တောဖိတ်နေ့နှင့် အဖိတ်နေ့များတွင် အဖြူရောင်တူညီဝတ်စုံဝတ်ထားသည့် ဥပါသကာအဖွဲ့များက တောင်ပိုင်းတနင်္သာရီတိုင်းရှိ မြို့၊ ရွာအနှံ့ ရှောင်မလွဲ တွေ့ရလေ့ရှိသည်။
မြို့ရွာအသီးသီးရှိ ဘုရား၊ ဘုန်းကြီးကျောင်းများ၏ ဝေယျာဝစ္စအတွက် လိုအပ်သည့် အလှူငွေအတွက် ထိုထိုသော ဥပါသကာအဖွဲ့များက ဝါတွင်းသုံးလပတ်လုံး လိုက်လံအလှူခံပြီး ဖြည့်ဆည်းလေ့ရှိသည်က တောင်ပိုင်းသားများ၏ ချစ်စရာဓလေ့တစ်ခုပင်။
ယင်းဥပါသကာအဖွဲ့များတွင် လူငယ်၊ လူလတ်၊ လူကြီးအရွယ်စုံက သိုက်သိုက်ဝန်းဝန်းဖြင့် အားတက်သရောလိုက်ပါလေ့ရှိသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်၏ ဖိနှိပ်ရမ်းကားမှုများကြောင့် တနင်္သာရီတိုင်းအတွင်းရှိ ဥပါသကာအဖွဲ့များမှာ အရေအတွက်အားဖြင့် လျော့ပါးသွားသည်။
ထို့အပြင် ပိတ်ဖြူလုံချည်နှင့် အဖြူရောင်အင်္ကျီဝတ်ပြီး အလှူခံဖလားကိုင်လေ့ရှိသည် ဥပါသကာလူငယ်အချို့မှာ စစ်အာဏာရှင် တိုက်ဖျက်ရေးအတွက် တော်လှန်ရေးတပ်သားများဖြစ်လာကြပြီး သေနတ်ကိုင်သည့် လက်များဖြစ်လာကြသည်။
ထို့အပြင် စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းစေမည့်စနစ်နှင့် ပြည်သူများကို ကင်းစောင့်ခိုင်းမည့် ပြည်သူ့လုံခြုံရေးစနစ်ကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့ ရောက်သွားကြပြီး ရွှေ့ပြောင်းလုပ်သားများ ဖြစ်သွားကြသည်။
ထိုကြောင့် လက်တစ်ဆုပ်စာကျန်ခဲ့သည့် ဥပါသကာအဖွဲ့များတွင် စစ်စနစ်အတွင်း အကျုံးမဝင်သည့် အသက် ၁၈ နှစ်အောက် ကလေးများနှင့် ၆၅နှစ်ကျော်အရွယ် လူကြီးပိုင်းများသာ ကျန်တော့သည့် အခင်းအကျင်းဖြစ်လာသည်။
ယင်းကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း ခေတ်ပျက်ချိန်အတွင်း ဥပါသကာများ၏ အခြေအနေကို သိရှိနိုင်ရန် ယခုအပတ်တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်း တင်ဆက်လိုက်ပါသည်။
“အခုခေတ်မှာ ဥပါသကာထွက်ရတာ အရမ်းအန္တရာယ်များသလို အရမ်းလည်း တာဝန်ကြီးတယ်”
ကိုစုကမ်း ဥပါသကာ လောင်းလုံးမြို့နယ်
DW ။ ဝါတွင်းဆိုရင် ဒေသရဲ့ဓလေ့လိုပဲပြောပြော ဥပါသကာအဖွဲ့တွေ အများကြီး ထွက်ကြတယ်။ အခုရော ဘယ်လိုအခြေအနေရှိလဲ။ ထွက်နေကြသေးလား။
ဖြေ ။ ထွက်တာတော့မတွေ့ရဘူး။ ကျွန်တော်တို့ပါဆိုမှ တစ်ရွာ၊ နှစ်ရွာလောက်ပဲ ထွက်တာတွေ့ရတယ်။ အဲဒါတောင်မှ ကျွန်တော်တို့အဖွဲ့ကပဲ တစ်ခြားနီးနီးနားနား ရွာတွေအထိ ပတ်ပြီးသွားကြတာ။ ကျန်တဲ့တစ်ဖွဲ့ဆို သူတို့ရွာထဲလောက်ပဲ။ ကျန်တဲ့ရွာတွေမသွားဘူး။ ပြောမယ်ဆိုရင်တော့ ဥပါသကာထွက်တာ အခုနောက်ပိုင်း သိပ်မတွေ့ရတော့ဘူး။
DW ။ ဘာလို့မထွက်ကြတော့တာလဲ။
