BREAKING
December 23, 2024

ခွေးချစ်သူ လမ်းဘေးက ဂီတသမား စင်ကာပူဝန်ကြီးချုပ်သစ်

May 16, 2024

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က အမေရိကန်နိုင်ငံ ဝင်စကွန်ဆင်ပြည်နယ် မက်ဒီဆင်မြို့ကို ပြန်သွားကြည့်လိုက်ရင် လမ်းပေါ်မှာ ဂစ်တာတီးသီချင်းဆိုနေတဲ့ စင်္ကာပူနိုင်ငံသား လူငယ်လေးတစ်ယောက်ကို တွေ့ရမှာပါ။ မိခင်နိုင်ငံ စင်္ကာပူကနေ သူ ရူးသွပ်တဲ့ အနုပညာရှင်တွေရှိတဲ့ အမေရိကန်ပြည်ထောင်စုက ဝင်စကွန်ဆင်တက္ကသိုလ်မှာ ဘောဂဗေဒဘာသာရပ်နဲ့ ကျောင်းလာတက်နေတဲ့ လောရင့်ဝေါင်းဆိုတဲ့ အဲဒီကောင်လေးဟာ အနာဂတ်မှာ စင်္ကာပူနိုင်ငံရဲ့ စတုတ္ထမြောက်ဝန်ကြီးချုပ် ဖြစ်လာခဲ့မယ်ဆိုတာကို အဲဒီအချိန်က ဘယ်သူမှ ထင်ခဲ့ကြမှာ မဟုတ်ပါဘူး။

၂၀၂၄ ခုနှစ် မေလ ၁၅ ရက်နေ့မှာ ဝန်ကြီးချုပ်လီရှန်လွန်း အနားယူလိုက်တယ်။ အဲဒီနောက် ရိုးရိုးသာမန်မိသားစုကနေ ပေါက်ဖွားလာတဲ့ လောရင့်ဝေါင်းက စင်္ကာပူနိုင်ငံရဲ့ စတုတ္ထမြောက်ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ ဒါဟာ စင်္ကာပူနိုင်ငံကို တည်ထောင်ခဲ့တဲ့ ဝန်ကြီးချုပ်လီကွမ်းယုရဲ့ အကြီးဆုံးသားဖြစ်သူ လီရှန်လွန်းက ဝန်ကြီးချုပ်အဖြစ် အနှစ်နှစ်ဆယ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်မှာ ပထမဆုံးပေါ်ပေါက်လာတဲ့ အာဏာအလွှဲအပြောင်း ဖြစ်ပါတယ်။ လောရင့်ဝေါင်းဟာ စင်္ကာပူနိုင်ငံ လွတ်လပ်ရေးရပြီးနောက် မွေးဖွားလာတဲ့ မျိုးဆက်သစ်ပထမဆုံးဝန်ကြီးချုပ် ဖြစ်ပါတယ်။

မနေ့က ကျမ်းသစ္စာကျိန်ဆိုပွဲမှာ လောရင့်ဝေါင်းက သူ့ရှေ့က တာဝန်ထမ်းဆောင်သွားတဲ့ ဝန်ကြီးချုပ်တွေကို အသိအမှတ်ပြုဂါရဝထားတဲ့အနေနဲ့ “ကျွန်တော်တို့ဟာ ပါရမီထူးတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ ပုခုံးပေါ်မှာ ရပ်နေခွင့်ရပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ပိုပြီးရှုပ်ထွေးပြဿနာတက်နေတဲ့ ဒီနေ့ခေတ်ကမ္ဘာကြီးမှာ နိုင်ငံကို ပဲ့ကိုင်ဦးဆောင်ရမှာဖြစ်တဲ့အတွက် သူ့ရဲ့ ခေါင်ဆောင်မှုပုံသဏ္ဍန်ဟာ အရင်က ခေါင်းဆောင်မှုတွေနဲ့ မတူကွဲပြားလိမ့်မယ်လို့ သူက ဆိုပါတယ်။

