BREAKING
December 28, 2024

စစ်ကောင်စီတပ် စစ်ကြောင်းများ ဆက်တိုက်ဝင်နေသောကြောင့် လောင်းလုံးဒေသခံများစိုးရိမ်

July 16, 2024

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ယနေ့ ဇူလိုင်လ ၁၆ ရက် နံနက်ပိုင်းတွင်လည်း အင်အား ထပ်ဖြည့်လာ ဝင်ရောက်သောကြောင့် တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်နေကြရကြောင်း ဒေသခံများက ပြောသည်။

ထားဝယ်နှင့် လောင်းလုံးမြို့နယ်ကြားရှိ ကျေးရွာများကို ယနေ့ နံနက် ၆ နာရီခန့်တွင် ထားဝယ်ဘက်က မြေတင်ကား တစ်စင်းဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အပြည့်လိုက်ပါလာသော စစ်ကြောင်း ထပ်မံရောက်ရှိလာကြောင်း ဒေသခံတို့က ဆိုသည်။

လောင်းလုံးမြို့နယ်က ကျေးရွာများကို စစ်ကောင်စီတပ်က ဇူလိုင်လ ၁၃ ရက်မှစတင်ကာ လောင်းလုံး-ထားဝယ်လမ်းပိုင်း၏ အနောက်ဘက် တောတန်းအတိုင်း စစ်ကြောင်းထိုးဝင်ရောက်နေပြီး ဇူလိုင်လ ၁၅ ရက်တွင်လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးနောက် စစ်ကြောင်း ထပ်တိုးဝင်ရောက်လာကြောင်း ဒေသခံတို့ထံမှ သိရသည်။

လက်ရှိတွင် ရွာဟောင်းဝရွာ၊ သဗျာရွာတို့တွင် စစ်ကောင်စီစစ်ကြောင်းများ ဝင်ရောက်တပ်စွဲထားကြောင်း ဒေသခံတို့က ပြောသည်။

ယင်းအပြင် ယနေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ရွာဟောင်းဝရွာနှင့် သဗျာရွာတို့သို့ စစ်အင်အားထပ်မံဖြည့်တင်း လာခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

စစ်ကြောင်းများ ဝင်ရောက်လာသဖြင့် ဒေသခံများ တိမ်းရှောင်ထွက်ပြေးနေကြကြောင်း ဒေသခံတို့က ဆိုသည်။

“ကျွန်မတို့ ရွာဘက်ကို ပြေးလာနေတဲ့ သူတွေလည်းရှိတယ်။ အဓိက နှစ်ဖက်ပစ်တာခတ်တို့ ဖြစ်လာမှာစိုးရိမ်လို့ပေါ့” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ယနေ့ နံနက်ပိုင်းအထိ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများ မရှိသေးကြောင်း ‌လောင်းလုံးဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“လူမရှိတဲ့ အိမ်တွေကများတယ်။ (စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ) သူတို့လည်း အိမ်တွေမှာ ထမင်းချက်စားနေကြတယ်။ ဒီမနက်တော့ ပစ်တာခတ်တာ မကြားရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။

လောင်းလုံးမြိုနယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက နယ်မြေလုံခြုံရေးတိုးမြှင့်ဆောက်ရွက်မည်ဖြစ်ကြောင်း ဇွန်လ ၃၀ ရက်တွင် ထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွားများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးခြင်းများ လုပ်ဆောင်လာသည်။

စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရသလို သဗျာရွာက မိန်းကလေးတစ်ဦးလည်း ပစ်သတ်ခံခဲ့ရသည်။