BREAKING
January 11, 2025

ကျောက်တော် ဝဲကြီးထောင့်ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရ၊ လူအချို့သေဆုံးပြီး ၂၀ထက်မနည်းဒဏ်ရာရ

May 16, 2024

ပုံစာ - မေလ ၁၅ ရက်က လေကြောင်းတိုက်ခိုက်ခံရသည့် ဝဲကြီးထောင့်ဆေးရုံ။ Photos - AA Info Desk

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) သိမ်းယူထိန်းချုပ်ထားသည့် ကျောက်တော်မြို့နယ်ရှိ ဝဲကြီးထောင့်ကျေးရွာ ဆေးရုံ မေလ ၁၅ ရက်က လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူအချို့ရှိကာ လူ ၂၀ ထက်မနည်း ဒဏ်ရာရကြောင်း AA က ထုတ်ပြန်သည်။

ဂျက်တိုက်လေယာဉ်ဖြင့် မေလ ၁၅ ရက် (၀၀) နာရီ ၁၅မိနစ်ခန့်တွင် တိုက်ခိုက်သဖြင့် ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးပြီး ဆေးဝန်ထမ်း၊ လူနာနှင့် လူနာစောင့်အရပ်သားများ ဒဏ်ရာရကြောင်း ဖော်ပြသည်။ သေဆုံးသူ အချို့ရှိသည်ဟု ဖော်ပြပြီး အရေအတွက်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

ဒဏ်ရာရသူများအနက် ငါးဦးမှာ ဒဏ်ရာပြင်းထန်ပြီး လေကြောင်းတိုက်ခိုက်မှုအတွင်း မြင်းတစ်ကောင်းလည်း သေဆုံးခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီက အရပ်ဘက်ပစ်မှတ်၊ ဆေးရုံ၊ ဈေးများကို ဦးတည်ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး ယင်းမှာ အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်နေခြင်းပင် ဖြစ်ကြောင်း AA က ထုတ်ပြန်သည်။

မေလ ၁၄ ရက်ကလည်း သံတွဲမြို့နယ် လင်းသီကျေးရွာနှင့် မောင်တောမြို့နယ် ကင်းချောင်းကျေးရွာတို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် လူ ၁၀ကျော်သေဆုံးကာ ၁၀ ကျော် ဒဏ်ရာရကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြသည်။

မေလ ၆ရက်ကလည်း ကျောက်တော်မြို့နယ် အလယ်ကျွန်းကျေးရွာ ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူ လေးဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရခဲ့သေးသည်။