ဖြေ ။ သူ့အကြောင်းနဲ့သူတော့ရှိမှာပေါ့။ တစ်ချို့ကျတော့လည်း လိုက်မယ့်သူ မရှိတာတွေလည်းရှိတယ်။ တစ်ချို့ကြတော့လည်း လမ်းမှာအန္တရာယ်ဖြစ်မှာစိုးလို့ မထွက်ကြတာပေါ့။ တိုက်ပွဲတွေမျိုးကြုံရင် မလွယ်ဘူးလေ။ ကိုယ့်ကိုယ်ကိုယ်ဘယ်သူက အန္တရာယ်ဖြစ်ခံပြီး လိုက်ချင်ကြမလဲ အဲဒါမျိုးတွေကြောင့်လည်းပါတာပေါ့။
DW ။ အစ်ကိုအနေနဲ့ကရော ဘာလို့ထွက်ဖြစ်နေတာလဲ။
ဖြေ ။ ကျွန်တော်ကတော့ အစဉ်အလာလေးတစ်ခုပေါ့။ အဲဒီအစဉ်အလာရိုးရာလေး ထိန်းသိမ်းချင်လို့ ထွက်တာပဲရှိတယ်။ အဲဒါလည်း အပတ်တိုင်းမထွက်နိုင်ဘူး။ အခြေအနေတွေ အကဲခတ်နေရသေးတယ်။ စစ်ကြောင်းထိုးမယ်လိုလို သတင်းထွက်နေလား။ ကိုယ်ထွက်မယ့် တစ်ခြားရွာတွေမှာ ဘာဖြစ်နေလဲ အဲတာတွေအရင်ဆုံးစုံစမ်းရသေးတယ်။ အားလုံးအေးဆေးတယ်ဆိုမှ အဲမှ လိုက်မယ့်သူတွေကို တစ်ခါလိုက်ပြီးတော့ ပြောရတာပေါ့။
DW ။ ဥပါသကာထွက်တာ အရင်အာဏာမသိမ်းခင်ကအခြေအနေနဲ့ အခုအခြေအနေ ဘာတွေကွာခြားသွားတာရှိလဲ။
ဖြေ ။ ကွာတာတော့ အများကြီးပဲပေါ့။ အရင်တုန်းကဆို ရွာတိုင်းလိုလိုက ထွက်ကြတာဆိုတော့ အဖိတ်နေ့ဆို လမ်းမှာအများဆုံးက ဥပါသကာအဖွဲ့တွေပဲလေ။ ထားဝယ်(မြို့ပေါ်)မှာဆိုရင် ဥပါသကာအဖွဲ့တွေများလို့ အသံချဲ့စက် ကျယ်ကျယ်မဖွင့်ရဘူး၊ မသွားရဘူးဆိုပြီးတောင်( အစိုးရက) တားသေးတယ်လေ။ နေ့ဖက်ရော၊ ညဖက်ရော ထွက်ချင်တဲ့အချိန်ထွက်၊ ညဖက်ဆိုလည်း ပြန်ချင်တဲ့အချိန်ပြန်လို့ရတယ်။ လွတ်လပ်မှုရှိတယ်။ အခုနဲ့မတူဘူး။ အခုကတော့ လွတ်လပ်မှုမရှိတော့ဘူး။ စောစောသွား၊ စောစောပြန်နေရတာပေါ့။ အခုက လိုက်မယ့်သူတွေကို အိမ်မှာလိုက်ပြီးပြောပေးဆို ပြောပေးရသေးတယ်။ ဘာမှမဖြစ်စေရဘူး အန္တရာယ်ဖြစ်လာရင် ကျွန်တော်ရှိတယ်။ ကျွန်တော်တာဝန်ထားဆိုပြီး အာမလိုက်ခံပေးရတယ်။ တစ်ခုခုဖြစ်ရင်တော့ ကိုယ့်ခေါင်းပဲအဲဒါ။ အခုခေတ်မှာ ဥပါသကာထွက်ရတာ အရမ်းအန္တရာယ်များသလို အရမ်းလည်း တာဝန်ကြီးတယ်။ အဲဒါကြောင့်လည်း သူများတွေမထွက်ကြတာပေါ့။
DW ။ ဥပါသကာထွက်ရင်းနဲ့ လမ်းမှာအန္တရာယ်နဲ့ကြုံရတာတွေရှိဖူးလား။
ဖြေ ။ ကြီးကြီးမားမားကြုံရတာတော့မရှိဘူး။ လမ်းတစ်ဝက်ကနေ ပြန်ပြေးလာရတာတော့ရှိတယ်။ အဲဒါကမနှစ်ကဖြစ်တာ။ ရွာထဲကို လက်နက်ကြီးလာကျလို့ အိမ်ကဖုန်းဆက်လိုက်တာနဲ့ ပြန်ပြေးလာလိုက်ရတယ်။
DW ။ အခုကာလ ဥပါသကာထွက်ရတာ ဘာတွေအခက်အခဲရှိလဲ။
ဖြေ ။ အခက်အခဲကတော့ အရှုံးပေါ်တာပဲ။ ထော်လဂျီထဲထည့်မယ့် စက်သုံးဆီဖိုးမရတဲ့ အခေါက်တွေလည်းရှိတယ်။ အဲလိုအခေါက်ဆိုရင် တစ်နေကုန်ခြေတိုအောင် လမ်းလျောက်လိုက်နေရတဲ့ ကလေးတွေကို မုန့်ဖိုးပဲဖိုးလေးပေး။ ကျန်တာကိုလှူလိုက်တယ်။ စက်သုံးဆီဖိုးကတော့ ကိုယ်ပဲစိုက်လိုက်တာပေါ့။ ဆီဖိုးရော၊ ထော်လာဂျီက ကိုယ်ပိုင်မို့လို့ ငှားရမယ်ဆိုရင် အဲဒါပါစိုက်ရမှာ။
DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
