ဘုတ်ပြင်းမြို့နယ်၊ ရွှေဂဲညိုကျေးရွာတွင် ယနေ့ ဧပြီလ ၁၆ ရက် နံနက် ၃နာရီဝန်းကျင်တွင် ပျူစောထီးခေါင်းဆောင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။
အသက် ၄၀ ဝန်းကျင်အရွယ် ဦးဌေးဝင်းသည် ရွှေဂဲညိုကျေးရွာတွင် လှည့်ကင်းစောင့်နေချိန် လက်နက်ကိုင်အဖွဲ့တစ်ခုက သေနတ်ဖြင့် အချက်ပေါင်းများစွာ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။
“သေနတ်နဲ့ အချက်ပေါင်း မနည်း ပစ်သတ်သွားတယ်။ ကျန်တဲ့ ပျူစောထီးတွေကိုတော့ ဘာမှမလုပ်ဘူး။ သူတို့ (လက်နက်ကိုင်အဖွဲ့တစ်ခု) ပြန်သွားတော့ သေနတ် ၈ လက် ပါသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
အဆိုပါ ပျူစောထီးခေါင်းဆောင်သည် ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ကျေးရွာဇာတိဖြစ်ပြီး ၂၀၂၄ ခုနှစ် နှစ်အလယ်ပိုင်း ဝန်းကျင်တွင် ရွှေဂဲညိုကျေးရွာသို့ ပြောင်းရွှေ့ကာ တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“သူက ရွှေဂဲညိုရွာသား မဟုတ်ဘူး။ ရွာမှာ ဒုက္ခလာပေးနေတာကြာပြီ။ လှေတွေမှာ ဆက်ကြေးတွေ လိုက်ကောက်တယ်။ ညဘက်တွေဆိုလည်း အပြင်မထွက်မရ အမိန့်တွေထုတ်တယ်။ ရွာသားတွေကို ခြိမ်းခြောက်ငွေတောင်းတယ်” ဟု အထက်ပါဒေသခံက ပြောသည်။
အဆိုပါပျူစောထီးခေါင်းဆောင်၏ ရုပ်အလောင်းကို ဘုတ်ပြင်းမြို့ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။
၎င်းကို လာရောက် ပစ်ခတ်သွားသည့်အဖွဲ့မှာ မည်သည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်ကိုမူ မသိရသေးပေ။