ပုလောမြို့၊အမှတ် ၁ ရပ်ကွက်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၏နေအိမ် မီးရှို့ခံရကြောင်း ဒေသခံများ ထံမှသိရသည်။
မနေ့ည(ဇူလိုင် ၁၅ ရက်နေ့ ) ၁၂ ဝန်းကျင်တွင် မီးရှို့ခံရခြင်းဖြစ်သည်။
“လှေနဲ့လာပြီး မီးလောင်ဗုံးနဲ့လာပစ်သွားတယ်လို့ ပြောတယ်။ လူတွေတော့ ထိခိုက်သံမကြားရဘူး”ဟု ဒေသခံအမျိုးသား ကပြောသည်။
ဦးသိန်းဝင်းသည် အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ပြီး မီးရှို့ခံရသည့် နှစ်ထပ်အိမ်မှာ အမှတ် ၁ ရပ်ကွက် လှေဆိပ်အနီးတွင်ရှိသည်ဟု ဒေသခံများ ကဆိုသည်။
မီးရှိ့ခံရချိန်တွင် ဦးသိန်းဝင်းမှာ နေအိမ်တွင်မရှိဘဲ လှေဆိပ်တွင် ရောက်ရှိနေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“လှေဆိပ်နဲ့ သူ့အိမ်က နီးနီးလေးပဲ။ သူကညဆို ပိုက်လှေငယ်တွေ အဝင်အထွက် စစ်ဆေးတာတွေ လုပ်တယ်’ဟု ဒေသခံ နောက်အမျိုးသားတစ်ဦး ကပြောသည်။
နေအိမ်ကို မည်သည့်အဖွဲ့က မီးရှို့သည်ကိုမူ မသိရဟု ဒေသခံများကဆိုသည်။
မီးရှို့ခံရပြီးနောက် စစ်ကောင်စီတပ်က ပုလောချောင်းရိုးတစ်လျှောက်ရှိ နတ်အိမ်ကမ်းနှင့် မှော်ကြောင်းရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။
ပုလောမြို့တွင် ရပ်ကွက် ၅ ခုရှိပြီး စစ်ကောင်စီတပ်က မြို့အဝင်အထွက်အား ဂိတ် ၅ ခုချကာ တင်းတင်းကျပ်ကျပ် စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိသည်။