BREAKING
September 19, 2024

သထုံခရိုင်တွင် လက်နက်ကြီးကြောင့် သုံးရက်အတွင်း အရပ်သားသုံးဦးသေ၊ ၅၀၀၀ ကျော်ထွက်ပြေးနေရ

May 16, 2024

ပုံစာ - မေလ ၁၁ ရက်နေ့က အဝန်းကြီးကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးကျည်။ ဓာတ်ပုံ - ဘီးလင်းဒေသခံ

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ သထုံနှင့် ဘီးလင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သုံးရက်အတွင်း အရပ်သား သုံးဦးသေဆုံးပြီး ၅၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ပြောဆိုချက်နှင့် KNU သထုံခရိုင်ထုတ်ပြန်ချက်တို့အရ သိရသည်။

သထုံနှင့် ဘီးလင်းကြားရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရသည့် မေလ ၁၁ရက်မှ ၁၃ရက်အထိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတို့က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း KNU က ထုတ်ပြန်ထားသည်။

သထုံခရိုင် အခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ ၃၁၄ ၊ ခြေမြန်တပ် ခမရ ၉ နှင့် ခြေလျင်တပ် ခလရ ၈ တပ်ရင်း၊ တပ်စခန်းတို့က တံတားအနီးအနားတစ်ဝိုက်ရှိ ရွှေရောင်ပြ၊ ဝီယော်၊ ကဒီပု၊ ဒေါက်ရပ်၊ အဝန်းကြီး စသည့် ကျေးရွာများသို့ ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“တံတားဖျက်ဆီးခံရပြီးနောက်မှာ အနီးအနားတစ်ဝိုက်မှာရှိတဲ့ ရွာတွေကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ။ နေ့တိုင်းပစ်နေတာ။ လူလည်းထိ အိမ်တွေလည်းထိတော့ အခု ရွာမှာဆို မနေရဲကြတော့ဘူး။ အကုန်ထွက်ပြေးနေရတယ်” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။

မေလ ၁၁ ရက်နှင့် ၁၃ရက်တို့တွင် စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အဝန်းကြီးရွာမှ အသက် ၄၈ နှစ်ရှိ ဦးဇော်မင်းထွန်း၊ အသက် ၄၆ နှစ်ရှိ ဒေါ်မြသိန်းနှင့် ဒေါက်ရပ်ကျေးရွာမှ အသက် ၈၂ နှစ်ရှိ ဒေါ်ခင်မေတို့ ကျည်စထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

၎င်းပြင် ဒေါက်ရပ်နှင့် အဝန်းကြီးကျေးရွာမှ အသက် ၄ နှစ်နှင့် ၅ နှစ်အရွယ် ကလေးငယ် ခြောက်ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ၁၅ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရကြောင်း ၎င်းတို့ထံမှ သိရသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေါက်ရပ်၊ အဝန်းကြီး၊ ရွှေရောင်ပြကျေးရွာတို့ နေအိမ်အလုံး ၂၀ ထက်မနည်း အပါအဝင် ဆိုင်ကယ်နှင့် အခြားပစ္စည်းများ ထိခိုက်ပျက်စီးကြောင်းလည်း ဒေသခံတို့က ဆိုသည်။

လူနေကျေးရွာများထဲ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် အဝန်းကြီး၊ ဇီးဝန်း၊ ရွှေရောင်ပြ၊ ဒေါက်ရပ်၊ ပန်းအောင်ကုန်း၊ ခလောက်အင်း၊ မရမ်းကုန်း၊ မိချောင်းအိုင် အစရှိသည့် ကျေးရွာ ၈ ရွာထက်မနည်းက ဒေသခံ ပြည်သူ ၅၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU သထုံခရိုင်က ထုတ်ပြန်ထားသည်။

သထုံနှင့် ဘီးလင်းကြားရှိ ကျုံအိတ်တံတားကို ကရင်ပူးပေါင်းတပ်ဖွဲ့တို့က မေလ ၁၁ ရက်နေ့ နံနက်အစောပိုင်းက မိုင်းထောင် ဖောက်ခွဲခဲ့ပြီး တံတားတစ်စင်းလုံး ပြိုကျပျက်စီးသွားခဲ့သည်။

လက်ရှိတွင် ရန်ကုန်-မော်လမြိုင်ကို ကျေးရွာချင်းဆက်လမ်းဘက်က သွားလာနေကြရပြီး လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေသဖြင့် ခရီးသွားလာသူများ လုံခြုံရေးစိုးရိမ်ရသည့်အနေအထားရှိနေကြောင်း ခရီးသွားအချို့တို့ထံမှ သိရသည်။