BREAKING
January 15, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

August 16, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဩဂုတ်လ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ

ထိုင်းဝန်ကြီးချုပ်အသစ် သက်ဆင်သမီးဖြစ်လာ

ထိုင်းနိုင်ငံရဲ့ ၃၁ ဦးမြောက် ဝန်ကြီးချုပ်အသစ်အနေနဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီးဖြစ်သူ Paetongtarn Shinawatra ကို လွှတ်တော်က မဲပေးရွေးချယ်လိုက်ပါတယ်။

Pheu Thai ပါတီခေါင်းဆောင် အသက် ၃၇ နှစ်အရွယ် Paetongtarn Shinawatra က ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာတော့မှာပါ။

ညွန့်ပေါင်းအစိုးရအဖွဲ့ခေါင်းဆောင်ပါတီဖြစ်တဲ့ Pheu Thai ပါတီဘက်က ပါတီခေါင်းဆောင် Paetongtarn Shinawatra ကို ဝန်ကြီးချုပ်လောင်းအနေ့နဲ့ ဩဂုတ်လ ၁၆ ရက်နေ့မှာ အမည်စာရင်းတင်သွင်းခဲ့ပါတယ်။

အခြားပါတီတွေက ဝန်ကြီးချုပ်လောင်း အပြိုင်အဆိုပြုတင်သွင်းခဲ့တာမျိုး မရှိပါဘူး။

သူ့ကို လွှတ်တော်ထဲမှာ အမတ်နေရာ ၄၉၀ ရှိတဲ့ထဲက ထောက်ခံမဲ သုံးရာကျော်နဲ့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

Paetongtarn Shinawatra က ဝန်ကြီးချုပ်အသစ်ဖြစ်လာပြီးတဲ့နောက် ထိုင်းနိုင်ငံရဲ့ ဒုတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာကာ သက်ဆင်ရှင်နဝပ်မိသားစုရဲ့ တတိယမြောက် ဝန်ကြီးချုပ်ဖြစ်လာသူ ဖြစ်ပါတယ်။

သက်ဆင် ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ၂၀၀၆ ခုနှစ်နဲ့ ယင်လတ် ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ၂၀၁၄ ခုနှစ်တွေမှာ နှစ်ကြိမ်ဆက်တိုက် အာဏာသိမ်းခံခဲ့ရပါတယ်။

Ref: CNN

………………………………..

လူမျိုးရေးမခွဲခြားဖို့ ဗြိတိန်မှာ ဆန္ဒပြ

ဗြိတိန်နိုင်ငံမှာ ဩဂုတ်လ ၁၀ ရက်နေ့က လူမျိုးရေးခွဲခြားမှု မရှိစေဖို့ လူတွေ ထောင်နဲ့ချီပြီး တောင်းဆိုဆန္ဒပြ ခဲ့ကြပါတယ်။

ဗြိတိန်မှာ မိန်းကလေးငယ် ၃ ဦး ဓားထိုး အသတ်ဖြတ်ခံရတဲ့နောက် လက်ယာစွန်းရောက်သူတွေက မွတ်ဆလင်တွေနဲ့ ပြောင်းရွှေ့ အခြေချသူတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်လာနေတာပါ။

ဒါကို ဆန့်ကျင်ဆန္ဒပြကြတာ ဖြစ်ပါတယ်။

လန်ဒန်၊ ဂလက်ဂိုး ၊ ဘဲဖက်စ် ၊ မန်ချက်စတာ အပါအဝင် မြို့ရွာ အတော်များများမှာ လူတွေ စုဝေးဆန္ဒပြကြတာပါ။

ဇူလိုင်လ ၂၉ ရက်ကဖြစ်ပွားခဲ့တဲ့ ဓားထိုးသတ်ဖြတ်မှု နောက်ပိုင်း ရွှေ့ပြောင်းအခြေချလာတဲ့ မွတ်ဆလင်ရဲ့ လုပ်ရပ်လို့ လူမှုမီဒီယာမှာ မှားယွင်းဖော်ပြမှုတွေကြောင့် အခုလို အကြမ်းဖက်မှုတွေ ဖြစ်ပွားလာနေခဲ့တာဖြစ်ပါတယ်။

ဆူပူမှုနဲ့ ဆက်နွယ်ပြီးအဖမ်းဆီးခံရသူက ၈၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

Ref: The Guardian

………………………………..

