အာဏာသိမ်းပြီး ရက်ပေါင်း ၁၂၀၀ ကျော်လာချိန်တွင် အထွေထွေကုန်ဈေးနှုူန်းက အဆပေါင်းများစွာ ထိုးတက်သွားသည်။
ဝင်ငွေနည်းမိသားစုစားလေ့ရှိသည့် ဆန်ကြမ်းတစ်ပြည်လျှင် ကျပ် ၄၀၀၀ ကျော် ဈေးပေါက်နေချိန်တွင် ထားဝယ်ဒေသက အခြေခံအလုပ်သမားတစ်ဦး၏ ပျမ်းမျှဝင်ငွေမှာ တစ်ရက်လျှင် ၆၅၀၀ ကျပ် ဝန်းကျင် (တစ်လနှစ်သိန်း) သာ ရှိသည်။
အာဏာမသိမ်းမီက စျေးတွင် သား၊ငါး၊ ဟင်းသီးဟင်းရွက်ဝယ်သည့် ဈေးဖိုး (မန်းစာဖိုး) အဖြစ် တစ်ရက်လျှင် ကျပ်ငါးထောင်ဝန်းကျင်သာ ကုန်ကျခဲ့သည့် မိသားစုတစ်စုလျှင် လက်ရှိအချိန်တွင် ကျပ်တစ်သောင်းခွဲဝန်းကျင်ဖြင့် ကုန်ကျစရိတ် သုံးစွဲနေရသည်။ ထို့ကြောင့် ဝင်ငွေနည်းမိသားစုများ အကျပ်အတည်း ပိုတွေ့လာကြသည်။
ဈေးဖိုးအပြင် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် စသည့် မီးဖိုချောင်စားကုန်များ အပြင် ကျန်းမာရေး၊ လူမှုရေး၊ မီတာခ စသည့် အသုံးစရိတ်များကလည်း ရှိနေသေးသည်။
အထွေထွေကုန်ဈေးနှုန်း အဆမတန် တက်နေချိန်တွင် တစ်ရက် လုပ်အားခကလည်း အမီ မလိုက်နိုင်သည့် အခင်းအကျင်းဖြစ်လာသည်။
တစ်နေ့ထက်တစ်နေ့ ပိုမိုကျပ်တည်းလာသည့် ပြည်သူများမှာ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲမျိုးစုံဖြင့် ရုန်းကန်နေရသည်။
ထို့ကြောင့် ပြည်သူများ၏ စားဝတ်နေရေးအကျပ်အတည်း၊ ရုန်းကန်နေရသည့် လူမှုစီးပွားဘဝ အခြေအနေများကို တနင်္သာရီအပတ်စဉ်ပုံရိပ်ကဏ္ဍတွင် တင်ဆက်လိုက်သည်။
“နောက်ဆုံး ခိုးဆိုးလုယက်လာကြမှာပေါ့။ အခုလည်းဖြစ်နေတာပဲ။ ရပ်ကွက်ထဲမှာဆို အမြဲတမ်းအခိုးခံနေရတယ်”
ထားဝယ်မြို့ပေါ်ရပ်ကွက်နေ CDM ဝန်ထမ်းတစ်ဦး
DW ။ ကုန်ဈေးနှုန်းတွေ အဆက်မပြတ်တက်လာတဲ့အတွက် ဘယ်လောက်အထိ ဖိအားကြုံနေရလဲ။ ၂၀၂၀ တုန်းကနဲ့စာရင် ဘယ်လောက်အထိ ကွာဟသွားလဲ။
ဖြေ ။ ကွာတာပေါ့။ တစ်နေ့ကို ဈေးဖိုး (သား၊ ငါး၊ ဟင်းသီးဟင်းရွက်အတွက်) တစ်သောင်းခွဲ လိုတယ်။ ဆန်တွေ၊ ဆီတွေ အချိုမှုန့်တွေ ဘာမှမပါသေးဘူး။ မီးသွေးဖိုး ဘာဖိုး ဘာမှမပါဘူး။ ထမင်းစာဖိုး (ဈေးဖိုး) သက်သက်ပဲရှိသေးတယ်။
