ထားဝယ်မြို့နယ် ဇာဟာရွာစာသင်းကျောင်းတွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို မေလ ၁၅ ရက် ညနေပိုင်း တွင် PDF အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရသည်။
လက်နက်ကြီး ပစ်ခတ်သံများ ညနေ ၅ နာရီခွဲဝန်းကျင်တွင် စတင်ကြားရပြီး ၄၅မိနစ်ခန့်ကြာ အပြန်လှန်ပစ်ခတ်ပြီးနောက် ငြိမ်သွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“တစ်ရွာလုံး ဝပ်နေရတယ်။ ဇဟာ-မောင်မယ်ရှောင်လမ်းပိုင်းတစ်ခုလုံး တိတ်ဆိတ်နေတာပဲ” ဟု ၎င်းက ပြောဆိုသည်။
လက်နက်ကြီးသံများကို ထားဝယ်မြို့တွင်းရှိ ရပ်ကွက်များမှ ဒေသခံများလည်း ကြားကြရကြောင်း ဝဲကျွန်းရပ်ကွက်နေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
မည်သည့် တော်လှန်ရေးတပ်ဖွဲ့က လာရောက်ပစ်ခတ်သည်ကိုမူ အတည်မပြုနိုင်သေးပေ။
မေလ ၁၃ ရက်နေ့က ထားဝယ်မြို့ အဝင် အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၆) ၊တပ်ရင်း (၂၇)နှင့် ဗထူးတပ်မတော်တို့ ပူးပေါင်းပြီး လာရောက်တိုက်ခိုက်ခဲ့သေးသည်။
ထို့နောက် နောက်တစ်ရက်တွင် စစ်ကောင်စီတပ်က မောင်မယ်ရှောင်ရွာနှင့် ထားဝယ်မြို့ကြားရှိ ဇဟာရွာစာသင် ကျောင်းတွင် လာရောက် တပ်စွဲနေထိုင်ခဲ့ခြင်းဖြစ်သည်။