BREAKING
October 19, 2024

ဘန်ကောက်တွင် မြန်မာတစ်ဦး ဇနီးသည်ကို သတ်သည်ဟုဆို

May 16, 2024

ပုံစာ - အခင်းဖြစ်ပွားရာနေရာ။ Photo – CH 3 Plus

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာဇနီးမောင်နှံ မေလ ၁၅ရက် နေ့လယ်ပိုင်းက နေထိုင်ရာအခန်း၌ စကားများ ရန်ဖြစ်ပြီးနောက် ခင်ပွန်းဖြစ်သူက ဇနီးသည်ကို သတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အဆိုပါဇနီးမောင်နှံ အတူပေါင်းသင်းနေထိုင်နေသည်မှာ ငါးလခန့်သာ ရှိသေးသည်ဟုဆိုသည်။ သေဆုံးသူ အသက် ၃၇ နှစ် အရွယ် အမျိုးသမီးမှာ ပထမအိမ်ထောင်နှင့် သားသမီးခုနစ်ဦးရှိကြောင်း သတင်းတွင် ရေးသားထားသည်။

သေဆုံးသူနှင့် လက်ရှိခင်ပွန်းတို့မှာ အမြဲတမ်းရန်ဖြစ်လေ့ရှိပြီး ခင်ပွန်းသည်က ကလေးငယ်များကိုလည်း ကိုယ်ထိ လက်ရောက်ကျူးလွန်လေ့ရှိသူဖြစ်သည်ဟု သေဆုံးသူ၏ အစ်မဖြစ်သူက ရဲတပ်ဖွဲ့ထံထွက်ဆိုထားကြောင်း ဖော်ပြသည်။

ထို့ကြောင့် ဇနီးသည်က ကွာရှင်းကြရန် အမြဲတမ်းပြောဆိုလေ့ရှိပြီး ခင်ပွန်းသည်က လက်မခံဘဲ နောက်ထပ် ကွာရှင်းရန် ပြောဆိုလျှင် သတ်မည်ဟု ခြိမ်းခြောက်လေ့ရှိကြောင်းလည်း သေဆုံးသူ၏ အစ်မဖြစ်သူက ထွက်ဆိုထားသည်ဟုဆိုသည်။

အဆိုပါဇနီးမောင်နှံ ငှားရမ်းနေထိုင်သည့် အခန်းတွင် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသမီးဖြစ်သူကို တွေ့ရှိပြီး ဘေးတွင် ငိုကြွေးနေသော ကလေးငယ်များကို တွေ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

သွေးပေနေသော ဓားကို သက်သေအဖြစ် သိမ်းဆည်းခဲ့ကြောင်း ဆိုသည်။

အသက် ၄၉နှစ်အရွယ် ခင်ပွန်းဖြစ်သူမှာ ဇနီးကို ဓားဖြင့် သတ်ပြီးနောက် ထွက်ပြေးသွားပြီး မဲဆောက်သို့ သွားရန် ကားလက်မှတ် ဖြတ်ထားသည်ကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းသိရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့နောက် အဆိုပါအမျိုးသားကို ဘန်ကောက်ရှိ မော်ချစ်ကားဝင်းတွင် ဖမ်းဆီးခဲ့ပြီး ၎င်းက လူသတ်မှုကျူးလွန်ခဲ့သည်ကို ဝန်ခံထားကြောင်း ထိုင်းရဲတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။

အဆိုပါ အမျိုးသားကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရေးအတွက် ပရာဝက်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Thairath, CH 3 Plus, Siamrath