DW ။ အခုဆို တစ်သောင်းခွဲ ကုန်နေတယ်ပြောတာပေါ့လေ။ အစကဆိုရင် ဘယ်လောက်ကုန်လဲ။
ဖြေ ။ အစကဆိုရင် ဆီတွေ ဆားတွေ အချိုမှုန့်တွေမပါဘူးဆိုရင် (ကျပ်) ငါးထောင်တန်တစ်ရွက်နဲ့ ဈေးသွားလို့ ရတယ်လေ။ အခုက ကြက်သားတစ်စိတ်ကိုတောင် အောက်ပိုင်းက သုံးထောင်၊ သုံးထောင့်ငါးရာလေ။ အပေါ်ပိုင်း (တစ်စိတ်) ဆို လေးထောင်၊ ငါးထောင် ဒီလိုဖြစ်သွားတာ။
DW ။ အခုဆိုရင် အိမ်တစ်ဆောင်လုံးရဲ့ ကုန်ကျစရိတ်က တစ်လ ဘယ်လောက်အထိ ရှိနေလဲ။
ဖြေ ။ စားစရိတ်၊ မီတာခ၊ ဝိုင်ဖိုင်ခ၊ ဆန်ဖိုး၊ ဆီဖိုး အားလုံးပေါင်းလိုက်ရင် ၈ သိန်းလောက် ဖြစ်သွားလိမ့်မယ်။
DW ။ အခုလို အကုန်အကျများနေချိန်မှာ ငွေရှာရတဲ့ အခြေအနေက ဘယ်လိုရှိလဲ။
ဖြေ ။ ရတဲ့ငွေနဲ့က မလောက်ဘူးပေါ့လေ။ ကိုယ်ရတာနဲ့ ရအောင်ပဲ စားလိုက်တာပဲ။ ပိုက်ဆံရှာရတာ မလွယ်ဘူး။ အလုပ်ကြမ်းလုပ်တဲ့ ပန်းရံသမားဆို တစ်နေ့ကို (ကျပ်) တစ်သောင်းပဲ ရတယ်လေ။ ဒီတစ်သောင်းနဲ့ဆို တစ်နေ့စာ ဘယ်လိုမှ မလောက်ဘူး။ မလောက်ဘူးဆိုရင် ချေးလိုက်။ အလုပ်ရလို့ အဆင်ပြေတဲ့အချိန် ပြန်ဆပ်လိုက်နဲ့ သံသရာလည်နေတယ်။
DW ။ ဆိုတော့ မီးဖိုချောင်အတွက် ပိုပြီးကုန်ကျနေချိန်မှာ ကျန်းမာရေးလို တခြားနေရာတွေမှာ အသုံးစရိတ် လျှော့လိုက်ရတာမျိုး ရှိလား။
ဖြေ ။ ကိုယ့်ဝင်ငွေနဲ့ ဆေးခန်းရက်ချိန်းခေါ်တဲ့အခါဆို မသွားရတော့ဘဲ လျှို (မသွားတော့) လိုက်ရမျိုးရှိတယ်။ နောက်လ လောက်မှသွားဖို့ တစ်ခါပြန်စဉ်းစားရတယ်။ ဘာဖြစ်လို့လဲဆို စားဖို့အတွက်က ပိုအရေးကြီးနေတာကိုး။ ကျန်းမာရေးက ကိုယ်တစ်ယာက်ပဲလေ။ စားဖို့က တစ်မိသားစုလုံးစားဖို့ လိုနေတာကိုး။ ဆေးခန်းတစ်ခါသွားရင် ရိုးရိုးသာမန်ဖျားရင်တောင် (ကျပ်) တစ်သောင်းဝန်းကျင်ပဲ။ သောက်ဆေးတွေကိုက အပြင် (ဆေးဆိုင်) ဆိုင်မှာ ဝယ်ရတယ်။
DW ။ ထမင်းစာဖိုး (ဈေးဖိုး) တွေ ပိုကုန်လာသလိုပဲ တခြားသော မီတာခတွေ၊ ဝိုင်ဖိုင်ခတွေရာ ဘယ်လိုရှိလဲ။
ဖြေ ။ မီတာခရှိတယ်။ ဝိုင်ဖိုင်ခ ရှိတယ်။ မီတာခက ပုံမှန်မရှိဘူး၊ တက်တဲ့အခါကျရင် တက်တာပဲ။ လတိုင်းပျမ်းမျှဆို (ကျပ်) လေးသောင်းခွဲ သွင်းရတယ်။ ဝိုင်ဖိုင်က သုံးသောင်းနှစ်ထောင်။ ဝိုင်ဖိုင်ကလည်း ပျက်တာက များတယ်။
