BREAKING
April 18, 2025

ကျုံဒိုးတွင် ကျေးရွာများကို စစ်ကောင်စီတပ် လေယာဉ်ဖြင့်ဆက်တိုက်ဗုံးကြဲ

April 16, 2025

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးအနားတဝိုက်ရှိ ကျေးရွာများထဲကို စစ်ကောင်စီတပ်က ယနေ့ ဧပြီလ ၁၆ ရက်နံနက်ပိုင်းတွင် လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။

ကော့ကရိတ်-ကျုံဒိုး ကားလမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ဧပြီလ ၁၅ ရက်ကစပြီး တိုက်ပွဲပြင်းထန်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေသည့်ဒေသရှိ ကျေးရွာများထဲကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ဒရုန်းဖြင့် ဗုံးချခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများကို ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုသည်။

ယနေ့ ဧပြီလ ၁၆ ရက် နံနက်အစောပိုင်းတွင် ကျုံဒိုးဘက်ရှိ နွားခြံကုန်း၊ လေးတိုင်၊ ငါးတိုင်၊ ကိုးတိုင်၊ ရေပူအစရှိသည့် ကျေးရွာများကို ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှု အခြေအနေ အသေးစိတ်ကိုမူ မသိရသေးပေ။

ဧပြီလ ၁၅ ရက် နေ့လယ်ပိုင်းကလည်း ကျုံဒိုးမြို့၊ ကမ်းနီစံပြကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုတွင် အသက် ၃နှစ်အရွယ် ကလေးငယ်နှစ်ဦး၊ အသက် ၉နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် ၁၅ နှစ် အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၃၄နှစ်အရွယ် ကိုမျိုးနှင့် အသက် ၇၆နှစ်အရွယ် ဒေါ်သိန်းရှင်တို့ ခြောက်ဦး သေဆုံးခဲ့ သည်။

၎င်းအပြင် အရပ်သားပြည်သူ ခုနစ်ဦး၊ ကိုရင် ရှစ်ပါးနှင့် ရဟန်း နှစ်ပါးတို့လည်း ထိခိုက်ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီက ကျေးရွာများထဲကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်၊ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းကြောင့် ဒေသခံများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနေ့အထိပဲ လေယာဉ်နဲ့ ဗုံးလိုက်ကြဲနေတယ်။ မနေ့ကတော့ ကမ်းနီမှာ ထိသွားတယ်။ ဘုန်းကြီးကျောင်းကို ထိတော့ ကိုရင်တွေ သံဃာတွေပါ ထိကုန်တာ။ အခုဆို ကမ်းနီတစ်ရွာလုံးတော့ ထွက်ပြေးကုန်တယ်။ တခြားရွာတွေမှာလည်း လူထိတာ အိမ်တွေထိတာရှိတယ်” ဟု ကမ်းနီဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း ဗုံးအသီးအလုံးရေ ၃၀ ကျော်ရှိပြီဖြစ်ကြောင်း မွန်ပြည်လွတ်မြောက်ရေးတပ်မတော်က ထုတ်ပြန်ထားသည်။

ကျုံဒိုးမြို့ရှိ စစ်ကောင်စီတပ် ခမရ ၅၄၅၊ ခမရ ၅၄၆ တပ်ရင်းတို့ကလည်း ရေပူကြီး၊ ကော့ဝါလဲ၊ ဝင်းပြ၊ နောင်တမံ၊ သမိန်ဒွတ်၊ တောင်ကမ္မရိုက်၊ မိဂလုံ၊ ကမ်းနီစံပြ အစရှိသည့် ကျေးရွာများထဲကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ် နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြည်သူများအနေဖြင့် စစ်ရေးသတင်းများနားစွင့်၍ ဂရုစိုက်နေထိုင်ကြရန်လည်း မွန်ပြည်လွတ်မြောက်ရေးတပ်မတော်က အသိပေးထားသည်။

ဧပြီလ ၁၀ ရက်က ကော့ကရိတ်တောင်ပိုင်း မောင်းမရွာသစ်ရွာထဲကို စစ်ကောင်စီက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရကြောင်း ကေအဲန်ယူ- ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။

ဧပြီလ ၈ ရက်ကလည်း ကော့ကရိတ်မြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များက ကော့ကရိတ်တောင်ပိုင်းရှိ အံကောင်၊ ကျိုက်သလိုက်၊ ဒေါက်ပလန်ကျေးရွာများထဲကို ၁၂၀ မမ ဖြင့် ပစ်ခတ်သဖြင့် ကလေးသုံးဦးအပါအဝင် ငါးဦး ဒဏ်ရာရပြီး နေအိမ်နှစ်လုံး ပျက်စီးခဲ့သည်။