BREAKING
October 18, 2024

ထိုင်းတွင် တစ်လကျော်အတွင်း လုပ်ငန်းခွင်ထဲမှ မြန်မာရှစ်သောင်းကျော် စစ်ဆေးခံရပြီး ၄၇၀ ကျော် အဖမ်းခံရ

July 16, 2024

ပုံ - စီမံချက်ဖြင့် လိုက်လံစစ်ဆေးနေစဉ် (กรมการจัดหางาน)

ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၃၆ ရက်အတွင်း လုပ်ငန်းခွင်ထဲရှိ မြန်မာနိုင်ငံသား ရှစ်သောင်းကျော်အပါအဝင် ရွှေ့ပြောင်းအလုပ်သမား တစ်သိန်းကျော်ကို စစ်ဆေးခဲ့ပြီး မြန်မာ ၄၇၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်သမားများ ဖမ်းဆီးနှိမ်နင်းရေး ရက်ပေါင်း ၁၂၀ စီမံချက်ဖြင့် လိုက်လံစစ်ဆေးနေရာ ဇွန်လ ၅ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ မြန်မာအလုပ်သမားများအပါအဝင် နိုင်ငံခြားသားအလုပ်သမား တစ်သိန်းကျော် စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းကြောင့် နောက်ထပ် ၃ လခန့် ဆက်လက်စစ်ဆေး သွားဦးမည်ဖြစ်သည်။

ဘန်ကောက်မြို့ရှိ စက်ရုံများ၊ ရတ်ချ်ဘူရီခရိုင်ရှိ အုန်းသီးစက်ရုံများ၊ ဥဒွန်းဌာနီရှိ စားသောက်ဆိုင်များ၊ ချာချင်ဆောင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများအပါအဝင် ခရိုင်အသီးသီးရှိ လုပ်ငန်းခွင်နေရာပေါင်း ၈၇၀၀ ကျော်ကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ဆေးခဲ့သော အလုပ်သမား ၁ သိန်းကျော်တွင် မြန်မာအလုပ်သမား ၈ သောင်းကျော်ပါဝင်ပြီး ကမ္ဘောဒီးယား ၁၆၀၀၀ ကျော်၊ လာအို ၇၈၀၀ ကျော်၊ ဗီယက်နမ်နိုင်ငံသား ၁၀၀ ကျော်ပါဝင်ကာ အခြားနိုင်ငံသား ၃၅၀၀ ကျော် ပါဝင်နေသည်။

၎င်းတို့အနက် မြန်မာအလုပ်သမား ၄၇၃ ဦး၊ လာအို ၁၀၁ ဦး၊ ကမ္ဘောဒီးယား ၇၄ ဦးနှင့် ဗီယက်နမ်နိုင်ငံသား ၁၄ ဦးအပါအဝင် ကျန်နိုင်ငံသား ၆၄ ဦးကို တရားမဝင် ဝင်ရောက်လုပ်ကိုင်နေမှုများဖြင့် ဖမ်းဆီးအရေးယူထားကြောင်း ဖော်ပြထားသည်။

၎င်းတို့ကို အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ ဝင်ရောက်လုပ်ကိုင်နေမှု၊ နိုင်ငံခြားသား လုပ်ခွင့်မရှိ‌သော အလုပ်များ လုပ်ကိုင်နေမှုများဖြင့် အရေးယူထားခြင်းဖြစ်သည်။

အရေးယူခံရသူများသည် ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ချမှတ်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခံမည်ဖြစ်ကာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ၂ နှစ်ပိတ်သိမ်းခံရမည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားအလုပ်သမားများသည် အလုပ်လုပ်ခွင့်လက်မှတ်ဖြင့်သာ တရားဝင် လုပ်ကိုင်ရမည်ဖြစ်ပြီး နိုင်ငံခြားသားများ လုပ်ပိုင်ခွင့်မရှိသော လုပ်ငန်းပေါင်း ၄၀ တွင်လည်း ဝင်ရောက်လုပ်ကိုင်ခွင့်မရှိကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။