DW ။ ဒီလိုပုံစံအတိုင်းသာ ရေရှည်ဖြစ်လာရင် ဘာတွေဖြစ်လာနိုင်လဲ။
ဖြေ ။ ရေရှည်ဖြစ်လာရင် ခံနိုင်မှာ မဟုတ်ဘူး။ ကုန်ဈေးနှုန်းက တော်တော်ဖြစ်(တက်)နေတာကိုး။ နောက်ဆုံး ခိုးဆိုးလုယက်လာကြမှာပေါ့။ အခုလည်းဖြစ်နေတာပဲ။ ရပ်ကွက်ထဲမှာဆို အမြဲတမ်း အခိုးခံနေရတယ်။
DW ။ နောက်တစ်ခုကလေ ထားဝယ်ကဆိုင်တွေမှာ အရောင်းဝန်ထမ်းဝင်လုပ်ရင် ပျမ်းမျှအားဖြင့် လစာဘယ်လောက် ရနေကြလဲ။
ဖြေ ။ အခုဆိုင်တွေမှာ ခေါ်နေကြတာက တချို့ဆိုင်တွေဆို (ကျပ်)တစ်သိန်းခွဲ။ မထမ်းရမပိုးရဘဲ အလုပ်သက်သာတဲ့ ဆိုင်တွေပေါ့။ အိမ်ဆောက်ပစ္စည်းရောင်းတဲ့ဆိုင်လို ကုန်မာဆိုင်တွေမှာက အနည်းဆုံးစဝင်တာနဲ့ တစ်နေ့ကို ရှစ်ထောင်၊ ကိုးထောင်ပေးတယ်။ အလုပ်ချိန်ကလည်း များတယ်။ မနက် ၆နာရီခွဲကနေ တစ်နေ့လုံး နားချိန်မရှိဘဲ ထမင်းစားချိန်တောင် မရှိဘူး၊ အလုပ်လုပ်ရင်းစားပေါ့။ ညနေ ၅နာရီခွဲလောက်အထိပဲ။
DW ။ ကျေးဇူးတင်ပါတယ်ခင်ဗျား။
“နိုင်ငံခြားက သားတွေကိုတောင် အားနာသွားပြီ။ အရင်က ပိုက်ဆံလေးသိန်းလောက် ပေးလိုက်ရင် တစ်သိန်းလောက် ကျန်သေးတယ်။ အခုက တစ်ပြားတစ်ချပ်တောင် မကျန်တော့ဘူး”
ထားဝယ်ခရိုင်က စစ်ဘေးရှောင် အိမ်ရှင်မတစ်ဦး
DW ။ ဈေးသွားတဲ့အခါ ကုန်ဈေးနှုန်းအခြေအနေ ဘယ်လိုရှိလဲ။
ဖြေ ။ မပြောချင်တော့ဘူး။ ခရမ်းချဉ်သီးတစ်လုံး ၅၀၀ (ကျပ်) ပေးရတယ်။ အစက တစ်ပိဿာမှ နှစ်ထောင်ကျော်ပဲ။ အခု ခရမ်းချဉ်သီး တစ်ပိဿာ တစ်သောင်းပေးရတယ်။ ပဲသီး ၁၀လုံး တစ်စည်းကို အခုတစ်ထောင်ပေးရတယ်။ အစ (အာဏာသိမ်းပြီး တစ်နှစ်ခန့်အကြာ) က နှစ်ရာပဲရှိတာ။ အရင်က ၆၀၀ တန် ကွမ်းရွက်အသေး တစ်စည်း (အခု) နှစ်ထောင်ပေးရတယ်။ ဆန်ချော တစ်ပိုင်းအိတ်ဆို အရင်က ရှစ်သောင်းကျော် အခုကိုးသောင်းကျော်ပေးရတယ်။ဆီတစ်ဘူး အစက ငါးထောင်ကျော်ပဲ အခု ခုနစ်ထောင်ကျော်နေပြီ။
DW ။ ဈေးတစ်ခါသွားရင် အရင်ကုန်ကျစရိတ်နဲ့ အခုကုန်ကျစရိတ် ဘယ်လိုရှိလဲ။
