ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဇွန်လ ၁၀ ရက်နေ့မှ ဇွန်လ ၁၆ ရက်နေ့အထိ
ဂျပန်မှာ ဟယ်ရီပေါ်တာဥယျာဉ် ဖွင့်လှစ်

ဂျပန်နိုင်ငံမှာ ဟယ်ရီပေါ်တာဥယျာဉ်ကို ဇွန်လ ၁၆ ရက်နေ့တွင် စတင်ဖွင့်လိုက်ပါတယ်။
စတင်ဖွင့်လှစ်လှစ်ချင်း လက်မှတ်တွေက အကုန် ရောင်းကုန်သွားခဲ့တာပါ။
လက်မှတ်ဈေးနှုန်းကတော့ လူကြီးတွေအတွက် ၄၄ ဒေါ်လာနဲ့ ညီမျှတဲ့ ယန်း ၆၃၀၀ ကနေစပြီး ကလေးတွေအတွက် ယန်း ၃၈၀၀ သတ်မှတ်ထားပါတယ်။
ဟယ်ရီပေါ်တာ ဇတ်လမ်းထဲက ဟော့ဝပ်မှော်ကျောင်းတော်၊ လှို့ဝှက်ခန်းမဆောင်တွေနဲ့ ဇာတ်ဝင်ခန်းနေရာတွေကို လေ့လာကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။
အထဲမှာ ဟယ်ရီပေါ်တာ အမှတ်တရပစ္စည်းတွေကိုလည်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
ဒီဥယျာဉ်ကို ၂၀၂၀ ကပိတ်သွားတဲ့ တိုကျိုမြို့က စတုရန်းမီတာ ၃ သောင်းကျော်ရှိတဲ့ Toshimean အပန်းဖြေဥယျာဉ် မြေနေရာပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
Ref: The Japan News
………………………………..
ကင်ညာမှာ ဘာသာရေးယုံကြည်မှုအရ အစာငတ်ခံခဲ့သူ ၃၀၀ ကျော်သေဆုံး

ကင်ညာနိုင်ငံမှာ အစာငတ်ခံကိုးကွယ်မှုကြောင့် ဇွန်လ ၁၃ ရက်နေ့မှာ သေဆုံးသူ လူပေါင်း ၃၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။
သစ်တောထဲမှာ အလောင်းတွေကို အစိုးရက ပြန်ဖော်ခဲ့ရာက ခုလို ၃၀၀ ကျော်အထိ တွေ့ရှိလာခဲ့တာပါ။
သူတို့ကိုယ်တိုင်ရော ကလေးတွေကိုပါ အစာငတ်ခံအသေခံခြင်းဟာ ကမ္ဘာမပျက်မီ ကောင်းကင်ဘုံ ကို ရောက်နိုင်တယ်လို့ ခေါင်းဆောင်ဖြစ်သူက ဟောပြောခဲ့တာကနေ စတင်ခဲ့တယ်လို့ ဆိုထားပါတယ်။
ကင်ညာနိုင်ငံ ရဲ့ အရှေ့တောင်ပိုင်း Shakahola သစ်တောက လူတွေ အစုလိုက်အပြုံလိုက် မြှုပ်ထားတာကို ဖော်လိုက်တဲ့အခါ ရုပ်အလောင်း ၁၉ လောင်းကို ထပ်မံတွေ့ရှိရတာကြောင့် စုစုပေါင်း သေဆုံးသူ ၃၀၃ ဦး ဖြစ်သွားခဲ့တာပါ။
လူပေါင်း ၆၀၀ ကျော် ပျောက်နေဆဲဖြစ်ပါတယ်။
Ref: Africa News
………………………………..
ပီရူးနိုင်ငံမှာ နှစ် ၃၀၀၀ သက်တမ်းရှိ မံမီရုပ်လောင်း တူးဖော်တွေ့ရှိ

