BREAKING
January 23, 2025

ထိုင်းသွင်းကုန်များအပါအဝင် စားသောက်ကုန်စျေးတက်နေသည့် ထားဝယ်ဈေးကွက်

August 16, 2024

ထားဝယ်မြို့တွင် ယခုအပတ် ထိုင်းနိုင်ငံမှ တင်သွင်းသည့် စားသုံးဆီ အပါအဝင် ကုန်စျေးနှုန်းများ မြင့်တက်နေသည်။

ယခင်အပတ်က ထိုင်းထုတ် ပုစွန် နှစ်ကောင်တံဆိပ် စားသုံးဆီ ၁ လီတာ တစ်ဘူးလျှင် ၈၄၀၀ကျပ်မှ ယနေ့ ၁၂၅၀၀ကျပ်၊ ပဲလုံးတံဆိပ် ၁ လီတာ တစ်ဘူးလျှင် ၉၄၀၀ကျပ်မှ ၁၂၅၀၀ကျပ်အထိ ဈေးနှုန်းများမြင့်တက်သွားသည်။

တစ်ပတ်အတွင်း ထိုင်းနိုင်ငံထုတ် စားသုံးဆီဈေးနှုန်းများသည် အမျိုးအစားအလိုက် ၁ လီတာလျှင် ၃၁၀၀ကျပ်မှ ၄၁၀၀ကျပ်အထိ ဈေးတက်သွားခြင်းဖြစ်သည်။

ထို့အတူ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်ဈေးနှုန်းများလည်း မြင့်တက်လျှက်ရှိသည်။

ယခင်အပတ်က ကြက်သွန်နီရိုးရိုးတစ်ပိဿာ ၃၀၀၀ကျပ်မှ ယနေ့ ၃၃၀၀ကျပ်၊ ကြက်သွန်နီ(မြစ်သား)တစ်ပိဿာ ၃၂၀၀ကျပ်မှ ၃၄၀၀ကျပ်သို့ ဈေးတက်သွားသည်။

တစ်ပတ်အတွင်း ကြက်သွန်နီဈေးမှာ အမျိုးအစားအပေါ်မူတည်ကာ တစ်ပိဿာ ၂၀၀ကျပ်မှ ၃၀၀ကျပ်အထိဈေးတက်သွားခြင်းဖြစ်သည်။

ထို့အပြင် ကြက်သွန်ဖြူ ဈေးမှာလည်း မြင့်တက်နေသည်။ ယခင်အပတ်က ကြက်သွန်ဖြူထူးလေး တစ်ပိဿာ ၁၂၅၀၀ကျပ်စျေးရှိရာမှ ယနေ့ ၁၃၀၀၀ကျပ်၊ ကြက်သွန်ဖြူထူးငါး တစ်ပိဿာ ၁၃၅၀၀ကျပ်မှ ယနေ့ ၁၄၅၀၀ကျပ်၊ ကျူကုတ်ကြက်သွန်ဖြူတစ်ပိဿာ ၁၅၃၀၀ကျပ်မှ ယနေ့ ၂၂၀၀၀ကျပ် ဖြစ်လာသည်။

တစ်ပတ်အတွင်း ကြက်သွန်ဖြူအမျိုးအစားအပေါ်မူတည်ပြီး တစ်ပိဿာ ၅၀၀ကျပ်မှ ၆၇၀၀ကျပ်အထိ စျေးတက်သွားသည်။

မိုးထောင်ငရုတ်သီးခြောက်ဈေးနှုန်းမှာ ယခင်ပတ်က တစ်ပိဿာ ၁၀၅၀၀ ကျပ်စျေးရှိရာမှ ယနေ့ ၁၃၀၀၀ကျပ် ဖြစ်သွားသည်။ တစ်ပတ်အတွင်း တစ်ပိဿာလျှင် ၂၅၀၀ကျပ် ဈေးတက်သွားသည်။