ဖြေ ။ အစ(အာဏာသိမ်းပြီး တစ်နှစ်ခန့်) က ပိုက်ဆံတစ်သောင်းနဲ့ ဝယ်စားလို့ရတယ်။ အခု မလောက်ဘူး။ နှစ်သောင်း ကျော် လောက်မှရတယ်။ အဲဒီနှစ်သောင်းကျော်လောက်သုံးတာတောင် ဆီ၊ ကြက်သွန်၊ ငရုတ်သီးတွေ မပါသေးဘူး။ အသားငါး ဟင်းသီး ဟင်းရွက်ဖိုးပဲ ရှိသေးတယ်။ မိသားစုများတဲ့ အိမ်ဆိုရင် အဲဒီပမာဏလောက်နဲ့ မလောက်ဘူး။ မုန်ပဲသရေစာဆိုလည်း တက်တာပဲ။ မာမားတစ်ထုပ် ၁၀၀၀။ တချို့ဆိုင်မှာ ၉၀၀ ပေးရတယ်။ အရင်က တစ်ထုပ်မှ လေးရာကျော် ၊ငါးရာပဲ ရှိတယ်။
DW ။ ကျန်းမာရေးအတွက် အသုံးစရိတ်တွေရော ဘယ်လိုခြေနေရှိလဲ။
ဖြေ ။ အကုန်တက် ပြောမနေနဲ့တော့။ (အာဏာသိမ်းပြီး တစ်နှစ်ခန့်အကြာ) အာရုံကြောဆေး ၁၃၀၀တန် တစ်ကဒ်ကို အခု ၂၈၀၀ပေးရတယ်။ အိမ်ကိုဆရာ တစ်ခေါက်ခေါ်ရင် အခုသုံးသောင်းကျော်၊ အရင်က ဖျားနာရိုးရိုးဆို တစ်သောင်းတောင် မပေးရဘူး။
DW ။ တစ်လ စားစရိတ် ဘယ်လောက်ကုန်လဲ။
ဖြေ ။ အရင် (အာဏာသိမ်းပြီးနောက်ပိုင်းတစ်နှစ်ခန့်) က ပိုက်ဆံ သုံးသိန်းနဲ့ မိသားစုစားလောက်တယ်။ အခုအနည်းဆုံးကုန်တဲ့လ ခုနှစ်သိန်း၊ ကျန်းမာရေး မကောင်းဖြစ်တဲ့လဆို ဆယ်သိန်းလောက်ကုန်တယ်။ ဒါတောင်မိသားစု သုံးလေးယောက်ပဲ။ ကျွန်မတို့မှာကျတော့ မီးခ၊ ရေခ အိမ်ခန်းခကအစ ကုန်တယ်လေ။ ရွာမှာ ကိုယ်အိမ်ကိုယ်နေရင် ခြံထဲက အသီးအရွက်တွေ ခူးစားလို့ ရသေးတယ်။ အခုက အစစအရာရာ ဝယ်ရတယ်။
DW ။ ဒါဆိုရင် ရှေ့ရေးအတွက် ဘယ်လိုစုဆောင်းနေရလဲ။
ဖြေ ။ ဘယ်လို စုမိဆောင်းမိမလဲ။ နိုင်ငံခြားက သားတွေကိုတောင် အားနာသွားပြီ။ ခါတိုင်း (လက်ရှိကုန်ဈေးနှုန်းမတက်မီ) ပိုက်ဆံ လေးသိန်းလောက်ပေးလိုက်ရင် တစ်သိန်းလောက်ကျန်သေးတယ်။ အခုက တစ်ပြားတစ်ချပ်တောင် မကျန်တော့ဘူး။ စရိတ်က အားလုံးကြီးနေတာ။ ပြောရမယ်ဆို ချီးပဲရှိတယ် စုမိတာဆိုလို့။
“ဈေးသွားရင် မုန့်လေးတစ်ခုခု ဝယ်စားမယ်လို့စိတ်ကူးရှိတာတောင် မစားဖြစ်တော့ဘူး”
ထားဝယ်မြို့ခံတစ်ဦး
DW ။ အခုတလော ဈေးဝယ်ရတဲ့ အခြေအနေဘယ်လိုရှိလဲ။