“ဒီအာဏာလွှဲပြောင်းမှုဟာ မတူညီတဲ့ ခေါင်းဆောင်မှုအဖွဲ့အချင်းချင်းကြားမှာတင်မဟုတ်ဘဲ မျိုးဆက်နှစ်ခုကြားက လက်ဆင့်ကမ်းလွှဲပြောင်းမှုလည်း ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

“ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်နည်းလမ်းနဲ့ ကျွန်တော်တို့ ဦးဆောင်မယ်။ ကျွန်တော်တို့ ရဲရဲဝံ့ဝံ့တွေးခေါ်မယ်။ အရှေ့ကို ဝေးဝေးမျှော်ကြည့်ပြီး စဉ်းစားကြမယ်”

ဒီအာဏာလွှဲပြောင်းမှုကို အာဏာရပြည်သူ့လှုပ်ရှားမှုပါတီ(PAP)က အသေအချာ ဂရုတစိုက် ရုပ်လုံးဖော်ခဲ့တာ ဖြစ်ပါ တယ်။ စင်္ကာပူနိုင်ငံရဲ့ ပြည်သူ့လှုပ်ရှားမှုပါတီဟာ ကမ္ဘောပေါ်မှာ အာဏာသက်တမ်းအရှည်ဆုံး သမနိရှည်ပါတီ တွေထဲကတစ်ခု ဖြစ်ပါတယ်။ မလေးရှားကနေ ခွဲထွက်ပြီး လွတ်လပ်တဲ့နိုင်ငံ စတင်တည်ထောင်ခဲ့တဲ့ ၁၉၆၅ ခုနှစ်ကနေ ဒီကနေ့အချိန်အထိ ပြည်သူ့လှုပ်ရှားမှုပါတီ (PAP) တစ်ခုကတည်းကသာ စင်္ကာပူမှာ အာဏာရလာခဲ့တာ ဖြစ်ပါတယ်။ PAP ပါတီကကနေ ရွေးချယ်ခန့်အပ်တဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေဟာ ကမ္ဘာပေါ်မှာ လစာအမြင့်ဆုံးနိုင်ငံရေးသမားတွေထဲမှာ ပါဝင်ပါတယ်။ ဒီလို လစာမြင့်မြင့်မားမား ပေးတာက အဂတိလိုက်စားမှု အမြစ်မတွယ်အောင် ကာကွယ်ပေးတယ်လို့ ပါတီက ပြောခဲ့ဖူးပါတယ်။

သန့်ရှင်းထိရောက်တဲ့ အစိုးရဖွဲ့နိုင်တယ်ဆိုပြီး ဂုဏ်သတင်းကြီးတဲ့ PAP ပါတီဟာ မလေးရှားက ခွဲထွက်ကာစ ဘာမှမရှိတဲ့ ဆိပ်ကမ်းငယ်နဲ့ စိမ့်မြေသာသာ စင်္ကာပူနိုင်ငံကို ပထမကမ္ဘာအဆင့်ဝင် ဖွံ့ဖြိုးပြီး နိုင်ငံအဆင့်ကို တွန်းပို့ပေးနိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ GDP အကြမ်းဖျင်း ဒေါ်လာ ၇၆,၀၀၀ ထက် ကျော်လွန်ပြီး စင်္ကာပူရဲ့ GDP က ဒေါ်လာ ၈၃,၀၀၀ အထိ ရှိနေပါပြီ။