ပီရူးနိုင်ငံ လီမာမြို့မှာ လွန်ခဲ့တဲ့နှစ် ၃၀၀၀ ဝန်းကျင်လောက်က မြှုပ်နှံခဲ့တဲ့ မံမီရုပ်အလောင်းတခုကို တူးဖော်တွေ့ရှိခဲ့ကြောင်း ဇွန်လ ၁၄ရက်နေ့က ကြေညာလိုက်ပါတယ်။
San Marcos တက္ကသိုလ်က ကျောင်းသားတွေနဲ့ သုတေတီတွေက မံမီရဲ့ ဆံပင်နဲ့ ဦးခေါင်းအခွံထုတ်ပိုးထားတဲ့ ပိတ်စကိုစတင်တွေ့ရှိခဲ့တာပါ။
နောက်ပိုင်း ကျန်တဲ့အပိုင်းတွေကို ဆက်လက်တူးဖော်ခဲ့တာပါ။
မံမီရုပ်အလောင်းဟာ ခရစ်တော်မပေါ်ခင် ဘီစီ ၁၅၀၀ နဲ့ ၁၀၀၀ ကြား ပေါ်ထွန်းခဲ့တဲ့ မန်ချေးယဉ်ကျေးမှုက ဖြစ်နိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။
ဒီကာလက တည်ဆောက်ခဲ့တဲ့ နေထွက်ရာကို ညွှန်ပြခဲ့တဲ့ အင်္ဂလိပ်အက္ခရာ U ပုံသဏ္ဍာန် ဘုရားကျောင်းတွေနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ ဆိုထားပါတယ်။
ဒီရုပ်အလောင်းဟာ ဘုရားကျောင်းနောက်ဆုံးအဆင့်တည်ဆောက်ခဲ့စဉ်က ယစ်ပူဇော်တဲ့အနေနဲ့ ထားရှိခဲ့ဟန်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
Ref: REUTERS
………………………………..
ဆီးရီးယားပြည်သူတွေအတွက် ဒေါ်လာ ၁၀ ဘီလီယံကျော် ကူညီဖို့ ကတိပြု

စစ်ပွဲတွေ ဆင်းရဲမွဲတေမှုတွေ ငတ်မွတ်မှုတွေ ခံနေရတဲ့ ဆီးရီးယားနိုင်ငံသားတွေအတွက် ဒေါ်လာ ၁၀ ဒသမ ၃ ဘီလီယံ အကူအညီပေးအပ်ဖို့ နိုင်ငံတကာအလှူရှင်တွေကနေ ဇွန်လ ၁၅ ရက်နေ့က ကတိပြုလိုက်ပါတယ်။
ဘရပ်ဆဲလ်မြို့တော်မှာ ဥရောပသမဂ္ဂက အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ဆီးရီးယားအရေး ညီလာခံမှာ နိုင်ငံပေါင်း ၅၇ နိုင်ငံနဲ့ နိုင်ငံတကာအဖွဲ့အစည်း ၃၀ တို့ကနေ ကတိကဝတ်ပြုခဲ့တာပါ။
ဒီပမာဏဟာ ကုလသမဂ္ဂက ဆီးရီးယားအတွက် တောင်းခံထားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်ချက်ထက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ လောက် လျော့နည်းနေပါသေးတယ်။
ဒီငွေတွေကို ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယား နိုင်ငံထဲက ဒုက္ခသည်တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် တူရကီ၊ လက်ဘနွန်နဲ့ ဂျော်ဒန် နိုင်ငံတွေမှာ ထွက်ပြေးရောက်ရှိနေတဲ့ ဆီးရီးယားဒုက္ခသည် ၅ ဒသမ ၇ သန်းကို ကူညီရာမှာ အသုံးပြုမှာဖြစ်ပါတယ်။
ဆီးရီးယား ပဋိပက္ခ ၁၃ နှစ်တာအတွင်းမှာ လူ တစ်သန်းခွဲနီးပါး သေဆုံးခဲ့ရပြီး စစ်မဖြစ်မီက လူဦးရေ ၂၃ သန်းရဲ့ ထက်ဝက်ဟာလည်း အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။
Ref: ABC News
………………………………..
ဂရိမှာ ရွှေ့ပြောင်းလာသူများ၏ လှေ တိမ်းမှောက်ခဲ့လို့ အနည်းဆုံး ၇၉ ဦးသေဆုံး

ဂရိနဲ့ အီတလီကြားက Ionian ပင်လယ်ပြင်ထဲမှာ ဥရောပကို လာရောက်ဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းအခြေချသူတွေရဲ့ လှေတစ်စီး ဇွန်လ ၁၄ ရက်နေ့က တိမ်းမှောက်ခဲ့လို့ အနည်းဆုံး ၇၈ ဦးသေဆုံးခဲ့ပါတယ်။
ဂရိ ကယ်ဆယ်ရေးလုပ်သားတွေဟာ ဒီလှေမှောက်ပြီး နောက်တစ်နေ့မှာပဲ လိုက်ပါလာသူတွေထဲက အသက်ရှင်ကျန်သူ ရှိမရှိကို ရှာဖွေဖို့ အပြင်းအထန် ကြိုးစားခဲ့ကြပါတယ်။
နောက်ဆုံးအချိန်အထိ လူပေါင်း ၁၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပြီး သေဆုံးသူ ၇၉ ဦးရဲ့အလောင်းတွေကိုတော့ ဆယ်ယူနိုင်ခဲ့ပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေရဲ့ ပြောကြားချက်အရ လူတွေ ရာနဲ့ချီ ပျောက်ဆုံးနေဆဲဖြစ်ပြီး အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ကယ်တင်ခံရတဲ့ သူတွေထဲ အနည်းငယ်သာ ပါဝင်နေပါသေးတယ်။
ဒီလှေထဲမှာ ကလေးငယ် တစ်ရာလောက် ပါလာတာဖြစ်တယ်လို့ အသက်ရှင်ကျန်ရစ်သူတစ်ဦးကလည်း ပြောဆိုထားပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေထဲက အများစုကတော့ ဆီးရီးယား၊ အီဂျစ်နဲ့ ပါကစ္စတန် နိုင်ငံတွေကဖြစ်ပါတယ်။
Ref: The Telegraph
………………………………..
သီရိလင်္ကာမှာ လူနာတစ်ဦး၏ ကျောက်ကပ်ထဲက ဖယ်ရှားလိုက်တဲ့ ကျောက်က ကမ္ဘာ့စံချိန်တင်