“ဝါတွင်းကာလမှာ နိဗ္ဗာန်ဆော်သံတွေ အရင်လိုမကြားရတော့တာကလည်း ကိုယ်မြို့ရဲ့ ယဉ်ကျေးမှုတစ်ခု ပျောက်ကွယ်သွားသလို ခံစားရတယ်”
ထားဝယ်မြို့ခံတစ်ဦး
DW ။ အဖိတ်နေ့တွေမှာ အရင်ကလို ဥပါသကာအဖွဲ့တွေ တွေ့ရသေးလား
ဖြေ ။ မတွေ့ရတော့ ရပ်ကွယ်ထဲက အဖွဲ့တွေပဲရှိတော့တယ်။ အရင်ကလို နယ်ကအဖွဲတွေ မရှိတော့ဘူး။ တစ်မြို့လုံးမှ ဆယ်ဖွဲ့လောက်ပဲရှိမယ်။ အိုးလုပ်အဖွဲ့ရှိမယ်၊ ဆန်းချီအဖွဲ့ရှိမယ်၊ ပုံကျွန်းအဖွဲ့ရှိမယ် (ရပ်ကွက်အလိုက် ဖွဲ့ထားသောအဖွဲ့များ) အဲလောက်ပဲတွေ့ရတော့တယ်။
DW ။ ထားဝယ်မြို့ပေါ် လက်ရှိအဖိတ်နေ့ မြင်ကွင်းလေးပြောပါပါလား။
ဖြေ ။ အရင်ကဆို ရှင်ကိုးရှင်ဘုရားတွေ ထွက်တယ်။မြို့ပေါ်ရှင်တွေဖြစ်တဲ့ ရှင်ဥဩ၊ ရှင်ပင်ခရု ဘုရားအဖွဲတွေ့ရှိတယ်။ အခုက အဲဒီအဖွဲ့တွေမရှိကြတော့ဘူး။ အရင်ကဆို ညဉ့်နက်တဲ့ အထိလမ်းမမှာရှိကြတယ်လေ။ ဥပါသကာအဖွဲ့တွေ။ အခုက ရပ်ကွက်ထဲမှပဲအလွန်ဆုံးညနေ ၆ နာရီလောက်အထိပဲ တွေ့ရတော့တယ်။
DW ။ တစ်ချိန်က နိဗ္ဗာန်ဆော်အသံလေးတွေကြားရရင် စိတ်ထဲဘယ်လိုခံစားရလဲ။
ဖြေ ။ အလှူခံလာရင်တော့ စိတ်ချမ်းသာရတာပေါ့။ စိတ်ထဲကကြည်နူးတယ်။ ရှင်မော်ဘုရားအဖွဲ့လာရင် ကြည်နူးရတယ်။ ရှင်မော်ဘုရားဆိုရင် အမြဲတမ်းသွားဖူး နေခွင့်မှမရတာ ဥပါသကာအဖွဲလေးနဲ့ ကိုယ်စားတော်လေး (ရှင်မော်စေတီ ကိုယ်စားတော် စေတီငယ်လေးတစ်ဆူကို ယာဉ်ပေါ်ပင့်ဆောင်ပြီး ဥပါသကာထွက်) လာတော့ စိတ်ကြည်နူးရတာပေါ့။ အခုက အဲလိုမျိုးဥပါသကာအဖွဲ့တွေ နည်းလာပြီအလှူခံတာမရှိတော့ဘူး။ ကိုဗစ်ကတည်းကပဲဆိုပါတော့။ ညဘက်မီးရောင်စုံလေးနဲ့ နိဗ္ဗာန်ဆော်ဆု ပေးသံလေးတွေ ကြားရရင် ကြည်နူးရတယ်။
DW ။ အခုရော အဲဒီလိုမြင်ကွင်းတွေ၊ စိတ်ခံစားမှု တွေ၊ ကြည်နူးရမှုတွေ ပြန်ရနေသေးလား။
ဖြေ ။ မရတော့ဘူး။ မီးရောင်စုံဘုရားပုံတော်တွေနဲ့ ဝတ်ဖြူတွေ မမြင်ရတော့ဘူး။ အဖိတ်နေ့ ညနေ ၅ နာရီလောက် ၆ နာရီလောက်ဆိုပဲ လမ်းမပေါ်မှာ၊ ရပ်ကွက်ထဲမှာ ဘယ်ဥပါသကာအဖွဲ့မှ မရှိတော့ဘူး။ အရင်ကလို ထားဝယ်မြို့ရဲ့ အဖိတ်နေ့ ပုံစံမျိုးမရတော့ဘူး။
DW ။ အစဉ်လာရှိတဲ့ဥပါသကာအဖွဲ့ကြီးတွေ ဘာကြောင့် မထွက်တော့ဘူးလို့ ထင်လဲ။
ဖြေ ။ သူတို့အခက်အခဲနဲ့ သူတို့ရှိမှာပေါ့လေ။ အလှူခံတစ်ခါထွက်ရင် လူအင်အားလည်း အရမ်းလိုတယ်လေ။ပြီးတော့ကားနဲ့ တစ်နေကုန် ညနေခမ်းသွားရတော့ ဆီစရိတ်တွေလည်းလိုလာပြီလေ။ လူအင်အား နည်းတာတွေ၊ အသုံးစရိတ်တွေ ကြီးလာတာတွေ အဲဒါတွေကြောင့်လို့လည်း ထင်တယ်။ နောက်ပြီးညမထွက်ရ အမိန့်တွေကြောင့်လည်း ပါမှာပေါလေ။
DW ။ အဖိတ်နေ့ ဥပါသကာအဖွဲ့တွေ ထွက်ကြတာဟာ ထားဝယ်ဒေသရဲ့ ထူခြားတဲ့ဝိသေသတစ်ခုပါ့နော်။ အခုလိုေပျာက်ကွယ်လုလုဖြစ်နေတဲ့အပေါ် ဘာပြောချင်လဲ။
