BREAKING
February 25, 2025

အော်တစ်ဇင် ကလေးအမွှာနှစ်ဦးကို သတ်ခဲ့၍ ဖခင်ကို ထောင် ၁၄ နှစ်ချ

August 16, 2023

အော်တစ်ဇင်ရောဂါ ခံစားနေရသော အမွှာကလေးငယ်နှစ်ဦးကို သတ်ခဲ့မှုဖြင့် ဩဂုတ်လ ၁၅ ရက်နေ့တွင် စင်ကာပူတရားရုံးက ဖခင်ဖြစ်သူကို ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခဲ့သည်။

 Xavier Yap အမည်ရှိသော အသက် ၅၀ အရွယ် ဖခင်ဖြစ်သူက အော်တစ်ဇင်ရောဂါခံစားနေရသော သားနှစ်ဦးကို ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် အဆုံးစီရင်သည့်အနေဖြင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

အသက် ၁၁ နှစ်အရွယ် ကလေးငယ်နှစ်ဦးမှာ သာမာန်ကလေးငယ်များနှင့်မတူညီဘဲ အာရုံကြောချို့ယွင်းမှု(အော်တစ်ဇင်)ရှိနေသော ကလေးငယ်များဖြစ်ကြသည်။

အမွှာကလေးငယ်နှစ်ဦးနှင့်အတူ ဖခင်ရော မိခင်ပါ အတူတကွ နေထိုင်ကြပြီး ကလေးငယ်များကိုပြုစုစောင့်ရှောက်ရန် အိမ်အကူတစ်ဦးကိုပါ ထပ်မံခေါ်ယူထားခဲ့သည်။

ကလေးငယ်နှစ်ဦး အော်တစ်ဇင်ရောဂါခံစားနေရသည်ကို ၎င်းတို့၏ အသက် ၂ နှစ်အရွယ်တွင် မိဘနှစ်ပါးက စတင် ရိပ်မိလာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကလေးငယ်များကို စစ်ဆေးကြည့်ရာ ၂၀၁၇ ခုနှစ်တွင် အော်တစ်ဇင်ရောဂါ ခံစားနေရသည်ကို တွေ့ရှိခဲ့သည်။

ကလေးငယ်များ အော်တစ်ဇင်ရောဂါ ခံစားနေရသည့်အတွက် အထူးကျောင်းများတွင် ကျောင်းထားရန် အကြံပြုကြသော်လည်း မိခင်ဖြစ်သူက ၎င်းတို့နှစ်ဦး၏ အခြေအနေကို လက်ခံရန် ခက်ခဲနေခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၁၉ ခုနှစ် အမွှာကလေးငယ်နှစ်ဦး အသက် ၉ နှစ်အရွယ်ရောက်ရှိချိန်တွင် မူလတန်းကို စတင်အပ်နှံခဲ့ပြီး ၎င်းအချိန်အထိ ကလေးငယ်နှစ်ဦးမှာ စကားပြောဆိုနိုင်ခဲ့ခြင်း မရှိခဲ့သေးပေ။

ကလေးငယ်နှစ်ဦး ပုံမှန်အတိုင်း ပညာသင်ကြားရန် အခက်အခဲရှိနေခဲ့သဖြင့် မိခင်ဖြစ်သူနှင့် အိမ်အကူက ကျောင်းစာသင်ခန်းအထိ ထိန်းပေးနေခဲ့ရပြီး အမေဖြစ်သူပျက်ကွက်ပါက ကလေးငယ်တစ်ဦး ကျောင်းပျက်ကွက်နေခဲ့သည်။

နောက်ပိုင်းတွင် မိခင်ဖြစ်သူက ကလေးကျောင်းပညာရေးတွင် ဝင်စွက်ဖက်ခြင်း မရှိတော့ဘဲ မိဘကလေးတွေ့ဆုံပွဲကဲ့သို့ ကျောင်းလှုပ်ရှားမှုများတွင် တက်ရောက်လာခဲ့ခြင်း မရှိတော့ပေ။

ဖခင်ဖြစ်သူမှာ ကလေးငယ်များနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး ရိုက်နှက်ဆုံးမခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။

အမွှာကလေးနှစ်ဦး လိုအပ်ပစ္စည်းများကို အမြဲဝယ်ပေးလေ့ရှိပြီး ၎င်းတို့၏ နေ့စဉ်လုပ်ငန်းများတွင်လည်း ဝင်ရောက်ကူညီပေးလေ့ရှိသူဖြစ်ကြောင်း သိရသည်။

