စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများ ထပ်မံမပြုလုပ်ရန် မွန်အဖွဲ့အစည်း ၁၀ ဖွဲ့တို့က မွန်ပြည်သစ်ပါတီထံ စာပေးပို့ပြီး တိုက်တွန်းတောင်းဆိုလိုက်သည်။
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုများမှာ ၎င်းတို့၏ တရားဝင်မှုရရှိရေးနှင့် နိုင်ငံရေးထွက်ပေါက်ရှာရန်သာ ဖြစ်သည့်အတွက် တွေ့ဆုံဆွေးနွေးမှုများ ထပ်မံမပြုလုပ်ရန် ယနေ့ (စက်တင်ဘာ ၁၆) တိုက်တွန်း တောင်းဆို လိုက်ခြင်း ဖြစ်သည်။
တိုက်တွန်းတောင်းဆိုသည့် အဖွဲ့များမှာ မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂ၊ မော်လမြိုင်တက္ကသိုလ်သတင်းဌာန၊ မွန်အမျိုးသားကောင်စီ ဩစတြေလျား၊ မွန်အမျိုးသားကွန်ရက်၊ ရာမညဖက်ဒရယ်အင်အားစုသစ်နှင့် အမည်မဖော် လိုသည့် မွန်ပြည်နယ်အခြေစိုက်လူမှုအဖွဲ့အစည်း ငါးဖွဲ့တို့ဖြစ်သည်။
ငြိမ်းချမ်းရေးဆွေးနွေးမှုများသည် ၂၀၀၈ အခြေခံဥပဒေကိုသာ အခြေခံသည့်အတွက် တိုင်းရင်းသားများ လိုလားသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမှု အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် အထောက်အပံ့ ပြုနိုင်မည် မဟုတ်ကြောင်း ယင်းအဖွဲ့များက ထုတ်ပြန်သည်။
ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား သွေးကွဲစေနိုင်သည်ဟုလည်း ၎င်းတို့က ပြောဆိုသည်။
စစ်ကောင်စီ၏ ဒုတိယအကြိမ် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် မွန်ပြည်သစ်ပါတီက နေပြည်တော်သို့ သွားရန် ရှိမရှိ ယင်းပါတီ ပြောရေးဆိုခွင့်ရှိသူပုဂ္ဂိုလ်ထံ Dawei Watch က ယနေ့ (စက်တင်ဘာ ၁၆) မွန်းလွဲပိုင်းတွင် ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။
လက်ရှိတွင် လုပ်ဆောင်နေသည့် ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့ သွားရောက်ခဲ့သည်။
ပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးရာတွင်မူ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ၊ အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အစရှိသည့် အဖွဲ့အစည်း တို့နှင့် အတူ မွန်ပြည်သစ်ပါတီလည်း တက်ရောက်ခဲ့သည်။