မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့ရဲစခန်းအနီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ် အပါအဝင် နေအိမ်နှစ်လုံး မိုင်းဆွဲမီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။
ဩဂုတ်လ ၁၅ ရက် နံနက် ၉ နာရီဝန်းကျင်တွင် ပလမြို့ရဲစခန်းအနီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်သူရ၏ နေအိမ် မီးရှို့ခံရပြီး နောက်ထပ်ဒေသခံတစ်ဦးဖြစ်သည့် ဦးမျိုးမင်းဦး၏ နှစ်ထပ်တိုက်သည်လည်း မိုင်းဆွဲမီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။
“မျိုးမင်းဦးအိမ်မှာက လူမနေဘူး။ ကျော်သူရ အိမ်မှာက လူရှိတယ်။ ရေချိုးခန်းထဲ ဝင်ပုန်းနေလို့ ထိခိုက်မှု မရှိဘူးလို့ သိရတယ်” ဟု ပလမြို့ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
ဦးကျော်သူရသည် ပလမြို့ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ပြီး ဦးမျိုးမင်းဦးမှာ ယခင်က ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ခဲ့သူဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ဆက်နွှယ်ပတ်သက်သည်ဟု သတင်းထွက်နေသူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
“(ဦးမျိုးမင်းဦး) ဒီလူက အိမ်မှာနေမရဲလို့ အခုရဲစခန်းမှာ သွားနေနေတာ” ဟု ဒေသခံအမျိုးသားနောက်တစ်ဦးက ပြောသည်။
မိုင်းဆွဲ မီးရှို့ဖျက်ဆီးမှုကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်သည်ကို အတည်မပြုနိုင်သေးပေ။
နေအိမ်မီးရှို့ခံရပြီးနောက် ပလမြို့ရဲစခန်းမှ လက်နက်ကြီးဖြင့် ဇရပ်ဆိပ်နှင့် ဘိုင်းပြင်ရွာများဖက်သို့ ပစ်ခတ်ခဲ့ပြီး အရပ်သားထိခိုက် ဒဏ်ရာရမှု မကြားရသေးကြောင်း ဒေသခံများက ဆိုသည်။
ပြီသခဲ့သည့် ဇူလိုင်လ ၁၅ ရက် ညကလည်း ပုလောမြို့၊ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း နေအိမ် မီးရှို့ခံခဲ့ရပြီး စစ်ကောင်စီတပ်က ပုလောချောင်းရိုးတစ်လျှောက်ရှိ နတ်အိမ်ကမ်းနှင့် မှော်ကြောင်းရွာများဖက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးသည်။