BREAKING
December 26, 2024

ဖမ်းခေါ်ခံရသည့် ထားဝယ်မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း အလောင်းပြန်တွေ့

August 16, 2024

ပုံစာ - ထားဝယ်မြို့ ဆင်ဆိပ်လမ်းကွေ့နေရာအား တွေ့ရစဉ်(ပုံဟောင်း)

ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်တွင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဟောင်း ဦးကျော်မြင့်၏ ရုပ်အလောင်းကို ထားဝယ်မြစ်ကမ်းဘေးတွင် ယနေ့ နံနက်ပိုင်းက ပြန်တွေ့ကြောင်း မြို့ခံအချို့နှင့် စစ်ကောင်စီနှင့် နီးစပ်သူအချို့ထံမှသိရသည်။

ဆင်ဆိပ်လမ်းကွေ့အနီး နေအိမ်တွင်နေထိုင်ပြီး သဲကျောက်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် ဦးကျော်မြင့်ကို ဩဂုတ်လ ၁၅ ရက် နံနက်တွင်လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ထို့နောက် တစ်ရက်အကြာ ယနေ့ ဩဂုတ်လ ၁၆ရက် နံနက်စောစောတွင် ဆင်ဆိပ်ရပ်ကွက်နှင့် မျက်နှာချင်းဆိုင်ရှိ လောင်းလုံးမြို့နယ်ဘက်ခြမ်း ထားဝယ်မြစ်ကမ်းတွင် ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကို ပြန်တွေ့ခဲ့ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“သူနေတဲ့ နေရာနဲ့နီးနီးပဲ။ ဟိုဖက်ကမ်းမှာ တွေ့တာ” ဟု ၎င်းက ပြောသည်။

ဦးကျော်မြင့်သည် ၁၉၉၀ အလွန်နှစ်များက စစ်ခေါင်းဆောင် ဦးသန်းရွှေလက်ထက် ထားဝယ်ခရိုင် ခယက ရုံးတွင် လုပ်ကိုင်ခဲ့ဖူးပြီး အဆိုပါစစ်အစိုးရလက်ထက်တွင်ပင် ဆင်ဆိပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ဆောင်ခဲ့ကြောင်း မြို့ခံအချို့က ပြောဆိုသည်။

မြို့ခံအချို့၏အဆိုအရ ဦးကျော်မြင့်သည် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး စစ်ကောင်စီနှင့် နီးစပ်သူဖြစ်ကြောင်း ပြောဆိုကြသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးကလည်း ဦးကျော်မြင့်၏ ရုပ်အလောင်းကို ယနေ့ နံနက်တွင် ပြန်တွေ့ခဲ့ကြောင်း အတည်ပြုပြောဆိုသည်။

“မနေ့က ဖမ်းပြီး အခုမနက်အလောင်းပဲပြန်ရတယ်” ဟု ၎င်းက ပြောသည်။

ဦးကျော်မြင့်အား မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့သည်၊ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်တို့ကို မသိရသေးပေ။