ဂရိတောမီး မြို့တော်အထိ ကူးစက်လာ

ဂရိနိုင်ငံရဲ့ တောမီးလောင်မှုဟာ ဩဂုတ်လ ၁၂ ရက်နေ့က မြို့တော်အေသင်အနီးထိ ကူးစက်လာပါတယ်။

မီးဘေးကြောင့် လမ်းတွေလည်း မီးခိုး ပြာမှုန်တွေနဲ့ ဖုံးကုန်သလို ရာနဲ့ချီတဲ့လူတွေလည်း ဘေးလွတ်ရာတိမ်းရှောင်ခဲ့ကြရတာပါ။

ကူးစက်လောင်ကျွမ်းနေတဲ့ တောမီးကြီးကို အီးယူအဖွဲ့ဝင်နိုင်ငံတွေကပါ ဝိုင်းဝန်းငြိမ်းသတ်ပေးဖို့လည်း ဂရိ အစိုးရက အကူအညီတောင်းခံထားပါတယ်။

ဆယ်နှစ်ကျော်ကာလထဲမှာ မြို့တော်အတွင်းပိုင်းထိ ပထမဆုံး ကူးစက်လာခဲ့တာပါ။

လူနေတိုက်ခန်းတွေ၊ ကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကိုပါ ကူးစက်ခါနီးနေပြီလို့ မီးသတ်တပ်ဖွဲ့က သတိပေးထားပါတယ်။

Ref: CNN

………………………………..

ဟာမတ်စ်ခေါင်းဆောင် သေဆုံးမှုအတွက် လက်တုံ့မပြန်ဖို့ တောင်းဆိုချက် အီရန်ပယ်ချ

အီရန်နိုင်ငံမှာ ဟာမတ်စ်အဖွဲ့ခေါင်းဆောင် သတ်ဖြတ်ခံလိုက်ရတဲ့ကိစ္စအတွက် လက်စားချေမှုတွေ မလုပ်ဆောင်ဘဲ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ နိုင်ငံတကာက တောင်းဆိုထားတာကို ပယ်ချလိုက်ပါတယ်။

ဒီဖြစ်ရပ်နဲ့ပက်သက်ပြီး လက်တုံ့မပြန်ဖို့ ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန် ၃ နိုင်ငံက ဩဂုတ်လ ၁၁ ရက်နေ့က အီရန်နိုင်ငံကို တောင်းဆိုခဲ့တာပါ။

ဒါဟာ နိုင်ငံရေးအရ ယုတ္တိမရှိ၊ နိုင်ငံတကာဥပဒေတွေနဲ့လည်း လိုက်လျောညီထွေမှုမရှိတဲ့ တောင်းဆိုချက်ဖြစ်တယ်လို့ အီရန်ဘက်က ပြောကြားလိုက်ပါတယ်။

အစ္စရေးရဲ့ ကျူးလွန်မှုတွေကို ကန့်ကွက်ခြင်းမရှိဘဲ အီရန်ရဲ့ အချုပ်အခြာ ပိုင်ဆိုင်မှုကိုချိုးဖောက်ပြီး အစ္စရေးရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကို လက်တုံ့မပြန်ဖို့ ပြောတာဟာ မဆင်မခြင်တောင်းဆိုတာလို့ အီရန်ဘက်က ဆိုထားပါတယ်။

Ref: Aljazeera

………………………………..

ရွေးကောက်ပွဲ ပြန်မဝင်တော့ဟု ဂျပန်ဝန်ကြီးချုပ်ကြေညာ

ဂျပန်ဝန်ကြီးချုပ် Fumio Kishida က လာမယ့် စက်တင်ဘာလမှာ ကျင်းပဖို့ရှိတဲ့ ပါတီတွင်း ခေါင်းဆောင်သစ် ရွေးချယ်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မှာမဟုတ်တော့ဘူးလို့ ကြေညာလိုက်ပါတယ်။

ဩဂုတ်လ ၁၄ ရက်နေ့မှာ ရုတ်တရက် ကြေညာလိုက်တဲ့အတွက် ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်ရဖို့ ဖြစ်လာတော့တာပါ။

၂၀၂၁ ခုနှစ်မှာ စတင်ခဲ့တဲ့ သူ့ရဲ့ ၃ နှစ်တာ ဝန်ကြီးချုပ် သက်တမ်းဟာ လာမယ့် စက်တင်ဘာလမှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ပါတီတွင်း အကျင့်ပျက် ခြစားမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ် Kishida အပေါ် ထောက်ခံမှုတွေ ကျဆင်းလာနေပြီး ပြည်သူတွေရဲ့ ထောက်ခံမှုကလည်း ၂၀ ရာခိုင်နှုန်းအောက်ကို ရောက်ရှိနေတာဖြစ်ပါတယ်။

Ref: Nikkei Asia

………………………………..