အစိုးရဝန်ထမ်းဘဝနဲ့ ၁၄ နှစ်ကြာ အလုပ်လုပ်ခဲ့ပြီး မကြာသေးခင် ၂၀၁၁ ခုနှစ်ကမှ ပါတီနိုင်ငံရေးလောကထဲ ဝင်ရောက်လာခဲ့သူ လောရင့်ဝေါင်းဟာ ကိုဗစ်ကပ်ရောဂါကာလအတွင်း ထိထိရောက်ရောက် စီမံဆောင်ရွက်နိုင်မှုတွေကြောင့် စတင်ထင်ပေါ်လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ အစိုးရဌာနပေါင်းစုံနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ကိုဗစ်ကပ်ရောဂါတန်ပြန်ရေးအဖွဲ့ကို ပူးတွဲဥက္ကဋ္ဌအဖြစ် ခေါင်းဆောင်ခဲ့ပြီး စင်္ကာပူဟာ ကိုဗစ်ကပ်ရောဂါကူးစက်ခံရမှုအနည်းဆုံးနိုင်င်ငံတွေထဲကတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လောရင့်ဝေါင်းဟာ လီရှန်းလွန်းနေရာကို ဆက်ခံဖို့ ပထမဆုံး လျာထားခံခဲ့ရသူတော့ မဟုတ်ပါဘူး။ ဟဲဆွီးကိလို့ ခေါ်တဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်းနဲ့ ပညာရေးဝန်ကြီးဟောင်းဖြစ်သူကို လီရှန်းလွန်းနေရာကို ဆက်ခံဖို့ ကနဦး လျာထားခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ်မှာ ဟဲဆွီးကိက အသက်အရွယ်နဲ့ ကျန်းမာရေးအကြောင်းပြပြီး ဝန်ကြီးချုပ်ပြေးလမ်းကနေ စွန့်ခွာသွားသွားခဲ့ပါတယ်။

နောက်ဆက်တွဲအနေနဲ့ ခွေးလေးတွေကို ချစ်တတ်ပြီး အနေအထိုင် သိမ်မွေ့အေးဆေးတဲ့ လောရင့်ဝေါင်းဟာ ဝန်ကြီးချုပ်အလောင်းအလျာ ဖြစ်လာခဲ့ပါတယ်။ ဒုတိယဝန်ကြီးချုပ်ရာထူးကိုလည်း လျင်လျင်မြန်မြန် အပ်နှင်းခြင်း ခံခဲ့ရပါတယ်။

ဒီနေ့ခေတ်ကမ္ဘာကြီးဟာ အရင်ကထက် ပိုရှုပ်ထွေးလာနေတယ်။ ပိုအတိမ်းအစောင်းမခံနိုင်ဖြစ်လာနေတယ်။ ပိုရက်စက်ကြမ်းကြုတ်လာနေတယ်။ ဒီနေ့ခေတ်ကမ္ဘာကြီးကို ရင်ဆိုင်ဖို့အတွက် စင်္ကာပူဟာ စည်းလုံးညီညွတ်မှုရှိရှိနဲ့ လမ်းကြောင်းအသစ်ကို လျှောက်လမ်းရင်းနဲ့ ပြင်ဆင်ထားရတော့မယ်လို့ လောရင့်ဝေါင်းက သတိပေးပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ မိမိလွှမ်းမိုးခွင့်ရမယ့် ကမ္ဘာ့အခင်းအကျင်း( World Order) သစ်တစ်ရပ်ပေါ်လာဖို့ ယှဉ်ပြိုင်နေကြတဲ့အတွက် အမျိုးသားရေးဝါဒီတွေ ခေါင်းထောင်သောင်းကျန်းလာမယ်။ ပြည်တွင်းလုပ်ငန်းတွေကို ပြည်ပယှဉ်ပြိုင်မှုကနေ ကာကွယ်ပေးတဲ့မူဝါဒတွေ ပိုများလာမယ်လို့ သူက ဆိုပါတယ်။

စင်္ကာပူနိုင်ငံဟာ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်နဲ့ တစ်ကမ္ဘာလုံးကို ဘဏ္ဍာရေးစနစ်ချိတ်ဆက်ထားတဲ့ အရှေ့တောင်အာရှက ကုန်သည်နိုင်ငံလေး ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်ပဲ ပထဝီနိုင်ငံရေးရဲ့ သက်ရောက်မှုကို ကျန်တဲ့နိုင်ငံတွေ ထက် စင်္ကာပူမှာ ပိုပြင်းပြင်းထန်ထန် ခံစားရလေ့ရှိပါတယ်။ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ပွဲဟာ စင်္ကာပူနိုင်ငံကို စီးပွာရေးအရ သက်ရောက်မှုရှိစေခဲ့ပြီး စင်္ကာပူဟာ ရုရှားအပေါ် ပိတ်ဆို့မှုချမှတ်တာကို အတည်ပြုထောက်ခံခဲ့တဲ့ တစ်ခုတည်းသော အရှေ့တောင်အာရှနိုင်ငံ ဖြစ်ပါတယ်။ ဘဝပေးအရှိတရားအရ စင်ကာပူဟာ လူသုံးကုန်ပစ္စည်းအားလုံးနီးပါးကို ပြည်ပကနေ တင်သွားရတဲ့အတွက် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းမြင့်တက်မှုဒဏ်ကိုလည်း ပြင်းပြင်းထန်ထန် ခံခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဝယ်ယူရတဲ့ လျှပ်စစ်ဓာတ်အားတန်ဖိုးဟာ မြင့်တက်ခဲ့ရပါတယ်။

