BREAKING
April 18, 2025

တိတ်တိတ်ပုန်းချစ်သူကို အိမ်သာထဲ ခေါင်းနှစ်၍ ကျင်ငယ်ရေ သောက်ခိုင်းသည်ဆိုပြီး ပါယက် ရဲတိုင်ခံရ

April 16, 2025

ဝက်စ်ဟမ်းကွင်းလယ်လူဟောင်း ပါယက်သည် ၎င်း၏တိတ်တိတ်ပုန်းချစ်သူကို အိမ်သာခွက်ထဲသို့ ခေါင်းနှစ်၍ ကျင်ငယ်ရေ သောက်ခိုင်းသည်ဆိုကာ ရဲတပ်ဖွဲ့ထံ တိုင်ကြားခံရပြီး ရဲတပ်ဖွဲ့က ယင်းအမှုကို စုံစမ်းစစ်ဆေးနေကြောင်း Metro က ဖော်ပြသည်။

ပါယက်သည် လက်ရှိတွင် ဘရာဇီးကလပ် ဗာစကိုဒဂါးမားကို ကိုယ်စားပြု၍ ကစားသမားဘဝဖြတ်သန်းနေပြီး ဘရာဇီးသို့ ရောက်ပြီးချိန်တွင် အသက် ၂၈ နှစ်အရွယ် ရှေ့နေ လာရစ်ဆာနှင့် ဇာတ်လမ်းများ ဖြစ်ခဲ့ခြင်းဖြစ်သည်။

ပါယက်နှင့် လာရစ်ဆာတို့အကြားတွင် ၂၀၂၄ခုနှစ် စက်တင်ဘာလမှစ၍ ပြီးခဲ့သည့် မတ်လထိတိုင် ပတ်သက်ဆက်နွှယ်မှုများ ရှိခဲ့ပြီး ရဲမှတ်တမ်းများ၌ ပါယက်က လာရစ်ဆာအပေါ် ကျူးလွန်မှုများမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်မှ ဖေဖော်ဝါရီလ ၆ ရက်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ဘရာဇီးသတင်းမီဒီယာ G1 နှင့် တွေ့ဆုံခဲ့ရာတွင် လာရစ်ဆာက ၎င်းအပေါ် ပါယက်သည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအားလုံးကို လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် အက်သလက်တီကို မင်နဲရိုးနှင့် ဗာစကိုဒဂါးမားပွဲကို မိတ်ဆွေဖြစ်သူနှင့် လာကြည့်ရန် ပါယက်ထံမှ လက်မှတ်နှစ်စောင် တောင်းခဲ့ကြောင်း ဆိုသည်။

လက်မှတ်လက်ဆောင်ရကြောင်း သူငယ်ချင်းဖြစ်သူက လူမှုကွန်ရက်တွင် ပို့စ်ရေးတင်ရာမှ ပါယက်နှင့် ၎င်းကြား ပြဿနာများ စတင်ခဲ့ကြောင်း လာရစ်ဆင်က ပြောဆိုသည်။

လူမှုကွန်ရက်တင်ရာတွင် ပါယက်ထံမှ လက်ဆောင်ရသည်ဟု ရေးသားဖော်ပြခြင်း မရှိခဲ့သော်လည်း ၎င်းတို့နှစ်ဦး (ပါယက်နှင့် လာရစ်ဆင်) ၏ ဇာတ်လမ်းကို လူအများသိအောင် လုပ်သည်ဆိုပြီး ပြဿနာစရှာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အဲ့ဒီအချိန်ကစလို့ စကားကြမ်းကြမ်းတွေကို သူက စပြောလာပါတယ်။ စိတ်ပိုင်းဆိုင်ရာချိုးဖောက်မှုတွေကို သူ စလုပ် ပါတော့တယ်။ လိင်ဆက်ဆံနေချိန်တွေမှာ သူက ကျွန်မကို စိတ်မထင်ရင် မထင်သလို စပြီးရိုက်လာပါတယ်။ ကျွန်မရဲ့ မျက်နှာနဲ့ ကျွန်မခန္ဓာကိုယ်ကို ရိုက်တယ်။ ကိုယ့်အမှားအတွက် ပြစ်ဒဏ်ခတ်ခံရတာလို့ သဘောထားပြီးတော့ရယ်၊ သူ့ကို အဆုံးအရှုံး မခံနိုင်တာရယ်ကြောင့် ကျွန်မ သည်းခံပေးခံပါတယ်။ အဲဒီနောက်မှာ သူက အဆင့်တက်လာပါတယ်။ ကျွန်မက စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ရင်မဆိုင်နိုင်တာ သူသိထားတယ်လေ။ အဲဒီနောက်မှာ စိတ်ရော၊ ကိုယ်ရော၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေပါ သူက လုပ်လာတော့တယ်။ လိင်ပိုင်းဆိုင်ရာ ထူးထူးဆန်းဆန်းတွေကိစ္စတွေ လုပ်လာတယ်။ ကျွန်မရဲ့ ခေါင်းကို အမှိုက်ပုံးထဲ ထိုးထည့်တာ၊ အိမ်သာထဲ ခေါင်းကိုနှစ်တာ၊ အိမ်သာထဲ ခေါင်းကိုနှစ်ပြီး ကျွန်မရဲ့ ကျင်ငယ်ရေကို ပြန်သောက်ခိုင်းတာတွေ လုပ်လာခဲ့ပါတယ်” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ပါယက်သည် ဇနီးသည် လူဗီဒင်းနှင့် အိမ်ထောင်သက် ၁၈ နှစ် ရှိနေပြီဖြစ်ကာ ရင်သွေး လေးဦး ထွန်းကားထားသည်။

ပါယက်၏ တိတ်တိတ်ပုန်းချစ်သူ ရှေ့နေ လာရစ်ဆာသည် လက်ရှိတွင် သူမနေထိုင်ရာ ရီယိုဒီဂျနေးရိုးမြို့မှ ထွက်ခွာ၍ အခြားသောတစ်နေရာ၌ စိတ်ပိုင်းဆိုင်ရာကုထုံးနှင့် စိတ်ရောဂါကုထုံးများကို ခံယူနေရကြောင်း ဆိုသည်။

Source: Metro