BREAKING
January 15, 2025

သံဖြူဇရပ် တိုက်ပွဲတွင် အရပ်သားတစ်ဦးသေဆုံးပြီး ကလေးသုံးဦးအပါအဝင် ငါးဦးဒဏ်ရာရ

August 16, 2024

ပုံစာ - သံဖြူဇရပ်မြို့နယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့။ ဓာတ်ပုံ - တောင်ညိုစစ်ကြောင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ရွာသစ်၊ ဘုရားကုန်းတိုက်ပွဲအတွင်း ဒေသခံအမျိုးသား တစ်ဦးသေဆုံးပြီး ကလေးသုံးဦးအပါအဝင် ငါးဦးထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့က ပြောသည်။

ဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဩဂုတ်လ ၁၅ ရက် မွန်းလွဲ ၁နာရီဝန်းကျင်တွင် တိုက်ခိုက်ခဲ့ရာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်ကြကြောင်း ဒေသခံတို့က ဆိုသည်။

တိုက်ပွဲအတွင်း ရော်ဘာခြံတစ်ခုထဲ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ရာဘာခြံတွင် ရှိနေသည့် အသက် ၅၀ နှစ်အရွယ် ဦးအောင်မြင့် သေဆုံးကြောင်း ဒေသခံတို့က ပြောဆိုသည်။

ယင်းအပြင် အသက် ၂ နှစ်အရွယ်၊ အသက် ၁၃ နှစ်အရွယ်၊ အသက် ၁၆ နှစ်အရွယ်၊ ကလေးသုံးဦး၊ အသက် ၃၅ နှစ်အရွယ် မဖြူဖြူဝင်းနှင့် အသက် ၃၂ နှစ်အရွယ် ကိုနိုင်လင်းဝေတို့ လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရကြောင်း ၎င်းတို့က ဆိုသည်။

“သံဖြူဇရပ်မှာဆိုရင် အဲဒီ ရေတံခွန်၊ စခန်းကြီးဘက်မှာ တိုက်ပွဲက ခဏခဏဖြစ်တယ်။ အခုတလောမှာလည်း စစ်ကြောင်း တွေ ဝင်လာနေတာရှိတယ်။ အဓိက အဲဒီဘက်မှာ လက်နက်ကိုင်တွေ လှုပ်ရှားတယ်လေ။ နောက် သံဖြူဇရပ်ကနေ ရေး အထိဆိုရင်လည်း တိုက်ပွဲတွေက ဆက်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရဲတံခွန်ရွာသစ် ဘုရားကုန်းတွင် စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော် တပ်စွဲထားပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇)၊ တောင်ညိုစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးကျည် ၃၇ လုံး ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း တောင်ညိုစစ်ကြောင်းက ယနေ့ ဩဂုတ်လ ၁၆ ရက်နေ့က ထုတ်ပြန်ထားသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်က ငါးဦးသေဆုံးပြီး၊ နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ဖော်ပြသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကမူ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ထားသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိန်းချုပ်ထားသည့် သံဖြူဇရပ်-ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်နေသည်။

တော်လှန်ရေးအင်အားစုများက စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခြင်း၊ တပ်စွဲထားသည့်နေရာများကို ဝင်ရောက် တိုက်ခိုက်ခြင်းတို့ကြောင့် နေ့စဉ်နီးပါး တိုက်ပွဲများဖြစ်ပွားနေသည်။

စစ်ရေးတင်းမာနေသည့် ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ဖြတ်သန်းမသွားလာရန် တော်လှန်ရေးအင်အားတို့က ဩဂုတ်လ ၅ ရက်မှစတင်ကာ ကန့်သတ်ထားသည်။