သီရိလင်္ကာ လူနာတစ်ဦးရဲ့ ကျောက်ကပ်ထဲကနေ ကမ္ဘာ့စံချိန်တင် အကြီးဆုံးကျောက်တစ်လုံးကို ခွဲစိတ်ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။
ဇွန်လ ၁ ရက်က ကိုလံဘိုစစ်ဆေးရုံမှာ သီရိလင်္ကာစစ်ဆရာဝန်တွေကနေ ခွဲစိတ်ဖယ်ရှားပေးခဲ့တာပါ။
ကျောက်ဟာ အရှည် ၁၃ ဒသမ ၃၇၂ စင်တီမီတာ၊ အလေးချိန် ၈၀၁ ဂရမ် ရှိပြီး ယခင်စံချိန် ၂ ခုကို ချိုးဖျက်နိုင်ခဲ့တာပါ။
၂၀၀၄ ခုနှစ်က အိန္ဒိယမှာ အရှည် ၁၃ စင်တီမီတာရှိတဲ့ ကျောက်၊ ၂၀၀၈ ခုနှစ်က ပါကစ္စတန်မှာ အလေးချိန် ၆၂၀ ဂရမ်ရှိတဲ့ ကျောက်တွေကို ချိုးဖျက်နိုင်ခဲ့တာပါ။
လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းဟာ သူတို့ရဲ့သက်တမ်းတွေထဲ ကျောက်ကပ် ကျောက်တည်တဲ့ အခြေအနေကို ခံစားရနိုင်တယ်လို့ ဆိုထားပါတယ်။
Ref: CBS News
………………………………..
ရုရှားဖမ်းထားတဲ့ အမေရိကန်သတင်းထောက်ကို ပြန်လွှတ်ဖို့ တောင်းဆို

သူလျှိုလုပ်တယ်ဆိုပြီး စွပ်စွဲချက်ချက်တွေနဲ့ ရုရှားနိုင်ငံမှာ မတ်လကတည်းက ထိန်းသိမ်းခံထားရတဲ့ အမေရိကန် သတင်းထောက် Evan Gershkovich ကို ချက်ချင်းပြန်လွှတ်ပေးဖို့ အမေရိကန် အောက်လွှတ်တော်က ဇွန်လ ၁၃ ရက်နေ့က မဲပေးတောင်းဆိုလိုက်ပါတယ်။
အမေရိကန်အစိုးရ တာဝန်ရှိသူတွေကိုလည်း သတင်းထောက်ပြန်လွတ်ရေး ရုရှားအစိုးရနဲ့ ဆက်သွယ် ဆောင်ရွက်ဖို့ တိုက်တွန်းထားပါသေးတယ်။
Gershkovich ဟာ သူ့ရဲ့ သတင်း အလုပ်ကိုသာ လုပ်ကိုင်နေသူဖြစ်ပြီး ရုရှားအစိုးရရဲ့ တရားဥပဒေမဲ့ အကျဉ်းချမှုကို ရှုတ်ချခဲ့ကြပါတယ်။
အမေရိကန်သံရုံးက တာဝန်ရှိသူတွေဟာ Gershkovich ကို တကြိမ်ပဲတွေ့ခွင့်ရထားပြီး နောက်ထပ်နှစ်ကြိမ် တွေ့ခွင့် တောင်းဆိုခဲ့တာကိုတော့ ရုရှားဖက်က ငြင်းခဲ့ပါတယ်။
Ref: The Guardian
………………………………..
ရုရှားဒုံးကျည် ယူကရိန်းဈေးဝယ်စင်တာကို ထိမှန်လို့ အနည်းဆုံး ၃ ဦးသေဆုံး