အစ္စရေးကို အမေရိကန်က ဒေါ်လာ ဘီလီယံ ၂၀ ဖိုး စစ်လက်နက်တွေ ရောင်းပေးမယ်

ဂျက်တိုက်လေယာဉ်တွေနဲ့ အဆင့်မြင့် ဝေဟင်ပစ် ဒုံးကျည်တွေအပါအဝင် ဒေါ်လာ ဘီလီယံ ၂၀ တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ အစ္စရေးကို ရောင်းချဖို့ အမေရိကန်ဘက်က အတည်ပြုလိုက်ပါတယ်။

ဒီစစ်လက်နက်တွေထဲမှာ F-15 တိုက်လေယာဉ် ၅၀ ကျော်၊ AMRAAM လို့ခေါ်တဲ့ အဆင့်မြင့်နည်းပညာသုံး ဝေဟင်အချင်းချင်း ပစ်နိုင်တဲ့ တာလတ်ပစ် ဒုံးကျည်တွေ ၊ ၁၂၀ မီလီမီတာ တင့်ကားကျည်တွေ၊ ပေါက်ကွဲမှုအားကောင်းတဲ့ မော်တာတွေနဲ့ ရှေ့တန်း စစ်မျက်နှာပြင်မှာ အသုံးပြုတဲ့ ကျည်ကာကားတွေ ပါဝင်ပါတယ်။

စစ်လက်နက်ပစ္စည်းတွေကို အစ္စရေးကို ချက်ခြင်းရောင်းချမှာ မဟုတ်ပါဘူး။

ကန်ထရိုက်သဘောတူညီချက်နဲ့ နှစ်နဲ့ချီ ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

လက်နက်ပစ္စည်းတွေဟာ အနာဂတ်မှာ အစ္စရေးစစ်တပ်ရဲ့ စွမ်းအားကို ရေရှည် မြှင့်တင်ပေးမယ့် လက်နက်တွေဖြစ်ပါတယ်။

အစောဆုံးအနေနဲ့ ၂၀၂၆ ခုနှစ်လောက်မှ အစ္စရေးကို စတင် တင်ပို့နိုင်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

Ref: CNN

………………………………..

ရုရှားပိုင် မြို့တစ်မြို့ကို ထိန်းချုပ်နိုင်ပြီလို့ ယူကရိန်းထုတ်ပြန်

ရုရှားပိုင်နက်ထဲဝင်ရောက်တိုက်ခိုက်နေတဲ့ ယူကရိန်းတပ်တွေဟာ ရုရှားပိုင် Kursk ဒေသက အကြီးဆုံးမြို့ဖြစ်တဲ့ Sudzha မြို့ကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီလို့ ယူကရိန်းက ဩဂုတ်လ ၁၅ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

Sudzha မြို့ကို ရုရှားတပ်တွေ လက်ကနေ လွတ်မြောက်အောင် လုပ်ဆောင်နိုင်ပြီဖြစ်တယ်လို့ သမ္မတ ဇလန်းစကီးကနေ ကြေညာလိုက်တာပါ။

ဒီမြို့မှာ ယူကရိန်း စစ်တပ်ကွပ်ကဲရေးရုံးကိုလည်း ဖွင့်လှစ်လိုက်ပါသေးတယ်။

လူဦးရေ ၅၀၀၀ လောက်နေထိုင်တဲ့ Sudzha မြို့ ဟာ ယူကရိန်းနယ်စပ်ကနေ ၆ မိုင်လောက် အကွာ ရုရှားပိုင်နက်ထဲမှာ ရှိနေတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

Ref: The Guardian

………………………………..

