BREAKING
December 23, 2024

ထားဝယ် နှင့် မြိတ်တွင် အိမ်သုံးဂတ်စ် ပြတ်လပ်

July 16, 2024

မြိတ်နှင့် ထားဝယ်မြို့များတွင် ဂတ်စ်ဖြည့်ဆိုင်များတွင် အိမ်သုံးဂတ်စ်များ ပြတ်လပ်နေကြောင်း လုပ်ငန်းရှင်များ နှင့် မြို့ခံများထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးနောက် နယ်စပ်ကုန်သွယ်ရေးဂိတ်များမှ ဂတ်စ်သယ်ယူမှုများ ရပ်နားသွားသဖြင့် ထားဝယ် နှင့် မြိတ် မြို့များအတွက် အိမ်သုံးဂတ်စ်ကို ရန်ကုန်မှ တင်သွင်းနေရသည်။ ထိုသို့ တင်သွင်းရာတွင် ခွဲတမ်းဖြင့်ယူရသဖြင့် မလုံလောက်မှုဖြစ်သည်ဟု ဂတ်စ်ကုန်သည်များကဆိုသည်။

လက်ကား ရောင်းချသူများမှာ ခွဲတမ်း အလုံအလောက်မရသဖြင့် လက်လီသမားများမှာ ဆိုင်ပိတ်ထားရကြောင်း ထားဝယ်မြို့မှ အိမ်သုံး ဂတ်စ်အိုးဖြည့်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးကပြောသည်။

“ခွဲတမ်းက အခုလအတွက်ဆိုလုံးဝမရသေးဘူး။ ခွဲတမ်းကို ကားအစီးရေနဲ့ ပေးတယ်။ အခုလအတွက် တစ်စီးစာတောင်မရသေးဘူး။ ထားဝယ်မှာကျန်နေတာက လက်ကျန်ဂတ်စ်ပေါ့။ ၁၅ ကီလို လာဖြည့်ရင် ၃ ကီလို၊ ၄ ကီလိုဖြည့်ပေးလိုက်နဲ့မျှသုံးနေကြတယ်။ အချို့ဆိုလုံးဝမရဘူး” ဟု ထားဝယ်ဒေသခံ ဂတ်စ်ကုန်သည် တစ်ဦးက ပြောသည်။

မြိတ်မြို့တွင်လည်း ဇူလိုင်လ ဒုတိယအပတ်မှစ၍ ဂတ်စ်ဆိုင်အချို့ အိမ်သုံးဂတ်စ် ပြတ်လပ်မှုကြုံနေရကြောင်း မြို့ခံများထံကသိရသည်။

“ဂတ်စ်ကို အရင်က ရှိတလှည့် ပြတ်တလှည့်။ အခုက မရှိဘူး။ ရန်ကုန်ဘက်ကပဲ သယ်နေရတော့ ခွဲတမ်းလုံလုံလောက်လောက် မရဘူး”ဟု မြိတ်မြို့က ဂတ်စ်ဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

ယင်းအပြင် သယ်ယူသည့်လမ်းကြောင်းလုံခြုံရေးအခြေအနေကြောင့်လည်း သယ်ယူသည့်အကြိမ်ရေ ယခင်ထက်နည်းလာသဖြင့် ဂတ်စ်လုံလုံလောက်လောက် မတင်သွင်းနိုင်ခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

ထားဝယ်နှင့် မြိတ်တို့တွင် ဂတ်စ်ဈေး တည်ငြိမ်မှု မရှိပေ။

အိမ်သုံးဂတ်စ် တစ်ကီလိုလျင် ၅၅၀၀ ကျပ် နှင့် တစ်ပိသာ ၈ဝဝဝ ကျပ် ဝန်းကျင် စသည့် နှုန်းထား အမျိုးမျိုး ရှိကြောင်း စျေးကွက်အတွင်းမှ သိရသည်။

ကော့သောင်းမြို့တွင်မူ ရန်ကုန်ဘက်မှ လမ်းကြောင်းအပြင် ထိုင်းဘက်မှ သယ်ယူသည့်လမ်းကြောင်းလည်းရှိသဖြင့် ဂတ်စ်လုံလောက်နေဆဲဖြစ်ပြီး ထိုင်းဘတ်ငွေဈေးနှုန်းအပေါ်မူတည်၍ ဈေးအပြောင်းအလဲများကြောင်း ကော့သောင်းမြို့မှ ဂတ်စ်ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်လည်း ရန်ကုန်မှ တစ်ဆင့် အိမ်သုံးဂတ်စ်တင်သွင်းကြပြီး တင်သွင်းသည့် ကုမ္ပဏီများကိုယ်တိုင်ပင် ဂတ်စ်ပြတ်လပ်မှုအခက်အခဲကြုံနေရကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။