တရုတ်-အမေရိကန် အားပြိုင်မှုမှာ စင်္ကာပူဟာ ဘယ်သူ့ဘက်မှ မပါဘဲ ကြားနေနိုင်ငံအဖြစ်နဲ့ နေလာခဲ့ပြီး နှစ်နိုင်ငံစလုံးနဲ့ ဆက်ဆံလက်တွဲသွားမယ်လို့ လောရင့်ဝေါင်းက ဆိုပါတယ်။ အမေရိကန်နဲ့တရုတ်ကြားက စစ်ရေးပဋိပက္ခဖြစ်နိုင်ခြေကြောင့် စင်ကာပူဟာ သံတမန်ရေးအရ အတိမ်းအစောင်းမခံဘဲ သတိကြီးကြီးထား လှမ်းနေရပါတယ်။

တရုတ် – အမေရိကန်နှစ်နိုင်ငံစလုံးနဲ့ စင်္ကာပူအကြား စစ်ရေးအရ နီးစပ်ပတ်သက်မှုတွေ ရှိပေမယ့် စင်္ကာပူဟာ အမေရိကန်ရဲ့ မဟာမိတ်မဟုတ်ဘူးလို့ သူက ဆိုပါတယ်။ တကယ်တော့ အမေရိကန်စစ်တပ်လက်အောက်မှာ လေ့ကျင့်သင်ယူတဲ့ စစ်သည်ဦးရေမှာ စင်ကာပူဟာ ကမ္ဘာပေါ်မှာ ဒုတိယအများဆုံးတိုင်းပြည်ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေးတင်းမာလာချိန်မှာ နှစ်နိုင်ငံလုံးကို တံခါးဖွင့်ထားတယ်ဆိုတဲ့ ရပ်တည်ချက်ကို ဆက်လက်ကိုင်စွဲဖို့ ခက်ခဲလာတယ်။ နိုင်ငံကြီးတစ်နိုင်ငံဟာ နိုင်ငံငယ်လေးတစ်နိုင်ငံနဲ့ ဆက်ဆံတဲ့အခါ နိုင်ငံကြီးဟာ သူတို့လုပ်ရပ်တွေ ဘယ်လောက်သက်ရောက်မှုကြီးနိုင်တယ်ဆိုတာ နားမလည်တတ်ကြဘူး လို့ ဝေါင်ကပြောပါတယ်။

ဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ လောရင့်ဝေါင်းဟာ သူ့ရဲ့ ကက်ဘိနက်အစိုးရအဖွဲ့ကို ပြင်ဆင်ပြောင်းလဲဖွဲ့စည်း တာမျိုး မလုပ်ခဲ့ပါဘူး။ သူကိုယ်တိုင်ကလည်း ဘဏ္ဍာရေးဝန်ကြီးရာထူးကို ဆက်လက်ကိုင်စွဲထားပါတယ်။ နီးကပ်လာနေတဲ့ ၂၀၂၅ အထွေထွေရွေးကောက်ပွဲဟာ လောရင့်ဝေါင်းအတွက် ကြီးမားတဲ့ စမ်းသပ်ချက်တစ်ခု ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲအတွက် အခုကတည်းက သူ ပြင်ဆင်နေပါတယ်။ ဝန်ကြီးချုပ်ဟောင်း လီရှန်းလွန်းကလည်း စင်္ကာပူရဲ့ အစဉ်အလာအတိုင်း ကက်ဘိနက်အကြံပေးဝန်ကြီးတစ်ယောက်အနေနဲ့ ဝန်ကြီးအဖွဲ့ထဲမှာ ပါဝင်နေဦးမှာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေးအတိတ်ကို လွှတ်ချထားခဲ့ချင်တဲ့ စင်္ကာပူကျွန်းသားတွေအတွက် စိတ်ပျက်စရာပါပဲ။

လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ သေချာသလောက် ရှိနေပေမယ့်လည်း လောရင့်ဝေါင်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းကထက် ရလဒ်ပိုကောင်းအောင် ကြိုးစားဦးမှာပါပဲ။ PAPအစိုးရအပေါ် လူထုထောက်ခံမှုကျဆင်းလာနေတာကို ၂၀၂၀ ရွေးကောက်ပွဲမှာ တွေ့မြင်ခဲ့ရလို့ ဖြစ်ပါတယ်။ အတိုက်အခံပါတီဖြစ်တဲ့ ဗဟိုလက်ဝဲဝါဒီအလုပ်သမားပါတီက မဲဆန္ဒနယ်နှစ်ခုမှာ အနိုင်ရခဲ့ပါတယ်။ ဒါက စင်္ကာပူသမိုင်းမှာ PAP ပါတီက အတိုက်အခံပါတီကို ပထမဆုံးရှံးနိမ့်မှု ဖြစ်ပါတယ်။

ဝန်ကြီးချုပ်လီရှန်လွန်းလက်ထက် စင်္ကာပူဟာ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေထဲကတစ်ခု ဖြစ်လာခဲ့ပေမယ့် ကမ္ဘာပေါ်မှာ လူနေထိုင်မှုစရိတ်အမြင့်ဆုံးနိုင်ငံစာရင်းမှာလည်း ပါဝင်လာခဲ့ပါတယ်။ တင်းကျပ်တဲ့ အစိုးရအုပ်ချုပ်မှုပုံစံနဲ့ “အစိုးရက မင်းတို့ထက် သိတယ်”ဆိုတဲ့ အထာတွေကြောင့် PAP အစိုးရဟာ အဝေဖန်ခံလာရပါတယ်။ မီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်တာ ၊ အစိုးရနဲ့ သဘောထားကွဲလွဲသူတွေကို နှိပ်ကွပ်တဲ့ ဥပဒေတွေ ထုတ်ပြန်တာတွေကလည်း ဒီလိုအဝေဖန်ခံရတဲ့အကြောင်းရင်းတွေပါပဲ။ ကြီးထွားလာနေတဲ့ ဝင်ငွေကွာဟမှုပြဿနာ ၊ အဆမတန်မြင့်တက်လာနေတဲ့ အိမ်ခြံမြေဈေးနှုန်း၊ လူဦးရေထူထပ်သိပ်သည်းလာနေတဲ့ လူဝင်မှုကြီးကြပ်ရေးပြဿနာနဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်မှုတွေဟာ PAP ပါတီရဲ့ အာဏာကို အတိုက်အခံပါတီတွေက ကောင်းကောင်းအသုံးချနေတဲ့ လက်နက်တွေပါပဲ။

“စင်္ကာပူမှာ တစ်ပါတီကြီးစိုးမှုက အားနည်းလာနေတယ်။ ဒါပေမဲ့ အားနည်းလာနေတာကို အရှိန်လျော့သွားအောင် PAP ခေါင်းဆောင်တွေက ကြိုးစားနေတယ်” လို့ စင်္ကာပူစီမံခန့်ခွဲမှုတက္ကသိုလ်က ဥပဒေပါမောက္ခ ယူဂျင်းတန်က ပြောပါတယ်။ အရှေ့တောင်အာရှနိုင်ငံရေးကျွမ်းကျင်သူ ဘရစ်ဂျက်ဝက်လ်ရှ်ကတော့ အခုလို ပြောပါတယ်။

“၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာလတွေလိုမျိုး မိုးထဲရေထဲမှာ စင်္ကာပူကို ပိပိရိရိနဲ့ အောင်အောင်မြင်မြင် ပဲ့ကိုင်သွားနိုင်တဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ်နဲ့ လီရှန်လွန်းကို လူတွေက မှတ်မိနေကြမှာပါ။ စင်္ကာပူမှာ လူမှုရုန်းထရှင်သန်နိုင်စွမ်း မြင့်တက်လာဖို့ သူ ကူညီတည်ဆောက်ပေးခဲ့တယ်။ ဒါပေမယ့် စင်္ကာပူလူ့အဖွဲ့အစည်းက ပိုပြီး ရှုပ်ထွေးလာနေပါတယ်။ ပြည်သူလူထုဆီကနေ နိုင်ငံရေးအရ တောင်းဆိုမှုတွေ ကျယ်ကျယ်လောင်လောင် ပွင့်ပွင့်လင်းလင်း ပေါ်ထွက်လာနေတာမို့လို့ (လောရင့်ဝေါင်းအတွက်) စင်္ကာပူကို အုပ်ချုပ်ရတဲ့အလုပ်က ပိုပြီး စိန်ခေါ်မှုများလာမှာပဲ”

အသစ်တက်လာတဲ့ စင်္ကာပူဝန်ကြီးချုပ် လောရင့်ဝေါင်းဟာ ၁၉၆၅ ခုနှစ် စင်္ကာပူ လွတ်လပ်ရေးရလာပြီး ၇ နှစ်အကြာမှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ သူ့အဖေက တရုတ်ပြည်မကြီးကနေ စင်္ကာပူကို ပြောင်းရွှေ့လာခဲ့တဲ့ အရောင်းမန်နေဂျာတစ်ယောက်ဖြစ်ပြီး သူ့အမေကတော့ ရိုးရိုးသာမန်ကျောင်းဆရာမတစ်ယောက်ဖြစ်ပါတယ်။ PAP ထိပ်တန်း ခေါင်းဆောင်တော်တော်များများနဲ့ မတူတာက သူဟာ အခွင့်ထူးခံ လူ့မလိုင်အသိုင်းအဝိုင်းကနေ ဆင်းသက်လာသူမဟုတ်ဘဲ ကိုယ့်ဒူးကိုယ်ချွန် စင်ပေါ်တက်လာခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူဟာ ရိုးရိုးသာမန်ပြည်သူတွေနဲ့ ဆက်ဆံရာမှာ ပိုနားလည်ထိရောက်လိမ့်မယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

လောရင့်ဝေါင်းဟာ သူ့အမေကျောင်းဆရာမ အလုပ်လုပ်တဲ့ ကျောင်းမှာ ငယ်စဉ်က ကျောင်းတက်ခဲ့ပါတယ်။ စင်္ကာပူနိုင်ငံ ဗစ်တိုးရီးယားဂျူနီယာကောလိပ်မှာ ကျောင်းတက်ပြီးနောက် အစိုးရပညာတော်သင်ဆုရပြီး သူကြိုက်နှစ်သက်တဲ့ အနုပညာရှင်တွေရှိတဲ့ အမေရိကန်နိုင်ငံမှာ ကျောင်းသွားတက်ခဲ့ပါတယ်။ မစ်ချီဂန်တက္ကသိုလ်ကနေ ဘောဂဗေဒမဟာဘွဲ့ရခဲ့သလို ဟားဗတ်တက္ကသိုလ်ကနေလည်း ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့ကို ရရှိခဲ့ပါတယ်။ အမေရိကန်ကနေ ပညာသင်ပြီး စင်္ကာပူပြန်ရောက်လာတဲ့အချိန်မှာ ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာနမှာ ဘောဂဗေဒကျွမ်းကျင်သူအဖြစ် အစိုးရဝန်ထမ်းဝင်လုပ်ခဲ့ပါတယ်။ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနမှာ အလုပ်လျှောက်ခဲ့ဖူးပေမယ့် ငြင်းပယ်ခံခဲ့ရပါတယ်။ အစိုးရဝန်ထမ်းလုပ်သက်အစောပိုင်းမှာ သူ့လုပ်ဖော်ကိုင်ဖက်တွေက သူ့ထက် ပိုအဆင်ပြေခဲ့တယ်။ သူ့ထက် အရင်ရာထူးတိုးသွားခဲ့တယ်လို့ သူက ပြန်ပြောင်းပြောပြခဲ့ပါတယ်။