ဖြေ ။ ဈေးတက်တာတော့ ပြောမနေနဲ့။ ဆီဈေး ဆန်ဈေးအားလုံးတက်တယ်။ ခရမ်းချဉ်သီး ဈေး မေးလိုက်တာ သွေးတောင် တက်တယ်။ ငရုတ်သီးတစ်ဘူး ၁၅၀၀ ပြန်လွှတ်ချလိုက်ရတယ်။ လီပို အချိုရည်ဘူးတစ်လုံး အခု ၁၄၀၀ပေးရတယ်။ အရင်က (အာဏာသိမ်းပြီးစ) လီပိုတစ်ဘူးမှ ၄၅၀ပဲရှိတာ။ အရင် မုန့်ဆိုင်သွားတာတောင်မှ ပိုက်ဆံတစ်ထောင်နဲ့ သွားလို့ရသေးတယ်။ အခု တစ်ထောင်က ဘာမှသုံးလို့ မရတော့ဘူး။ ဈေးသွားရင် တစ်နေ့အနည်းဆုံး တစ်သောင်းလောက်လိုတယ်။ မိသားစုများရင်တော့ မရဘူးနော် ။အရင်ကဆို ငါးထောင်တောင်မကုန်ဘူး။
DW ။ ပိုက်ဆံတစ်သောင်းနဲ့ဈေးသွားရတာ ဘာတွေရလဲ။
ဖြေ ။ ငါးကတစ်မျိုးရမယ်။ ဟင်းသီးဟင်းရွက်ရမယ်။ တို့စရာရမယ်၊ အဲဒီလောက်ပဲ။ ဆီ၊ ဆား၊ ကြက်သွန်မပါဘူး။ အဲဒါတွေက အိတ်လိုက်ဝယ်ပြီးထားလို့။ မိသားစုများရင် များတဲ့အလိုက်ပေါ့။ ဈေးသွားရင် မုန့်လေးတစ်ခုခု ဝယ်စားမယ်လို့ စိတ်ကူးရှိတာတောင် မစားဖြစ်တော့ဘူး။ ဟင်းချက်စရာ ဝယ်ဖို့မလောက်မှာစိုးလို့။ လက်ဖက်ရည်တစ်ခွက် ၁၀၀၀၊ အီကြာကွေးတစ်ချောင်း ၅၀၀ ၊ ထမင်းကြော်တစ်ပွဲ ၁၀၀၀ ။ အရင်(အာဏာသိမ်းပြီးစ)က အဲဒါတွေ အကုန်စားမှ ၁၀၀၀ ကျော်လောက်ပဲကျတာ။ ဈေးက ဆိုးဆိုးဝါးဝါးကို တက်နေတာ။ ပုံမှန် ဝင်ငွေမရှိတဲ့သူဆိုရင် စားဖို့သောက်ဖို့ ဘယ်လောက်ရုန်းကန်ရမလဲ စဉ်းစားကြည့်တော့။ အခုက အကုန်ပိုက်ဆံပေးရတယ် အမှိုက်ပစ်တာက အစပေါ့။
DW ။ ကျန်းမာရေးအသုံးစရိတ်တွေကရော ဘယ်လိုရှိလဲ။
ဖြေ ။ ပြောမနေနဲ့။ မနေ့က ကလေးနေမကောင်းတော့ ရွာက ဆရာမတစ်ယောက်ခေါ်လိုက်တယ်။ လေးသောင်းပေးရတယ် တစ်ခေါက်ကို။ ဒါတောင်ဆရာဝန် မဟုတ်သေးဘူးနော်။ စိတ်ထဲမှာ အော် ဆေးခန်းပြတာတောင် ဒီလောက်ကုန်ပါ့မလား ပေါ့လေ။ အဲဒီလိုတောင် တွေးမိသွားတယ်။ အရင်က တစ်ခေါက်တစ်ခေါက်ဆို ဆေးထိုးဆေးစားမှ ခြောက်ထောင်၊ တစ်သောင်းလောက်ပဲ ပေးရတာ။
DW ။ ဒါဆို ရှေ့ရေးအတွက် ဘယ်လိုစုဆောင်းနေလဲ။
ဖြေ ။ မကျန်ဘူးလေ။ ပေးတာတွေ စားစရိတ်နဲ့ကုန် စုမိဆောင်းမိတယ်ဆိုတာ မရှိတော့ဘူး။ နေမကောင်းလို့ ဆေးရုံ ဆေးခန်းသွားရင်လည်း ချေးငှားရပြန်တယ်။ (ထိုင်း) ရှမ်းပြည်ကပေးတဲ့သူတွေကိုတောင် အားနာနေပြီ။ ကိုယ်တိုင်လိုက်သွားဖို့တောင် စိတ်ကူးနေတယ်။
DW ။ ကျေးဇူးတင်ပါတယ်။