ဖြေ ။ အရင်ကဆို အဖိတ်နေ့ဆိုရင် အိပ်ခါနီးထိတောင် ဥပါသကာအဖွဲ့တွေရဲ့ နိဗ္ဗာန်ဆော်သံ တွေကြားရတယ်။ အိမ်ရာထဲကကြားနေရတာတောင် စိတ်ကြည်နူးခဲ့ရတယ်ပေါ့။ အခုကလည်း လုံးဝပျောက်ကွယ်သွားတာမျိုးတော့ မဟုတ်ပေမယ့် အခြေအနေတစ်ခုခုကြောင့် သူတို့ မထွက်တာပေါ့လေ။ အခုကတော့ညဘက်ဆို ကိုယ့်မြို့ကြီးက တိတ်ဆိတ်သွားသလို ခံစားရတယ်။ ဝါတွင်းကာလမှ နိဗ္ဗာန်ဆော်သံတွေ အရင်လိုမကြားရတော့တာကလည်း ကိုယ်မြို့ရဲ့ ယဉ်ကျေးမှုတစ်ခု ပျောက်ကွယ်သွားသလို ခံစားရတယ်။ နိဗ္ဗာန်ဆော်ဆုပေးသံနဲ့ ဝတ်ဖြူတွေနဲ့ သွားနေတဲ့ နိဗ္ဗာန်မြင်ကွင်းတွေလည်း မရှိတော့ဘူး။အဓိကကတော့ နိုင်ငံရေးအပြောင်းအလဲ တစ်ခုကြောင့်ပေါ့လေ။ လူတွေက ညဖက်ထွက်လို့မှမရတော့တာ။
DW ။ ဒေသရဲ့ယဉ်ကျေးမှုဓလေ့တစ်ခု ပျောက်ကွယ်မယ့်အပေါ် ဘယ်လိုခံစားရလဲ။ ဘာပြောချင်လဲ။
ဖြေ ။ မပျောက်ကွယ်သွားစေချင်ဘူး။ အရင်လို ပြန်ပြီးမြင်ချင်တယ်။ အဖိတ်နေ့ညတိုင်း မီးရောင်စုံသပ္ပါယ်ထားတဲ့ဘုရားတွေနဲ့ နိဗ္ဗာန်ဆော် အဖွဲ့တွေကိုပြန်မြင်ချင်တယ်။ ကလေးတွေ ဆိုရင်နိဗ္ဗာဆော်အသံကြားရင် ပျော်တာ။ နိဗ္ဗာန်ဆော်လာတာနဲ့ အိမ်ရှေ့ထွက်ပြေး လှူစရာလေးတွေကိုင်ပြီး စောင့်ကြတယ်။ ဥပါသကာလာရင်တောင် သူတို့ အလိုလိုပျော်နေကြတာ။ လှူရတာကိုလည်းကလေးတွေကပျော်တယ်။ ဒါကြောင့် အရင်ကမြင်ကွင်းတွေလိုပဲ ပြန်မြင်ချင်တယ်။ အရင်ကနိဗ္ဗာန်ဆော်သံလိုမျိုး ပြန်ကြားချင်တယ်။
“မိဘတွေကတစ်ဆင့် လက်ဆင့်ကမ်းခဲ့တဲ့ ဓလေ့တစ်ခု မပျောက်သွားအောင်ပဲ လုပ်နေရတဲ့ အခြေအနေမှာရှိနေတယ်”
ထားဝယ်မြို့ပေါ်ရပ်ကွက်က ဥပါသကာအဖွဲ့ဦးဆောင်သူတစ်ဦး
DW ။ အကိုတို့ရပ်ကွက်မှာ ဥပါသကာထွက်သေးလား။
ဖြေ ။ ထွက်နေပါတယ်။ အရင်ကတည်းက အစဉ်အလာမပျက်ဘူး။ အခုနှစ်လည်း ထွက်နေပါသေးတယ်။
DW ။ အကိုတိုနဲ့အတူ မြို့ပေါ်မှာ ဝါတွင်းကာလအလှူခံထွက်နေတဲ့ ဥပါသကာအဖွဲ့ လက်ရှိ ဘယ်နှစ်ဖွဲ့လောက်ရှိလဲ ။ အရင်ကထက်များလား၊ နည်းလား။
ဖြေ ။ နည်းတာပေါ့ ရှင်ကိုးရှင်၊ ရှင်ပင်ခရု၊ ရှင်မော်တောင်နဲ့ သဲပုံစေတီ အဲလိုအဖွဲ့တွေမထွက်တာ လေးနှစ်လောက်ရှိပြီ။ ကိုဗစ်ကတည်းက နားလိုက်ကြတာ အခုထိပဲ။ အခုလက်ရှိထွက်နေတာ အနောက်ရွှေဘုံသာ၊ အရှေ့ရွှေဘုံသာ၊ ဝဲကျွန်း၊ ပုံကျွန်း၊ အိုးလုပ် ၊ဆင်ပုနစ် ၊ ဆန်းချီ ပြီးတော့ နောက်ထပ် သုံးဖွဲ့လောက် ပဲရှိတယ်။ အားလုံးဆယ်ဖွဲ့လောက်ပဲထွက်နေတယ်။ အရင်ကထက် အဖွဲ့အရေအတွက် ထက်ဝက်လောက်နည်းသွားတာပေါ့။
DW ။ ဥပါသကာတစ်ခေါက် ထွက်ဖို့ရော ဘာတွေစီစဉ်ရလဲ။
ဖြေ ။ ကားငှားရတယ် ။ ဆီကလည်း သွားသလောက် ထည့်ပေးရတယ် ။ မီးစက်၊ အသံချဲစက် နဲ့ အကျွေးအမွေးတွေရှိတာပေါ့ ။ ကုန်ကျစရိတ်က အရင်ကထက် သုံးဆလောက်တက်သွားတယ်။ အခုဝါတွင်း သီတင်းပတ်ရှစ်ခု မှာ ကုန်ကျစရိတ်နုတ်ပြီး အသားတင် တစ်ပတ်ကို အလှူခံကျန်ငွေ (ကျပ်)လေးသိန်းတော့ ကျန်ပါတယ်။
