အမေရိကန် မေဂျာလိဂ်ကလပ် အင်တာ မီယာမီအသင်းသည် မက်ဆီ ပါဝင်ကစားပေးသည့်ပွဲစဉ်မှစတင်၍ နိုင်ပွဲများ ဆက်တိုက်ရရှိကာ အသင်းသမိုင်းကြောင်းတလျှောက်တွင် ဆုဖလားတစ်လုံး၏ဖိုင်နယ်အဆင့်သို့ ပထမဆုံးအကြိမ် တက်လှမ်းရောက်ရှိသွားခဲ့ကြောင်း သိရှိရသည်။
အင်တာ မီယာမီအသင်းသည် လိဂ်ဖလား ဆီမီးဖိုင်နယ်အဆင့်တွင် ဖီလာဒဲလ်ဖီးယားအသင်းကို လေးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့ပြီး အသင်းသမိုင်းကြောင်းတလျှောက်တွင် လိဂ်ဖလားဖိုင်နယ်အဆင့်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခြင်းအဖြစ် မှတ်တိုင်သစ်တစ်ခု စိုက်ထူလိုက်နိုင်ပြီဖြစ်သည်။
အင်တာ မီယာမီသည် ပထမပိုင်း ပွဲကစားချိန် ၄၅ မိနစ်အတွင်း၌ပင် ဖီလာဒဲလ်ဖီးယားကို သုံးဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ယင်းဂိုးများကို မာတီနက်ဇ်(၃ မိနစ်)၊ မက်ဆီ(၂၀ မိနစ်)နှင့် ဂျော်ဒီ အယ်လ်ဘာ(၄၅+၃ မိနစ်)တို့က သွင်းယူပေးခဲ့ကြခြင်းဖြစ်သည်။
ဖီလာဒဲလ်ဖီးယားသည် ပွဲကစားချိန် ၇၃ မိနစ်တွင် ဘီဒိုယာ၏သွင်းဂိုးနှင့်အတူ ချေပဂိုးတစ်ဂိုး ပြန်လည်ရရှိခဲ့ပြီး ပွဲချိန် ၈၄ မိနစ်တွင် ဒေးဗစ်ရုဇ်က အင်တာ မီယာမီအတွက် စတုတ္ထဂိုး သွင်းပေးလိုက်သည့်အတွက် ပွဲအပြီးတွင် အင်တာ မီယာမီက လေးဂိုး တစ်ဂိုးဖြင့် အောင်ပွဲခံသွားနိုင်ခဲ့ခြင်းဖြစ်သည်။







မက်ဆီသည် အင်တာ မီယာမီအတွက် ပထမဆုံး ပါဝင်ကစားခွင့်ရရှိသည့်ပွဲစဉ်ကတည်းကပင် ဂိုးရယူပေးခဲ့ကာ ၎င်း ပါဝင်ကစားသည့် လိဂ်ဖလားပွဲစဉ်တိုင်းတွင် အင်တာ မီယာမီက အနိုင်ရရှိပြီး ယခုကဲ့သို့ ဖိုင်နယ်အဆင့်ဆီ တက်လှမ်းရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။
အင်တာ မီယာမီသည် လာမည့် ဩဂုတ်လ ၁၉ ရက်နေ့တွင် လိဂ်ဖလားဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ရတော့မည်ဖြစ်ပြီး ယင်းပွဲစဉ်တွင် ဆုဖလားဆွတ်ခူးနိုင်ခဲ့ပါက အင်တာ မီယာမီနှင့် မက်ဆီအတွက် သမိုင်းသစ်တစ်ခု ဖြစ်လာတော့မည်ဖြစ်သည်။