“ကျွန်တော့်ဘဝရဲ့ ကိုယ်ပိုင်အဘိဓမ္မာကတော့ သူများနဲ့ လိုက်မနှိုင်းယှဉ်နဲ့ ။ ကိုယ်လုပ်နိုင်တာ အကောင်းဆုံးလုပ် ဆိုတာ ပဲ”

စင်္ကာပူကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာနမှာ အလုပ်စဝင်ကာစက သူဟာ အစိုးရအလုပ်ကနေ ထွက်ပြီး ပိုချမ်းသာလွယ်မယ့် ပုဂ္ဂလိကစီးပွားရေးကုမ္ပဏီတွေမှာ ဝင်လုပ်ဖို့ စိတ်ကူးခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့အထက်အရာရှိတစ်ယောက်က သူ့ကို စိတ်ရှည်ရှည်ထားပြီး ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းခွင်မှာ မရနိုင်တဲ့ အခွင့်အရေးတွေကို အစိုးရအလုပ်မှာ အရယူဖို့ ဖျောင်းဖျတဲ့အတွက် အစိုးရဝန်ထမ်းအလုပ်မှာ သူ ဆက်နေခဲ့ပါတယ်။ အဲဒီတိုက်တွန်းမှုဟာ သူ့အတွက် အဖိုးမဖြတ်နိုင်ဖြစ်ခဲ့ပြီး တနိုင်ငံလုံးနဲ့ဆိုင်တဲ့ အမျိုးသားမူဝါဒရေးရာတွေမှာ သူ ပါဝင်လုပ်ကိုင်လာစေခဲ့တယ်လို့ ဆိုပါတယ်။

“ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေမှာ ကျွန်တော် ဘယ်တော့မှ မရနိုင်တဲ့ အဓိပ္ပါယ်ရှိတဲ့ အလုပ်တွေ အများကြီးကို အစိုးရဝန်ကြီးဌာန တွေမှာ လုပ်ခွင့်ရခဲ့တယ်”

သူဟာ ဝန်ကြီးချုပ်လီရှန်လွန်းရဲ့ အဓိကအတွင်းရေးမှူးအဖြစ် လုပ်ခဲ့ဖူးပြီး လီရှန်လွန်းရဲ့ ဖိတ်ခေါ်မှုနဲ့ ၂၀၁၁ ခုနှစ်မှာ PAP ပါတီကိုယ်စားလှယ်တစ်ယောက်အဖြစ်နဲ့ ရွေးကောက်ပွဲမှာ ဝင်အရွေးခံရလို့ အနိုင်ရခဲ့ပါတယ်။ အဲဒီကနေစပြီး ကာကွယ်ရေး ၊ ပညာရေး ၊ ဆက်သွယ်ရေး ၊ ယဉ်ကျေးမှု ၊ ကွန်မြူနတီနဲ့ လူငယ်ရေးရာ ဝန်ကြီးဌာနတွေမှာ တောက်လျှောက်တာဝန်ထမ်းဆောင် လာခဲ့ပါတယ်။

