BREAKING
January 11, 2025

မောင်တောမြို့ကို တိုက်ခိုက်တော့မည်ဖြစ်ပြီး ပြည်သူများအမြန်ဆုံးထွက်ခွာကြရန် AA ပြော

June 16, 2024

ပုံစာ - မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ မောရဝတီဗျူဟာကို ဇွန်လ ၃ရက်တွင် AA က သိမ်းယူပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – AA Info Desk

ရခိုင်ပြည်နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့က ပြည်သူများ ယနေ့ ဇွန်လ ၁၆ ရက် ည ၉နာရီမှစတင်ကာ အမြန်ဆုံးချက်ချင်း ထွက်ခွာကြရန် ရက္ခိုင့်တပ်တော် (AA) က အသိပေးချက် ထုတ်ပြန်သည်။

မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း အားလုံးနီးပါးကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူထားနိုင်ပြီဖြစ်ပြီး မောင်တော မြို့နှင့် မြို့ပတ်ဝန်းကျင်ရှိ လက်ကျန်စခန်းအားလုံးကိုလည်း ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားပြီးဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါ လက်ကျန်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း AA က ဆိုသည်။

စစ်ကောင်စီသည် မောင်တောမြို့တွင် မြို့ပြစစ်ဆင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားသည်မှာ ကာလ အတန်ကြာနေပြီဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မောင်တော မြို့သူမြို့သားများအနေဖြင့် စစ်ကောင်စီ ခုခံစစ်ပြင်ထားသော လမ်းမ၊ အိမ်များ၊ တိုက်တာ အဆောက်အအုံများပေါ်ရှိ စနိုက်ပါ ပစ်ရန် ပြုလုပ်ထားသောနေရာများ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များရှိရာ နေရာများတွင် နေထိုင်ခြင်း မလုပ်ကြရန်လည်း သတိပေးထားသည်။

ပြည်သူများ၏ အသက်အန္တရာယ်ကို စိုးရိမ်သောကြောင့် မောင်တောမြို့မှ ချက်ချင်းထွက်ခွာကြရန် အသိပေးကြောင်း AA က ယနေ့ ည ၉နာရီခွဲဝန်းကျင်တွင် ထုတ်ပြန်ထားသည်။