဂျင့်တစ်ယောက်က သတိပြုမိခဲပြီး ယင်းနေရာကို သေနတ်ဖြင့်ပစ်ခတ်လာရာတွင် သေနတ်သမားမှာ အနက်ရောင်နစ်ဆန်းကားတစ်စီးဖြင့် ထွက်ပြေးသွားခဲ့ကြောင်း မျက်မြင်တစ်ယောက်က ပြောသည်။

အဆိုပါ မျက်မြင်သက်သေ၏ ဖော်ပြချက်ကြောင့် ရဲအရာရှိများသည် သေနတ်သမားထွက်ပြေး မောင်းထွက်သွားသည့် ကားနံပါတ်ကို ခြေရာခံနိုင်ခဲ့ပြီး ၎င်းသေနတ်သမားကို လက်ရဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခံနေရသည့် သေနတ်သမားအမျိုးသားမှာ Ryan Wesley Routh ဖြစ်ပြီး တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ရေး လုပ်ကိုင်သူတစ်ဦးဖြစ်သည်။

၎င်းသည် ယူကရိန်းအရေးကို နှစ်နှစ်ကာကာထောက်ခံပြီး သမ္မတဟောင်းဒေါ်နယ်ထရမ့်ပ်ကို မကြာမကြာ ဝေဖန်လေ့ရှိသူ ဖြစ်သည်။

မည်သည့်အတွက်ကြောင့် ဒေါ်နယ်ထရန်ကို လုပ်ကြံရန် ကြိုးစားခဲ့သည် ဆိုခြင်းကိုမူ ယခုအချိန်အထိ မသိရသေးပေ။

လက်ရှိအမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေးအကြမ်းဖက်မှုအတွက် လုံးဝနေရာမရှိကြောင်း ပြောဆိုခဲ့သည်။

သမ္မတဟောင်းထရမ့်ပ်၏ လုံခြုံရေးအတွက် Secret Service မှ နည်းလမ်းစုံဖြင့် စောင့်ကြပ်ဂရုစိုက်ပေးရန် ညွှန်ကြားထားသည်ဟု ဘိုင်ဒန်က ပြောသည်။

ထရမ့်ပ်၏ ပြိုင်ဘက်သမ္မတလောင်း ကမ်မလာဟဲရစ်နှင့် ဘိုင်ဒန်တို့နှစ်ဦးစလုံးက ထရမ့်ပ် လုံခြုံဘေးကင်းခဲ့ကြောင်း ကြားသိရသည့်အတွက် စိတ်သက်သာရာရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

Ref: CNN, BBC