နောက်မျိုးဆက်အတွက် လူမျိုးပေါင်းစုံ ပေါင်းစည်းညီညွတ်ပြီး တန်းတူညီမျှတဲ့ ၊ စီးပွားရေးအရ အားကောင်းမောင်းသန်နိုင်ငံတစ်ခု ဖြစ်လာဖို့ တည်ဆောက်ရာမှာ စင်္ကာပူနိုင်ငံသားတွေရဲ့ ပါဝင်မှုအားကောင်းလာစေဖို့အတွက် လောရင့်ဝေါင်းဟာ “စင်္ကာပူပြည် ရှေ့သို့ချီ” (Forward Singapore)” ဆိုတဲ့ အစီအစဉ်ကို စတင်ခဲ့ပါတယ်။ မြင့်မားနေတဲ့ လူနေထိုင်မှုစရိတ်လျှော့ချရေး၊ အိမ်ရာဈေးကွက် လျှော့ချရေး၊ အလုပ်အကိုင်အာမခံချက်ရှိရေးတို့ဟာ လောရင့်ဝေါင်းရဲ့ လက်ငင်းဦးစားပေးအရာတွေ ဖြစ်လိမ့်မယ်လို့ ဥပဒေပါမောက္ခယူဂျင်းတန်က အခုလို ပြောပါတယ်။

“စင်္ကာပူလို ချမ်းသာတဲ့ နိုင်ငံမှာတောင်မှ စားဝတ်နေရေးပြဿနာက အရေးကြီးနေတုန်းပဲ။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်း တစိတ်တပိုင်းကလည်း စင်္ကာပူနိုင်ငံရဲ့ ဘဝပေးအရှိတရား အားနည်းချက်ကြောင့်ပဲ”

စင်္ကာပူနိုင်ငံရဲ့ စတုတ္ထမြောက်ဝန်ကြီးချုပ်သစ် လောရင့်ဝေါင်းဟာ ကလေးမရှိတဲ့ အိမ်ထောင်သည်တစ်ယောက်ဖြစ်ပြီး ဖော်လိုဝါ နှစ်သိန်းကျော်ရှိတဲ့ သူ့အင်စတာဂရမ်အကောင့်မှာ သူ ချစ်ရတဲ့ ခွေးလေးတွေနဲ့ ရိုက်ထားတဲ့ ဗီဒီယိုတွေကို မျှဝေလေ့ရှိပါတယ်။ သူကိုယ်တိုင် ဂစ်တာတီးနေတဲ့ ဗီဒီယိုတွေကိုလည်း ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေလေ့ရှိပါတယ်။ ကမ္ဘာကျော်ပေါ့ပ်အဆိုတော် Taylor Swift ရဲ့ Love Story သီချင်းကို သူကိုယ်တိုင် ဂစ်တာနဲ့ Fingerstyle ပုံစံ တီးထားတာကို အင်စတာဂရမ်ပေါ်မှာ တင်ထားခဲ့ဖူးပါတယ်။

ဝန်ကြီးချုပ်အဖြစ် တရားဝင်အရွေးခံရပြီးနောက်မှာ လောရင့်က ဆိုရှယ်မီဒီယာပေါ်ကို ဗီဒီယိုတစ်ပုဒ် တင်လိုက် ပါတယ်။ အဲဒီ ဗီဒီယိုထဲမှာ သူက အခုလို ပြောသွားခဲ့ပါတယ်။

“စင်္ကာပူနိုင်ငံသူ နိုင်ငံသားအားလုံးကို ကျွန်တော် ကတိပေးပါတယ်။ ကျွန်တော် နှလုံးသားတစ်ခုလုံးနဲ့ ပုံအောပြီး ခင်ဗျားတို့အကျိုးကို ထမ်းရွက်မယ်။ လက်ရှိ ရှိနေတဲ့အခြေအနေတွေကို တိုးတက်လာအောင် မကြိုးစားဘဲ နေသားတကျ လက်ခံလိုက်တာမျိုး ကျွန်တော် ဘယ်တော့မှ မလုပ်ဘူး။ မနက်ဖြန်တွေကို ဒီနေ့ထက် ပိုကောင်းအောင်လုပ်ဖို့ နည်းလမ်းတွေ ကျွန်တော် အမြဲတမ်းရှာဖွေသွားမှာပါ”

အခုတော့ သာမန် လူတန်းစားထဲက ခွေးချစ်သူ လမ်းဘေးက ဂီတ ဝါသနာရှင်လေး ကတော့ စင်္ကာပူဝန်ကြီးချုပ် ဖြစ်လာပါပြီ။

Ref: The Guardian, The Economist, The New York Times, ABC News, Reuters, AP News

ဈာန်ဟိန်း