DW ။ အလှူခံရတာရော အရင်ကနဲ့အခုဘာကွာလဲ ။ အလှူခံရရှိမှု အခြေအနေကကော။
ဖြေ ။ အလှူရှင်အရေအတွက်က မကွာသွားဘူး ။ အလှူငွေရတဲ့ ပမာဏကလည်း များလာတာမှန်ပေမယ့် ပိုက်ဆံတန်ဖိုးမရှိတော့ ငွေအထုပ်အထည် ပိုက်ထားရသလိုမျိုး ဖြစ်နေတယ် ။ ကာလမတူတော့ အနည်းအများက နှိုင်းယှဉ်ပြီးပြောလို့မရဘူး ။
DW ။ အကိုတို့အဖွဲ့မှာ ဥပါသကာ လိုက်တဲ့ လက်ရှိအဖွဲ့ဝင် ဘယ်နှစ်ဦးရှိလဲ ။ အရင် အခြေအနေလေးပါ ပြောပေးပါ။
ဖြေ ။ အခုလက်ရှိ လူကြီး ဆယ်ယောက်ရှိတယ်။ ကျန်တာက ကလေးတွေ အရေအတွက်ရေလိုမရဘူး ။လူကြီးဆိုတာက ၁၈ နှစ်အထက်ပေါ့ ။ မနှစ်ကအထိ အဖွဲ့ဝင် နှစ်ဆယ်ကျော်ရှိတယ် ။ အခုက အကြောင်းအမျိုးမျိုးနဲ့ လူငယ်တစ်ချို့ မရှိကြတော့ အင်အားနည်းသွားတယ်။
DW ။ အခြား ဥပါသကာအဖွဲ့တွေရဲ့ အခြေအနေရောဘာကြားရသေးလဲ။
ဖြေ ။ တစ်မြို့လုံးထွက်တဲ့ အဖွဲ့ကြီးတွေရဲ့ အခြေအနေတော့မသိဘူး ။ နီးစပ်တဲ့ အဖွဲ့ငယ်အချင်းချင်း ပြန်ကြားရတာ ဥပါသကာထွက်ပြီးလို့ စာရင်းပြန်ချုပ်လိုက်ရင် ကုန်ဈေးနှုန်းကြောင့် ကုန်ကျစရိတ်က များနေတော့ အလှူငွေက သိပ်မကျန်ဘူးဖြစ်နေတယ်လို့ ကြားရတယ်။
DW ။ အခြားနယ်က မြို့ထဲလာအလှူခံတဲ့အဖွဲ့တွေရောရှိသေးလား။
ဖြေ ။ မရှိတော့ဘူး ။ မြို့ထဲကအဖွဲ့တွေလည်း မြို့ပြင်မထွက်တော့ဘူး ။ မြို့ထဲမှာပဲ အလှူခံကြတယ်။
DW ။ ပစ်ခတ်မှုတွေက မြို့ပတ်ဝန်းကျင်မှာရှိလာတော့ ပစ်ခတ်မှုတွေကြောင့် မထွက်ရတဲ့အပတ်ရှိလား။
ဖြေ ။ မြို့ထဲက ဥပါသကာအဖွဲ့ဖြစ်နေတော့ အခုထိ အဲလို ပစ်ခတ်မှုတွေကြောင့် နားရတာမျိုးတော့ မရှိသေးဘူး ။ အခုဝါတွင်းမှာ အခုအပတ်ဥပုသ်အထိ အပတ်စဉ်ထွက်နိုင်နေသေးတယ်။
DW ။ အခု ဥပါသကာအဖွဲ့တွေမှာ လူအင်အားနည်းလာတာ ၊ ကုန်ကျစရိတ်များလာတာ ရှိတယ် ။ ပြီးတော့ အစဉ်အလာတစ်ချို့ ပြင်ဆင်ရတာမျိုးရှိတယ် ။ အဲဒီအပေါ်မှာဘာပြောချင်လဲ။
ဖြေ ။ အဓိကက အစဉ်အလာတစ်ခု။ ကျွန်တော်တို့မိဘတွေက တစ်ဆင့်လက်ဆင့်ကမ်းခဲ့တဲ့ ဓလေ့တစ်ခု မပျောက်သွားအောင်ပဲ လုပ်နေရတဲ့ အခြေအနေမှာရှိနေတယ်။
DW ။ အခြားပြောစရာရှိသေးလား။
ဖြေ ။ မရှိတော့ပါဘူး။
DW ။ ကျေးဇူးတင်ပါတယ်။
“အရွယ်ရှိတဲ့လူပျို၊ အပျိုတွေနည်းသွားသလို ကျန်နေသေးတဲ့သူတွေလည်း အရင်လို ဥပါသကာ မလိုက်ကြတော့ဘူး”
ကလိန်အောင်မြို့က ဥပါသကာ ဝတ်အသင်း အဖွဲ့ဝင်ဟောင်း အမျိုးသမီးတစ်ဦး
DW ။ ကလိန်အောင်မှာ ဝါတွင်းဥပါသကာ ထွက်ကြတဲ့ပုံစံလေး ပြောပြပေးပါ ။