Kursk ဒေသခံတွေကို ဘေးလွတ်ရာသွားဖို့ ရုရှားတိုက်တွန်း

ရုရှားနိုင်ငံ Kursk ဒေသကို ယူကရိန်းတပ်တွေ ဆက်လက် ထိုးစစ်ဆင်နေတာကြောင့် ဒေသခံလူ ၂ သောင်းကျော်ကို ဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့ ရုရှားဘက်က ကြေညာလိုက်ပါတယ်။

နယ်စပ် Glushkov ခရိုင်ထဲက လူတွေ ပြောင်းရွှေ့တာကို ရဲတွေနဲ့ အာဏာပိုင်တွေက ကြီးကြပ်သွားမယ်လို့ ကြေညာထားတာပါ။

ဩဂုတ်လ ၆ ရက်နေ့က စတင်ခဲ့တဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့် ရုရှားဖက်က လူ ၂ သိန်းလောက် ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးထားရပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားစစ်သား ၁၀၀ ကျော်ကိုလည်း ယူကရိန်းက ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ဒီဖမ်းထားတဲ့ ရုရှားစစ်သားတွေနဲ့ ရုရှားဘက်က ဖမ်းထားတဲ့ ယူကရိန်းစစ်သုံ့ပန်းတွေကို တဖြည်းဖြည်းချင်း လဲလှယ်သွားမယ်လို့ သမ္မတ ဇလန်းစကီးက ပြောကြားထားပါတယ်။

Ref: REUTERS

………………………………..

ပြင်သစ်အိုလံပစ် ပြိုင်ပွဲ ပြီးဆုံး

ပြင်သစ်နိုင်ငံ ပဲရစ်မြိုမှာ ကျင်းပနေတဲ့ ၂၀၂၄ ခုနှစ် အိုလံပစ်အားကစားပွဲတော်ဟာ ဩဂုတ်လ ၁၁ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။

ဆုတံဆိပ်အနေနဲ့ အမေရိကန်ပြည်ထောင်စုက စုစုပေါင်း ဆုတံဆိပ် ၁၂၆ ခု၊ တရုတ်နိုင်ငံက ၉၁ ခုနဲ့ ဗြိတိန်က ၆၅ ခုတို့ ဆွတ်ခူးပြီး ပြိုင်ပွဲအဆုံးသတ်ခဲ့ပါတယ်။

အိုလံပစ်အားကစားပွဲတော်မှာ အားကစားအမျိုးအစားပေါင်း ၃၂ မျိုးပါဝင်ခဲ့ပါတယ်။

အိုလံပစ်အားကစားပွဲတော်ကို ဇူလိုင်လ ၂၆ ရက်နေ့က ဩဂုတ် ၁၁ ရက်နေ့ အထိကျင်းပခဲ့တာ ဖြစ်ပါတယ်။

လာမည့် ၂၀၂၈ အိုလံပစ်ပွဲတော်ကိုတော့ အမေရိကန်ပြည်ထောင်စု လော့အိန်ဂျလိစ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Ref: BBC

………………………………..

ဖိလစ်ပိုင်မှာ အိုလံပစ်ကစားသမားတွေကို ပရိသတ်​ ထောင်နဲ့ချီကြိုဆို

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ပဲရစ်အိုလံပစ်ပြိုင်ပွဲဝင် အားကစားသမားတွေကို ထောင်နဲ့ချီတဲ့ပရိသတ်တွေက ဩဂုတ်လ ၁၄ ရက်နေ့မှာ ကြိုဆိုခဲ့ကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံက ဂျွန်းဘားအားကစားမှာ ရွှေတံဆိပ် နှစ်ခု ရရှိခဲ့တာပါ။

အသက် ၂၄ နှစ်အရွယ်ပဲရှိသေးတဲ့ ကျွမ်းဘားကစားသမား Yulo ဟာ သူရဲ့နိုင်ငံအတွက် နှစ် ၁၀၀ အတွင်း အိုလံပစ်ပြိုင်ပွဲမှာ အမြင့်ဆုံးဆု စံချိန်ကို ရယူပေးခဲ့ပါတယ်။

Yulo အတွက် အိုလံပစ်ရွှေတံဆိပ်ဆုရ ကစားသမားကို သမ္မတက ဒေါ်လာ ၃၅၀,၀၀၀ အပိုပေးအပ်ခဲ့ပါတယ်။

ကစားသမားတစ်ဦးချင်းကိုလည်း ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၇,၅၀၀ ပေးအပ်ခဲ့ပါတယ်။

Ref: AP

………………………………..