BREAKING
January 15, 2025

သက်ဆင်၏သမီး ထိုင်းဝန်ကြီးချုပ်ဖြစ်လာ

August 16, 2024

ထိုင်းနိုင်ငံ၏ ၃၁ ဦးမြောက် ဝန်ကြီးချုပ်အသစ်အဖြစ် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးဖြစ်သူ Paetongtarn Shinawatra ကို လွှတ်တော်က မဲပေးရွေးချယ်လိုက်သည်။

Pheu Thai ပါတီခေါင်းဆောင် အသက် ၃၇ နှစ်အရွယ် Paetongtarn Shinawatra သည် ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာသည်။

ညွန့်ပေါင်းအစိုးရအဖွဲ့ခေါင်းဆောင်ပါတီဖြစ်သော Pheu Thai ပါတီဘက်က ပါတီခေါင်းဆောင် Paetongtarn Shinawatra အား ဝန်ကြီးချုပ်လောင်းအဖြစ် ယနေ့ ဩဂုတ်လ ၁၆ ရက်တွင် အမည်စာရင်းတင်သွင်းခဲ့ပြီး အခြားပါတီများက ဝန်ကြီးချုပ်လောင်း အပြိုင်အဆိုပြုတင်သွင်းခြင်း မရှိခဲ့ပေ။

၎င်းကို လွှတ်တော်ထဲတွင် အမတ်နေရာ ၄၉၀ ရှိသည့်အနက် ထောက်ခံမဲ သုံးရာကျော်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

Paetongtarn Shinawatra က ဝန်ကြီးချုပ်အသစ်ဖြစ်လာပြီးနောက် ထိုင်းနိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လားပြီး သက်ဆင်ရှင်နဝပ်မိသားစု၏ တတိယမြောက် ဝန်ကြီးချုပ်ဖြစ်လာသူ ဖြစ်သည်။

သက်ဆင် ဝန်ကြီးချုပ်ဖြစ်ခဲ့သော ၂၀၀၆ ခုနှစ်နှင့် ယင်လတ် ဝန်ကြီးချုပ်ဖြစ်ခဲ့သော ၂၀၁၄ ခုနှစ်တွင် နှစ်ကြိမ်ဆက်တိုက် အာဏာသိမ်းခံထားရသည်။

Paetongtarn Shinawatra သည် ချူလာလောင်ကွန်းတက္ကသိုလ်က နိုင်ငံရေးသိပ္ပံနှင့် ဘွဲ့ရထားပြီး အင်္ဂလန်နိုင်ငံတွင် နိုင်ငံတကာဟိုတယ်စီမံခန့်ခွဲမှုမေဂျာဖြင့် မာစတာဘွဲ့ရရှိထားသည်။

ဩဂုတ်လ ၁၄ ရက်က ထိုင်းဝန်ကြီးချုပ် စေထာထဝီဆင်ကို လက်ရှိရာထူးက ရပ်နားရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အမိန့်ချမှတ်လိုက်ပြီးနောက် ဝန်ကြီးချုပ်အသစ်ကို လွှတ်တော်က ထပ်မံရွေးချယ်ခြင်းဖြစ်သည်။

Move Forward ပါတီဖျက်သိမ်းခံရပြီးနောက် ပါတီအသစ်ထူထောင်ထားသည့် People’s Party ပါတီက ညွန့်ပေါင်းအစိုးရနှင့် ပူးပေါင်းသွားမည်မဟုတ်ဘဲ လွှတ်တော်ထဲတွင် အတိုက်အခံပါတီအနေဖြင့် ဆက်ရှိနေမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ထားသည်။

Ref: Khaosod English, Thai Enquirer