ဖြေ ။ အဖိတ်နေ့ နဲ့ ဥပုသ် ၂ ရက် ခွဲထွက်တယ်။ အဖိတ်နေ့က အလှူခံသက်သက်ပဲ ။ ဥပုသ်နေ့မှ ဓမ္မစကြာဝတ်ရွတ်တယ် ။ အဖိတ်နေ့က ယောက်ျားကြီးတွေ ဦးဆောင်ပြီးထွက်ကြတယ် ။ ဥပုသ်နေ့က ကလေးတွေလည်း ကျောင်းပိတ်တော့ လူပိုများတယ် ။ ဓမ္မစကြာရွတ်တဲ့နေ့ဆို အမျိုးသား ၊ အမျိုးသမီး အစုံပါကြတယ်။ ဇင်းဘာဘက်ခြမ်း နဲ့ ကလိန်အောင်မြို့တွင်း ပတ်ကြတယ် ။ အခြားရွာဘက်က လာတဲ့ ဥပါသကာတွေကတော့ ကော့လှိုင်နဲ့ကျောက်ရှပ်က ဆိုင်ကယ်နဲ့လာကြတယ် ။ ဇင်းဘာဘက်ကလည်း လာကြတယ် ။
DW ။ အခုရော ကလိန်အောင်မှာ ဥပါသကာ ထွက်ဖြစ်နေသေးလား ။ ဘာတွေကွာခြားသွားလဲ။
ဖြေ ။ ထွက်ဖြစ်ပါတယ် ။ ကွာခြားသွားတာကတော့ လူနည်းသွားတယ်။ အသက်ကြီးပိုင်းတွေနဲ့ အသက် ၁၅ နှစ်အောက်တွေပဲ အပါများတယ် ။ အရွယ်ရှိတဲ့လူပျို ၊ အပျိုတွေလည်း နည်းသွားသလို ကျန်နေသေးတဲ့သူတွေလည်း အရင်လိုမလိုက်ကြတော့ဘူး ။ ပြီးတော့ အချိန်ကို အရင်ကထက် တစ်နာရီလောက်စောထွက်ကြတယ်။ အရင်က ညနေ ၄ နာရီမှထွက်တယ် ။ အခုက ၃ နာရီထိုးထွက်ကြတယ် ။ အရင်လိုမဟုတ်တော့ ညဘက်ဆိုစောစော ပြန်ရအောင်လို့ ကြိုပြီးထွက်ရတယ်။ မုန့်ကျွေးတဲ့အလှူရှင်တွေလည်း နည်းသွားတယ် ။ အရင်ကဆို လမ်းမှာ မုန့်အလှူရှင်အိမ် သုံး၊လေးအိမ်ရှိတယ် ။ ပြီးခဲ့တဲ့အပတ် ဥပုသ်ကဆိုရင် အလှူရှင်မရှိလို့ ဘုန်းကြီးကျောင်းကပဲ စီစဉ်လိုက်ရတယ်။
DW ။ ဥပါသကာနဲ့ဝတ်အသင်းက လူဦးရေ အရင်ကထက် ဘယ်လောက်နည်းသွားလဲ။ ဘာကြောင့်လဲ။
ဖြေ ။ လူက ဥပါသကာမှာသိပ်မသိသာပေမဲ့ ဝတ်အသင်းမှာ တော်တော်သိသာတယ်။ အရင်က ငါးဆယ်လောက်ရှိရာကနေ အခု တစ်ဆယ်ကျော်ကျော်ပဲ ကျန်တော့တယ် ။ ဘာကြောင့်လဲဆိုတော့ အပျိုအသင်း ၊ လူပျိုအသင်းမရှိတော့လို့။ အပျိုအသင်း၊ လူပျိုအသင်းက ကိုဗစ်မတိုင်ခင်ကတည်းက ပျက်သွားတာပါ ။ နောက်တစ်ချက်ကတော့ မြို့က လူငယ်ပမာဏနည်းသွားလို့ပါ။
DW ။ ဥပါသကာအဖွဲ့ နဲ့ ဝတ်အသင်းတွေကို ဘယ်လိုစီမံနေကြလဲ။
ဖြေ ။ ဘုန်းကြီးကျောင်းကပဲ ဦးဆောင်တယ် ။ ဓမ္မစကြာကလည်း အမြဲရွတ်နေကြတော့ တိုက်(လေ့ကျင့်)ပေးစရာမလိုဘူး အားလုံးရွတ်တတ်ကြတယ်။ အစစအရာရာကတော့ ကျောင်းဝေယျာဝစ္စ လုပ်တဲ့သူတွေကပဲ စီမံကြတယ်။
DW ။ မြို့မှာ လာအလှူခံတဲ့ ဥပါသကာအဖွဲ့တွေရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ။
ဖြေ ။ သူတို့လည်း လူတော်တော်နည်းသွားတယ်။ ကျောက်ရှပ်ကဆိုရင် အရင်ကကားနဲ့လာကြတယ် ။ လူတစ်ဆယ်ကျော်လောက် ပါလာတယ် ။ အခုကတော့ ဆိုင်ကယ်နဲ့ သုံးယောက်လောက်ပဲလာတော့တယ် ။ ကော့လှိုင်ဘက်ကလည်းအတူတူပဲ။ ဇင်းဘာဘက်ကဆို မရှိသလောက်ပဲ ။ ထွက်တဲ့အပတ်မှ ထွက်ကြတယ်။
DW ။ သိသိသာသာ အပြောင်းအလဲဆိုရင် ဘယ်လိုရှိမလဲ။