ကလေးငယ်များ၏ သင်ယူတတ်မြောက်ရေးတွင်လည်း ပါဝင်ကူညီလေ့ရှိပြီး ကျောင်းအပ်နှံပြီးကတည်းက ကလေးများနှင့် ပိုမိုအချိန်ကုန်ဆုံးနေခဲ့သူဖြစ်သည်။

၂၀၁၉၊ ၂၀၂၀ ခုနှစ်များတွင်မူ ဖခင်ဖြစ်သူက သားနှစ်ဦးအပေါ်တွင် စိုးရိမ်မှု စတင်ဖြစ်ပေါ်လာပြီး မိခင်ဖြစ်သူက သားနှစ်ဦးကို ဒေါသထွက်လာသည့်အချိန် ၂၀၂၁ ခုနှစ်တွင် စိုးရိမ်စိတ် တဖြေးဖြေး မြင့်တက်လာခဲ့ပြီး အဆုံးစီရင်ရန် အတွေးစဝင်လာခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်အရောက်တွင် ဖခင်ဖြစ်သူက ကလေးနှစ်ဦးနှင့်အတူ သူကိုယ်တိုင် သတ်သေဖို့အတွေး ပိုမိုပြင်းထန်လာခဲ့ကြောင်း ဖော်ပြထားသည်။

ကလေးငယ်များကို ကျောင်းတွင် ဆက်ထားဖို့ သင့်တော်မတော် ဆုံးဖြတ်ချက်ချမည့်အချိန်ဖြစ်နေသောကြောင့် မိခင်ဖြစ်သူကလည်း စိတ်ဓါတ်ကျကာ စိတ်ဆိုးနေသည်ကို ဖခင်ဖြစ်သူက သတိပြုမိလာခဲ့ကြောင်း ဖော်ပြထားသည်။

နောက်ပိုင်းတွင် မိခင်ဖြစ်သူက သားနှစ်ဦးကို စွန့်ပစ်သွားပြီဟုပင် ခံစားမိလာခဲ့သည်ဟု ဆိုထားသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့အရောက်တွင် ဖခင်ဖြစ်သူက သူသိထားသော သစ်တောအနီး ကွင်းပြင်ကျယ် လူတိတ်ဆိတ်သော ကစားကွင်းကို ကလေးငယ်နှစ်ဦးကို ကားဖြင့်တင်ဆောင်ကာ ထွက်လာခဲ့သည်။

ကလေးငယ်များကို ၁၀ မိနစ်ခန့် ကစားစေခဲ့ပြီး အနီးရှိ ရေမြောင်းကို တစ်ဦးချင်းခေါ်သွားကာ ဖခင်ဖြစ်သူက ကလေးငယ်များကို လည်ပင်းညှစ် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ကလေးငယ်နှစ်ဦး သေဆုံးခဲ့ပြီးနောက် ဖခင်ဖြစ်သူက သူကိုယ်တိုင်အဆုံးစီရင်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ထို့နောက်ဖခင်ဖြစ်သူက ၎င်းတို့သားအဖများ တိုက်ခိုက်ခံရကြောင်း ရဲတပ်ဖွဲ့ကို လိမ်လည်တိုင်ကြားခဲ့ပြီး ရဲတပ်ဖွဲ့များ ရောက်ရှိလာသောအခါ သူ့ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဖခင်ဖြစ်သူကတော့ အော်တစ်ဇင်ခံစားနေရသော သားနှစ်ဦးသည် ၎င်းတို့မိဘနှစ်ပါးမရှိသောအချိန်တွင် အနိုင်ကျင့်ခံရမည်ကို ကြောက်ရွံ့နေခဲ့ကြောင်း ထွက်ဆိုထားသည်။

သားနှစ်ဦးကို သတ်ခဲ့သောအချိန်တွင် ဖခင်ဖြစ်သူက စိတ်ဓါတ်ကျမှုများ ခံစားနေရပြီး စိတ်ကျန်းမာရေးဆိုးရွားမှုရှိနေကြောင်း ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

၎င်းကို လူသတ်မှုဖြင့် စွဲချက်တင်ခဲ့သော်လည်း စိတ်အခြေအနေအရ အဖြစ်အပျက်များကို အခြေခံကာ ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

Ref: CNA, The Straits Times