BREAKING
September 19, 2024

ရှမ်းကလေးငယ် ၆ ဦးကို နှိပ်စက်ခိုင်းစေခဲ့သည့် ထိုင်းစုံတွဲကိုဖမ်းဆီး

September 16, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံသား ရှမ်းကလေးငယ် ၆ ဦးကို အတင်းအကျပ် နှိပ်စက်ပြီး ခိုင်းစေနေသာ ထိုင်းစုံတွဲနှစ်ဦးကို စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဘန်ကောက်မြို့ လတ်စီနယ်မြေ ပရာချာချူဝမ်ဒေသရှိ အိမ်တစ်ဆောင်ကို စနေနေ့နံနက်ပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများသည် အသက် ၃၃ နှစ်နှင့် ၃၅ နှစ်အရွယ် ထိုင်းနိုင်ငံသား စုံတွဲများဖြစ်ကြသည်။

မာလာစားသောက်ဆိုင်တွင် အသက်မပြည့်သေးသော ကလေးငယ်များကို အတင်းအကျပ်ခိုင်းစေပြီး အမြတ်ထုတ်နေကြောင်း လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (HRDF) က တိုင်ကြားလာသဖြင့် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ရှာဖွေခဲ့ခြင်းဖြစ်သည်။

ဆိုင်သည် ညနေ ၆ နာရီခွဲအချိန်မှ နံနက် ၄ နာရီအထိ ဖွင့်လှစ်ထားသော ဆိုင်ဖြစ်သည်။

ပွဲစားက(လွန်ခဲ့သည့် နှစ်လခန့်က အဖမ်းခံလိုက်ရသူ) အလုပ်သမားအကူအညီ လိုအပ်ကြောင်း ပြောကြားလာဖြင့် ကလေးမိဘများက သမီးဖြစ်သူနှစ်ဦးကို သွားရောက်လုပ်ကိုင်စေခဲ့ကြောင်း ရဲတပ်ဖွဲ့သို့ ဖြေကြားထားသည်။

သို့သော်လည်း သမီးနှစ်ဦး လုပ်ငန်းခွင်ရောက်ရှိသောအချိန်တွင် ၎င်းတို့၏ ဖုန်းများကို သိမ်းဆည်းခဲ့ပြီး မိဘများနှင့် အဆက်အသွယ် ဖြတ်တောက်စေခဲ့ကြောင်း ၎င်းတို့ကဆိုသည်။

သမီးဖြစ်သူနှစ်ဦး လနှင့်ချီအလုပ်လုပ်ခဲ့သော်လည်း လုပ်အားခအနေဖြင့် စုစုပေါင်း ဘတ် ၅၀၀၀ သာ မိဘများက ရရှိသေးကြောင်း၊ ထို့ကြောင့် သမီးများ၏ လုံခြုံရေးပိုင်းကို စိုးရိမ်လာသဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းနှင့် အာဏာပိုင်များကို အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဏာပိုင်များ အိမ်အတွင်း ဝင်စီးသောအခါ အိမ်ထဲတွင် ရှမ်းကလေးငယ် ၆ ဦးရှိနေကြပြီး အားလုံးကို ကယ်တင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

အလုပ်သမားအားလုံးသည် အသက် ၁၂ နှစ်မှ ၁၈ နှစ်အရွယ်များသာ ရှိသေးကြောင်း စုံစမ်းမှုရလဒ်ကို ဖော်ပြထားသည်။

ထို့အပြင် ပစ္စတိုသေနတ်အပါအဝင် သေနတ်များ၊ ဖုန်းများကို တွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့ကြောင်း ဖော်ပြထားသည်။

အလုပ်ရှင်စုံတွဲသည် ကလေးငယ်များကို အလုပ်မလုပ်နိုင်ပါက ခြေထောက်ကို ကြိုးနှင့်ချည်၍ နှိပ်စက်ခဲ့ကြောင်း ကလေးငယ်များက ရဲတပ်ဖွဲ့သို့ ပြောကြားထားသည်။

အကယ်၍ ကလေးငယ်များ နေမကောင်းသဖြင့် ရေမချိုးချင်ကြောင်း ပြောကြားသော်လည်း အတင်းအကျပ်ရေချိုးစေခဲ့ကြောင်း ပြောကြထားသည်။

လက်ရှိတွင် ထိုင်းစုံတွဲကို ကလေးငယ်များကို အတင်းအကျပ်စေခိုင်းမှု၊ ကလေးလုပ်သားခိုင်းစေမှု၊ လူကုန်ကူးမှုနှင့် လက်နက်ကိုင်ဆောင်မှုများဖြင့် အမှုဖွင့်အရေးယူထားသည်။

ဖမ်းဆီးခံရသော ထိုင်းအမျိုးသားသည် ၂၀၂၃ ခုနှစ်က ကလေးငယ်များကို ဖြားယောင်းသွေးဆောင်မှုဖြင့် အမှုဖွင့်ခံရသေးသည်။

လက်ရှိတွင် ကလေးငယ်များကို ကလေးငယ်ကာကွယ် စောင့်ရှောက်ရေး စခန်းများတွင် ထားရှိပြီး ဥပဒေအရ မေးမြန်းနေဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Bangkok Post, The Thaiger, Matichon Online