ဖြေ ။ တော်သလင်းလပြည့် ဆံတော်ရှင် ဘုရားတောင်ပေါ်ညအိပ်တက်ပြီး ဓမ္မစကြာရွတ်တာ မရှိတော့တာပါပဲ။ ကိုဗစ်ကာလကတည်းက မလုပ်ဖြစ်တော့တာ အခုထိပဲ။ အခုနှစ်ကပြန်လုပ်မယ် ပြောနေပေမယ့် မသေချာသေးဘူး ။ ကိုဗစ်မတိုင်ခင်ကဆို ကလိန်အောင်ဆံတော်ရှင် တောင်ပေါ် ညအိပ်တက်ပြီး အကျွေးအမွေးတွေနဲ့ ဓမ္မစကြာရွတ်ကြတယ် ။ အခုက သာမန်ဘုရားဖူးတောင် အခုနှစ် ဝါတွင်း ဘုရားဖူး ပါးတယ်လို့ ဘုရားဈေးသည်တွေ ပြောကြတယ်။ မြန်မာပြည်အထက်ပိုင်းက ဘုရားဖူးတွေက နယ်မြေမအေးချမ်းလို့ ရှင်ကိုးရှင်ကိုမလာတော့ဘူး ။ ရပ်ဝေးဘုရားဖူးဆိုရင် ကံပေါက်ဘက် ၊ ရာဖူးဘက်ကတွေပဲ ရှိတော့တယ်။ ကလိန်အောင်မြို့ခံတွေကတော့ တံတားဂိတ်ဖြတ်ရခက်လို့ အခါကြီးရက်ကြီးတွေမှာတောင် ဘုရားရောက်တာ အရင်ကထက် အခေါက်ရေနည်းသွားတယ်။
DW ။ ဥပုသ်စောင့်တဲ့ အခြေအနေကရော ဘယ်လိုရှိလဲ။
ဖြေ ။ ဥပုသ်စောင့်တာကတော့ များပါသေးတယ်။ သက်ကြီးပိုင်းတွေ အားလုံးနီးပါး ဥပုသ်လာစောင့်ကြပါသေးတယ်။
DW ။ ကိုဗစ်ကာလနောက်ပိုင်း အာဏာသိမ်းမှု အခင်းအကျင်းကြားမှာ ဥပါသကာအလေ့အထက မပျောက်သွားပေမယ့် အစဉ်အလာတချို့က ပြင်လိုက်ရတာမျိုး၊ ပြောင်းလိုက်ရတာမျိုးရှိတယ် ။ အဲဒီအပေါ်မှာရော ဘာပြောချင်လဲ။
ဖြေ ။ ဒီဥပါသကာဓလေ့က ကျေးလက်ဒေသမှာကြည့်ရင် အစဉ်အလာကောင်းတစ်ခု ဖြစ်တော့ ဒီထက်မက သိုင်းသိုင်းဝိုင်းဝိုင်း ဖြစ်စေချင်တယ်။ တိုးတက်စေချင်တယ် ။ အခုက နိုင်ငံက မကျန်းမာတော့ မဖြစ်နိုင်သေးဘူးပေါ့ ။ ခေတ်ကောင်းရင်တော့ အရင်လို စည်စည်ကားကား နဲ့ ဥပါသကာအဖွဲ့တွေ ပြန်ထွက်လာဦးမယ်လို့ မျှော်လင့်ပါတယ်။
DW ။ အခြားဖြည့်ပြောစရာ ရှိသေးလား ။
ဖြေ ။ မရှိတော့ပါဘူး ။
DW ။ အခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။
“စစ်မှုထမ်းဥပဒေကြောင့် ရပ်ကွက်တွေမှာ လူငယ်တွေလည်းမရှိတော့ဘူးလေ”
မြိတ်မြို့မှ အမျိုးသားတစ်ဦး
DW ။ အရင်(အာဏာမသိမ်းခင်) ကဆိုရင် မြိတ်မြို့မှာ ဥပါသကာ ဘယ်လိုထွက်လဲ။
ဖြေ ။ မြိတ်မြို့မှာ ဥပါသကာက ဥပုသ်တစ်ကြိမ်မှာဆိုရင် နှစ်ခါထွက်တာပေါ့။ ရွာဘက်နှင့် မြို့ဘက်ဆိုပြီး နှစ်ရက်ထွက်တာပေါ့။ ဥပုသ်နေ့မတိုင်ခင် နှစ်ရက်အလိုမှာ ရွာဘက်ကိုထွက်ကြတယ်။ တစ်ရက်လောက်အလို(အဖိတ်နေ့)မှာ မြို့ဘက်ကို ထွက်ကြတယ်ပေါ့။ အရင်ကဆိုရင် နေ့ဘက်လည်းထွက်သလို ညဘက်လည်းထွက်တယ်။ ညဘက်ဆိုရင် ၉နာရီလောက်အထိ ထွက်ကြတယ်ပေါ့။
DW ။ အရင် ဥပါသကာ ထွက်တာနဲ့ အခု ဥပါသကာထွက်တာ ဘာကွာသွားလဲ။
ဖြေ ။ အရင်ကဆို ညဘက်လည်းထွက်လို့ရတယ်။ ၉ နာရီကျော်လောက်အထိ ထွက်ကြတယ်။ အခုတော့ ညဘက်အထွက် နည်းလာတယ်။ အဖွဲ့ အရေအတွက်လည်း နည်းလာတယ်။ အရင်က ၅ ဖွဲ့ထွက်ရင် အခုက တစ်ဖွဲ့လောက်ပဲ ထွက်နိုင်တော့တာ မျိုးပေါ့။ ပြီးတော့ ကိုယ့်နီးစပ်ရာ ရပ်ကွက်တွေမှာပဲ ထွက်ကြတော့တာပေါ့။ အဝေးကိုမသွားကြတော့ဘူး။ ကိုယ့်ရပ်ကွက်အုပ်စုအတွင်းပဲ လှည့်လည်အလှူခံတာမျိုးပေါ့။ ပြီးတော့ အရင်ကထက် လူငယ်ပိုင်းနည်းသွားတယ်။ အသက် ၅၀ကျော်လူကြီးတွေနဲ့ အသက် ၂၀ အောက်လူငယ်တွေပဲ ပိုများလာတယ်။