ရုရှားဒုံးကျည်တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ အိုဒေးစားမြို့ရှိ ဈေးဝယ်စင်တာတစ်ခု ဇွန်လ ၁၄ ရက်နေ့က ထိမှန်ပျက်စီးခဲ့ပါတယ်။
ဈေးဝယ်စင်တာထိမှန်ခဲ့လို့ အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့ပါတယ်။
တိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး ၁၃ ဦးဒဏ်ရာရရှိခဲ့ပြီး ဒုံးကျည် ၄ ခုအနက် ၃ ခုကို ကြားဖြတ်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။
ဇွန်လ ၁၃ ရက်နေ့ကလည်း ယူကရိန်းသမ္မတ ဇီလန်းစကီးမွေးရပ်မြေ Kryvyi Rih မှာ ရုရှားဒုံးကျည်ကျရောက်လို့ အနည်းဆုံးလူ ၁၀ ယောက်သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရသွာခဲ့ပါသေးတယ်။
Ref: DW
………………………………..
ဆရာဝန်က သေပြီလို့ ကြေညာခဲ့တဲ့ အမျိုးသမီး အခေါင်းထဲမှာ အသက်ရှိနေခဲ့

အသက်မရှိတော့ဘူးလို့ ဆရာဝန် မှတ်ချက်ပေးခဲ့တဲ့ အီကွေဒေါနိုင်ငံက အမျိုးသမီးကြီးတစ်ဦး အခေါင်းထဲရောက်မှ အသက်ရှူနေတာကို မြင်တွေ့ခဲ့ရပါတယ်။
အသက် ၇၆ နှစ်အရွယ် အီကွေဒေါအမျိုးသမီး မွန်တိုယာဟာ ဘာဘဟိုယိုဆေးရုံမှာ လေဖြတ်သွားပြီးနောက် နှလုံးနဲ့ အသက်ရှူ ရပ်တန့်သွားခဲ့တာပါ။
သူမကို သတိပြန်လည်လာအောင် ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ဘဲ တာဝန်ကျဆရာဝန်က အသက်မရှိတော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။
မွန်တိုယာကို ၅ နာရီကြာ အခေါင်းထဲ ထည့်ထားခဲ့ပြီး ဈာပနအတွက် အဝတ်အစားလဲဖို့ ပြင်ဆင်ချိန် အသက်ရှူနေသေးတာကို တွေ့ရှိခဲ့ရတာပါ။
သူမကို ဆေးရုံ တင်ပို့ခဲ့ကြပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးလျက်ရှိပါတယ်။
ဒီဖြစ်ရပ်နဲ့ ပက်သက်လို့ အီကွေဒေါနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ကော်မတီဖွဲ့ပြီး စုံစမ်းစစ်ဆေးနေပါတယ်။
Ref: BBC
………………………………..
ကိုလံဘီယာလေယာဉ်ပျက်ကျပြီး ရက် ၄၀ အကြာ ကလေးငယ်လေးဦးကို အသက်ရှင်လျက် ကယ်တင်နိုင်

ကလေး ၄ ယောက် လိုက်ပါလာတဲ့ Cessna 206 လေယာဉ်ငယ်ဟာ အင်ဂျင်ချွတ်ယွင်းမှုကြောင့် ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့မှာ အမေဇုန်တောနက်ထဲ ပျက်ကျသွားခဲ့ပါတယ်။
ပျက်ကျခဲ့ပြီး ရက် ၄၀ အကြာမှာ ကလေးငယ် ၄ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။
လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်မှူးနှစ်ယောက်နဲ့ အမေဖြစ်သူတို့ သေဆုံးခဲ့ပါတယ်။
ကိုလံဘီယာလေယာဉ် ပျက်ကျပြီး ၂ ပတ်အကြာမှာ လသားကလေးငယ် အပါအဝင် ကလေး ၄ ယောက်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီလို့ ကိုလံဘီယာသမ္မတက တွစ်တာပေါ်ရေးသားခဲ့ပါသေးတယ်။
တကယ်တမ်းမှာတော့ ကလေးတွေ အသက်ရှင်နေတဲ့ လက္ခဏာသာ တွေ့ရှိခဲ့တာဖြစ်ပြီး ကယ်တင်နိုင်ခြင်း မရှိသေးပါဘူး။
လေယာဉ်ပျက်ကျပြီး ရက် ၄၀ အကြာမှသာ အသက် ၁၃ နှစ်၊ ၉ နှစ်၊ ၄ နှစ်နဲ့ ၁၁ လသားအရွယ် ကလေးငယ် ၄ ယောက်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
သီတင်းပတ်များစွာ အာဟာရပြည့်ဝစွာ မစားခဲ့ရတဲ့ ကလေးတွေဟာ ပိန်ချုံးနေကြပေမဲ့ ကျန်းမာရေးကောင်းမွန်ပြီး သူတို့ကို ဘိုဂိုတာမြို့ ဆေးရုံထံ တင်ပို့ခဲ့ကြပါတယ်။
Ref: BBC
………………………………..