စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် တပ်ဖွဲ့ဝင်များကို စစ်ဆေးနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဧပြီလ ၁၅ရက်တွင် ထုတ်ပြန်သည်။
အင်းတော်မြို့တွင် အခိုင်အမာတည်ဆောက်ထားသည့် တပ်မ ၇၇ ရှေ့တန်းဌာနချုပ် ဂျပန်လှိုဏ်ဂူကို ဧပြီလ ၇ ရက်က တော်လှန်ရေးတပ်များက ဝန်းရံပိတ်ဆို့တိုက်ခိုက်စဥ် ဆုတ်ခွာထွက်ပြေးသွားသည့် ဗိုလ်မှူးချုပ်အောင်သက်ဦးနှင့် တပ်ဖွဲ့ဝင်များကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ဗိုလ်မှူးချုပ်အောင်သက်ဦးသည် တပ်မ ၇၇ တပ်မမှူးအဖြစ် တာဝန်မယူမီ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ကမ်းရိုးတန်း စစ်ဌာနချုပ်လက်အောက်ရှိ စစ်ဗျူဟာအဖွဲ့ (အခြေချ) ကော့သောင်းတွင် ယာယီဗျူဟာမှူး ၊ စစ်ဗျူဟာမှူးအဖြစ် ဒုတိယ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးရာထူးတို့ဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဌာန မှတ်တမ်းများအရ သိရသည်။
“လက်ရှိအချိန်မှာတော့ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို စစ်သုံ့ပန်းဆိုင်ရာမူဝါဒတွေနဲ့အညီ ထိန်းသိမ်းထားပြီး စစ်ဆေး မေးမြန်းမှုတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ စစ်သုံ့ပန်းတွေရဲ့ ထွက်ဆိုချက်၊ စစ်ဆေးတွေ့ရှိချက်တွေအပေါ် အခြေခံပြီး တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု (NUG) ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
ဗိုလ်မှူးချုပ်အောင်သက်ဦး ဖမ်းဆီးခံခဲ့ရသည့် အင်းတော်မြို့သိမ်းတိုက်ပွဲကို PDF တပ်ရင်းများ ၊ ABSDF ၊ KIA ၊ KPDF ၊ ပကဖနှင့် မဟာမိတ်များ ရှစ်လနီးပါးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ထံမှ တိုက်ပွဲအတွင်း ဟောင်ဝစ်ဇာ ၂ လက်အပြင် လက်နက်မျိုးစုံနှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်းအများအပြားရရှိခဲ့ကြောင်း သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။
အာဏာသိမ်းပြီးနောက် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က သေဆုံး၊ ပျောက်ဆုံး၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်အဆင့် ၂၇ ဦးထိ ရှိလာပြီဖြစ်ကြောင်း CDM စစ်သားများဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ပန်းတိုင် အဖွဲ့က ပြုစုထားသည့်မှတ်တမ်းများအရ သိရသည်။