BREAKING
September 19, 2024

သံဖြူဇရပ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်

July 16, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စခမ်းကြီးကျေးရွာအနီးတွင် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တို့က သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇူလိုင်လ ၁၅ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က သံဖြူဇရပ်-ရေးကားလမ်း၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်သော်ကျေးရွာဘက်မှ စခမ်းကြီးကျေးရွာဘက်သို့ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦးကို စခမ်းကြီးကျေးရွာအနီးအရောက်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အမျိုးသားနှစ်ဦးသည် အခင်းဖြစ်ရပ်နေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

“အဲဒီနေရာမှာ ကင်းစောင့်နေတဲ့ စစ်သားတွေရှိတယ်။ သူတို့ကနေ အဲဒီဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးက ပစ်ထည့် လိုက်တာ။ နှစ်ဦးစလုံး သေသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရုပ်အလောင်းတို့ကို ညပိုင်းတွင်မှသာ ဒေသခံတို့က သွားရောက်ယူဆောင်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည့် အမျိုးသားနှစ်ဦးသည် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း ဒေသခံတို့က ဆိုသည်။

အဆိုပါအမျိုးသားနှစ်ဦး ပစ်ခတ်ခံရသည့်နေ့က စခမ်းကြီးကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ စိုးမိုးထိန်းချုပ်ထားသည့် သံဖြူဇရပ်-ရေး-ထားဝယ်လမ်းပိုင်းကို စစ်ကောင်စီတပ်တို့က ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေပြီး ဇွန်လဆန်းပိုင်းကတည်းက စစ်အင်အားတိုးချဲ့လာကာ စစ်ကြောင်းထိုးမှုများ ဆက်တိုက်လုပ်လာခဲ့သည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများလည်း ရှိလာခဲ့သည်။