DW ။ ညဘက် ဘယ်လိုအခက်အခဲတွေကြောင့် မထွက်ဖြစ်တော့တာလဲ။
ဖြေ ။ လူတွေရဲ့ အခက်အခဲကြောင့်ရယ်။ ညဘက်ထွက်ရင် ကြုံရမယ့် အခက်အခဲတွေကြောင့်လည်း ပါတယ်ပေါ့။
DW ။ ဘယ်လိုအချက်တွေကြောင့် သက်လတ်ပိုင်းတွေ ရှားလာတာလို့ထင်လဲ။
ဖြေ ။ အဲဒါနဲ့ပတ်သက်ပြီး အချက်တွေနဲ့ပြောရမှာပေါ့။ ပထမတစ်ချက်က စီးပွားရေး ကျပ်တည်းလာတာကြောင့်လို့ ပြောလို့ရမယ်။ ပရဟိတထက်ကိုယ့်ဝမ်းစာကို ဦးစားပေးနေရတာမျိုးပါ။ နောက်တစ်ချက် စစ်မှုထမ်းဥပဒေကြောင့်ပေါ့။ စစ်မှုထမ်းဥပဒေကြောင့် ရပ်ကွက်တွေမှာ လူငယ်တွေလည်းမရှိတော့ဘူးလေ။ နောက်တစ်ချက်ကတော့ အသက် ၅၀ အထက်လူကြီးတွေနဲ့ အသက် ၂၀ အောက်လူငယ်တွေက ခေါ်ရတာလွယ်တာမျိုးပေါ့။ ဘုန်းကြီးကျောင်းမှာလည်း နေထိုင်ဖို့အတွက် အဆင်ပြေတဲ့ အနေအထား ဖြစ်တဲ့အတွက်ပေါ့။
DW ။ လက်ရှိမှာ ရွာဘက် ဥပါသကာအခြေအနေကရော ဘယ်လိုမျိုးလဲ။
ဖြေ ။ အခုချိန် အလှည့်ကျတော့ တောဘက်ကိုသွားလို့ အဆင်မပြေ လောက်တော့ဘူး။ ရွာဘက်တွေမှာသွားဖို့က တော်တော်များများ အားလုံးက လန့်နေကြရတဲ့ အနေအထားမှာ ရှိနေတယ်ပေါ့နား(နော်)။ ရွာဘက်မှာလည်း သွားပြီး အလှူခံဖို့က ခက်ခဲလာတာမျိုးပေါ့။ မြို့ပေါ်မှာပဲ အဓိကလုပ်လာကြရတာမျိုးပေါ့။ အားလုံးမှာလည်း အခုချိန်မှာ ရွာတွေဘက်မှာလည်း ခပ်လန့်လန့်ဖြစ်နေကြတဲ့ အခြေအနေတွေဆိုတော့လေ။
DW ။ နောက်ဆက်တွဲဘယ်လိုဖြစ်လာနိုင်လဲ။
ဖြေ ။ အားလုံးက သူဟာသူတော့သွားနေကြတာပါပဲ။ နောက်ဆက်တွဲအနေနဲ့က စားဝတ်နေရေး အခက်အခဲကြောင့် အလှူငွေတွေနည်းလာနိုင်တယ်။ ဘုန်းကြီးကျောင်းတွေကတော့ သူတို့က အလှူရှင်ရှာကြမှာပေါ့။ မရရင် ရပ်ကွက်က စုပေါင်းပြီးလုပ်ပေးလိုက်ကြတယ်။ ကုန်ဈေးနှုန်းကြောင့်ကျွေးမယ့် အကျွေးအမွေးကတော့ လျော့ကျနိုင်တာမျိုးပေါ့။ အရင်က ၃ မျိုးဆိုရင် နောက်ပိုင်း ၂ မျိုးလောက်ဖြစ်လာနိုင်တာမျိုးပေါ့။ ရပ်ကွက်တွေမှာ ဥပုသ်ပေးမှုတွေက လျော့ကျလာနိုင်တယ်။ အလှူရှင်ရှိတဲ့အပတ်ပဲ ဥပုသ်ပေးပြီး အလှူရှင်မရှိတဲ့အပတ်ဆိုရင် ဥပုသ်မပေးတာမျိုးလည်း ဖြစ်လာနိုင်မယ်လို့ ထင်တယ်ပေါ့နား။ ဒါထက်အပြင်လည်း ပိုလုပ်လို့လည်းမရနိုင်ဘူးဆိုတော့။ အလှူရှင်မရှိတာကို ရှိအောင်လည်းလုပ်လို့မရတော့ဘူးဆိုတော့လေ။ အင်အားတောင့်တင်းတဲ့ ဘုန်းကြီးကျောင်းတွေကတော့ မဆိုလိုပေမယ့် အင်အားနည်းတဲ့ ဘုန်းကြီးကျောင်းတွေမျိုးဆိုရင် ဥပုသ်ပေးတာမျိုးတွေ ပျက်နိုင်မယ်ဆိုလည်းပျက်လာနိုင်တယ်ပေါ့။ ခေတ်အနေအထားအရဆိုရင် တစ်ယောက်မှလည်း အဆင်မပြေဘူးလေ။ ကိုယ့်ဘာသာကိုယ်တောင် မနည်းရုန်းကန်နေကြရတဲ့ သူတွေချည်းဆိုတော့ပေါ့။ အတင်းလုပ်အလှူခံလို့လည်း မရဘူးပေါ့။ အဓိကကတော့ ခေတ်ပျက်ကြောင့်မို့ပါပဲ။