BREAKING
November 16, 2024

လောင်းလုံး ညောပြင်ရွာတွင် အမျိုးသား လေးဦးထက်မနည်း အဖမ်းခံရ၊ အခြားကျေးရွာအချို့တွင်လည်း ဝင်ရောက်ရှာဖွေနေ

May 16, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ညောပြင်ကျေးရွာတွင် ရဲနှင့် စစ်တပ်က သေနတ်ပစ်ဖောက်ပြီး ဒေသခံလေးဦး ထက်မနည်းကို လာရောက်ဖမ်းဆီးခဲ့ကြောင်း ယင်းကျေးရွာနေ ဒေသခံအချို့ထံမှ သိရသည်။

မေလ ၁၆ ရက် နံနက်တွင် ရဲ နဲ့စစ်သား အင်အားသုံးဆယ်ခန့်က ကား လေးစီးခန့်ဖြင့် ရောက်လာပြီး ကျေးရွာအတွင်းရှိ နေအိမ်အချို့ကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း အထက်ပါရွာနေ အမျိုးသားတစ်ဦးက ဆိုသည်။

ထိုနောက် သေနတ် ၈ ချက်ခန့်ပစ်ဖောက်ပြီး ဒေသခံ လေးဦးကို ဖမ်းဆီးထားသည်ဟု ၎င်းက ပြောသည်။

“အဓိကကတော့ သတင်းပေးတဲ့သူကြောင့် ဖြစ်မယ်။ အိမ်ထဲအထိဝင်ပြီး ဆွဲခေါ်သွားတယ်”ဟု အထက်ပါအမျိုးသားက ဆိုသည်။

ညောပြင်ကျေးရွာသို့မဝင်မီ အောက်ကျောက်ဝပ်ကျေးရွာတွင်လည်း လူနေအိမ်များကို ဝင်ရောက်ရှာဖွေခဲ့သည်ဟု ဒေသခံအချို့ ထံမှ သိရသည်။

သို့ရာတွင် အောက်ကျောက်ဝပ်ရွာရှိ ဒေသခံများမှာ ကြိုတင်တိမ်းရှောင်နေကြသည့်အတွက် လက်ရှိအချိန်ထိ အဖမ်းခံရသူ မရှိသေးကြောင်း ယင်းကျေးရွာနေ လူငယ်တစ်ဦးက ဆိုသည်။

“အခုဆို ရွာထဲမှာ လူငယ်လူလတ် တော်တော်များများ မရှိကြတော့ဘူး။ သူတို့နဲ့ ထိတ်တိုက်မတွေ့အောင် ရှောင်နေကြရတယ်” ဟု အထက်ပါ လူငယ်က ပြောသည်။

ယင်းအပြင် နာမည်ကြီးမောင်းမကန်ကမ်းခြေအနီးရှိ ပန်းတင်အင်းကျေးရွာတွင်လည်း ယနေ့နံနက်ပိုင်းက စစ်တပ်ကားများဖြင့်ဝင်ရောက်လာကာ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံအမျိုးသားတစ်‌ဦးက ဆိုသည်။

“ဟိုတလောက မင်္ဂလာဆောင်တစ်ခုအရှေ့ကို ဆန္ဒပြစစ်ကြောင်းကသွားပြီး ဆန္ဒပြတဲ့ကိစ္စနဲ့ တိုင်လိုက်လို့ အဲဒီကိစ္စနဲ့ လာဖမ်းတာ။ ဖမ်းမိတဲ့သူတော့မရှိသေးဘူး။ အားလုံးကရှောင်နေကြတယ်” ဟု အဆိုပါ အမျိုးသားက ယနေ့နံနက် ၁၀ နာရီခန့်တွင် ပြောသည်။

ယမန့်နေကလည်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာတွင် ဒေသခံ ၁၁ ဦးခန့် ဖမ်းဆီးခံထားရသည်။

ပုံစာ- ညောပြင်ရွာတွင် မေလ ၁၅ ရက်‌နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သည်။